ဆီသိုလှောင်ကန်များတွင် ဇွန် ၁၆ ရက်အထိ စက်သုံးဆီ အလုံအလောက်ရှိကြောင်း ပြောကြားခဲ့ခြင်းနှင့် စက်သုံးဆီ ရည်ညွန်းစျေးနှုန်းထက်ပိုရောင်းပါက အရေးယူရန် စောင့်ကြည့်လျက်ရှိခြင်း

ဆီသိုလှောင်ကန်များတွင် ဇွန် ၁၆ ရက်အထိ စက်သုံးဆီ အလုံအလောက်ရှိကြောင်း ပြောကြားခဲ့ခြင်းနှင့် စက်သုံးဆီ ရည်ညွန်းစျေးနှုန်းထက်ပိုရောင်းပါက အရေးယူရန် စောင့်ကြည့်လျက်ရှိခြင်း
နှစ်အလိုက် အခွန်ကောက်ခံရရှိမှုအခြေအနေ(ဓာတ်ပုံ-ဗဟိုစာရင်းအင်းအဖွဲ့)
နှစ်အလိုက် အခွန်ကောက်ခံရရှိမှုအခြေအနေ(ဓာတ်ပုံ-ဗဟိုစာရင်းအင်းအဖွဲ့)
Published 6 June 2022

ဆီသိုလှောင်ကန်များတွင် ဇွန် ၁၆ ရက်အထိ စက်သုံးဆီအလုံအလောက် ရှိသည်ဟု  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ဇွန် ၁၆ ရက်အထိ ဒီဇယ်ဓာတ်ဆီအလုံအလောက် ရှိပါတယ်။ တချို့ဟာတွေက လမ်းခရီးမှာ ကြန့်ကြာနေတာရှိပါတယ်”ဟု ဇွန် ၁ ရက် နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အစိုးရအနေဖြင့် ဆီကုန်သည်များနှင့် ညှိနှိုင်းဆောင်ရွက်မှုများရှိနေပြီး လုပ်ဆောင်နိုင်သည့်အခြေအနေများကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ကုန်သည်တွေအနေနဲ့က လည်း ဒီနေ့ပေါက်စျေးပေါ်မှာ မူတည်ပြီးတော့ တွက်တာ။ သူတင်သွင်း လာရတဲ့စျေးတွေနဲ့ နောက်နေ့တွေမှာ စျေးတက်နိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ လမ်းခရီးမှာ ကြန့်ကြာနေတာတွေ ရှိပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ သို့သော် ကုန်သည်တွေ အနေနဲ့လည်း မရှုံးပါဘူး။ သူတို့ သွင်းလာတဲ့ စျေးနဲ့ ဒီနေ့ပေါက်စျေးနဲ့ မကိုက်လို့ ရှုံးတာလည်းရှိတယ်။ အဲဒီ အဟလေးကြားထဲမှာ တချို့နေရာတွေမှာ ရပ်တန့်နေတာတွေ ရှိပါတယ်။ အဲဒီလိုမျိုးမဖြစ်အောင် အစိုးရအနေနဲ့ ထိန်းညှိဆောင်ရွက်ပေးလျက်ရှိပါတယ်။ကျွန်တော်တို့ အနေနဲ့  စျေးကွက်စီးပွားရေးစနစ်မှာ ကမ္ဘာ့စျေးကွက်ပေါက်စျေးပေါ်မှာ မူတည်ပြီး အစိုးရရဲ့အခွန်ကို အနည်းဆုံးလျှော့ကောက်တာတွေ၊ ပြီးရင် ထိန်းညှိပေးတဲ့ လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိပြည်တွင်းစက်သုံးဆီ စျေးနှုန်းများ မြင့်တက်နေရခြင်းမှာ ကမ္ဘာ့ဆီစျေးနှုန်းမြင့်တက်မှုကြောင့် ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံအချို့နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းနည်းပါးသေး ကြောင်း၊ အစိုးရအနေဖြင့် အခွန်လျှော့ကောက်ပေးခြင်းများကို လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် အခွန်အရပ်ရပ် ကောက်ခံရရှိငွေ ကျပ် ၄၁၆၆၇၁ သန်း ကောက်ခံရရှိ   

၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် အခွန်အရပ်ရပ်ကောက်ခံရရှိငွေ ကျပ် ၄၁၆၆၇၁ သန်း ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန၏(ယာယီ)ထုတ်ပြန်ချက်ကို ကိုးကားပြီး စီမံကိန်းနှင်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟိုစာရင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း အခွန် ကောက်ခံရရှိမှုအနေဖြင့် အထူးကုန်စည်ခွန် ကျပ်၄၇၅၉၂ သန်း၊  ကုန်သွယ်လုပ်ငန်းခွန် ၉၈၈၆၇ သန်း၊ ဝင်ငွေခွန် ကျပ်၂၅၇၉၀၂ သန်း၊ တံဆိပ်ခေါင်းခွန် ၉၉၃၁ သန်း၊ အောင်ဘာလေသိန်းဆုခွန်၂၃၇၄ သန်း စသည်တို့ကို ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်  အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်း ၄၇၄၅ ဒသမ ၇၃၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန (IRD) ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

နှစ်အလိုက် ပြည်ထောင်စု၏ အခွန်ကောက်ခံရရှိမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်၆၅၁၇၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ် တွင် ၆၃၁၄၇၃၃ ဒသမ၆၅၇ သန်း၊၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၇၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ကြားကာလခြောက်လတွင် ကျပ် ၃၄၂၄၂၀၆ ဒသမ ၈၃၂ သန်း၊ ၂၀၁၈  - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃ ဒသမ၅၆၈ သန်း ရရှိခဲ့သည်။

နှစ်စဉ် ဝင်ငွေခွန်ရငွေ စာရင်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန် ကျပ် ၃၃၇၉ ဘီလျံ ကျော်ရရှိခဲ့ပြီး ယခင်နှစ်ထက် ကျပ် ၆၈၇ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

နှစ်စဉ်အထူးကုန်စည်ခွန် ရငွေစာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှစက်တင်ဘာအထိ ကျပ် ၁၂၆၆၉၁၂  ဒသမ ၄၂ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ကျပ် ၁၄၂၉၁၂၀ ဒသမ ၇၅ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီ မှ စက်တင်ဘာလအထိ ၆၀၄၉၂၄ ဒသမ ၂၄ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧပြီမှမတ်လအထိကျပ် ၁၂၄၀၂၁၄ ဒသမ ၁၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လတွင် ကျပ် ၉၉၄၂၃၅ ဒသမ ၇၃ သန်း  ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

နှစ်အလိုက် ကုန်သွယ်လုပ်ငန်းခွန်ရ ငွေစာရင်းအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအထိ ကျပ် ၁၈၇၇၈၅၁ ဒသမ ၇၇ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ မတ် လအထိ ကျပ် ၁၉၇၄၆၉၉ ဒသမ ၁၃  သန်း၊၂၀၁၈ ခုနှစ် ဧပြီမှစက် တင်ဘာလအထိ ကျပ် ၉၂၀၆၁၈ ဒသမ ၁၄ သန်း၊၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှစက်တင်ဘာလအထိ ကျပ် ၂၂၅၆၇၇၀ ဒသမ ၂၀ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ကျပ် ၂၁၁၀၁၈၇ ဒသမ ၂၁ သန်းရရှိခဲ့ကြောင်း  ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း (၂၀၁၉ ခုနှစ် အောက်တို ဘာမှ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း) အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၇၉၆၉ ဒသမ ၃၉၇ ဘီလျံကောက်ခံရန် လျာထားပြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံသည့် ဝင်ငွေခွန်မှ ကျပ် ၂၄၇၃ ဒသမ ၆၈၅ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၂၂၂၇ ဒသမ ၉၆၄ ဘီလျံ၊ အထူးကုန်စည်ခွန်မှ ကျပ် ၁၃၄၈ ဒသမ ၅၄၁ ဘီလျံ၊ ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်မှ ကျပ် ၈၅ ဒသမ ၄၀၇ ဘီလျံ၊ အောင်ဘာလေ သိန်းဆုခွန်မှ ကျပ် ၁၆၅ ဘီလျံအထိ ရရှိရန် မျှော်မှန်းထားခဲ့သည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၈၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ကျပ် ၄၄၅၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၄၂၃ ဘီ လျံ၊ ၂၀၁၈ ဧပြီ-စက်တင်ဘာ ခြောက်လတာ ကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၇၇၉၁ ဘီလျံ ကောက်ခံနိုင်ခဲ့သည်။

စက်သုံးဆီကို အခွန်အနည်းငယ်သာ ကောက်ခံလျက်ရှိပြီး စျေးနှုန်းများကို စောင့်ကြည့်လျက်ရှိ

စက်သုံးဆီကို အခွန်အနည်း ငယ်သာ ကောက်ခံလျက်ရှိပြီး စက်သုံးဆီစျေးနှုန်းများကို ကြပ်မတ် စောင့်ကြည့်နေကာ ရည်ညွန်းစျေးနှုန်းထက် ပိုရောင်းပါက အရေးယူရန် စောင့်ကြည့်လျက်ရှိကြောင်း ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)က ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီများကို စင်ကာပူမှ ဝယ်ယူတင်သွင်းနေခြင်းဖြစ်ပြီး အများပြည်သူ  သက်သာသော စျေးနှုန်းများဖြင့် ဝယ်ယူနိုင်ရန် စက်သုံးဆီအတွက် အခွန်ရာခိုင်နှုန်း အနည်းငယ်သာ ကောက်ခံလျက်ရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် စင်ကာပူ နှစ်နိုင်ငံကို နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံထက် စင်ကာပူနိုင်ငံ၏ ဓာတ်ဆီစျေးနှုန်းမှာ ၇၉ ရာခိုင်နှုန်း၊ ဒီဇယ်စျေးနှုန်းမှာ ၅၇ ရာခိုင်နှုန်း ပို၍များနေကြောင်း၊ အချို့နိုင်ငံများမှာ စက်သုံးဆီ ဝယ်ယူတင်သွင်းမှုအပေါ်အခွန်ကောက်ခံမှုများသဖြင့် မြန်မာနိုင်ငံထက် စျေးနှုန်းပို၍များလျက်ရှိသော်လည်း မလေးရှားနိုင်ငံတွင်မူ အစိုးရက (Subsidize)ထပ်ဆောင်း ဖြည့်ဆည်းပေးသဖြင့် မြန်မာနိုင်ငံထက် ရာခိုင်နှုန်း ၆၀ သက်သာနေခြင်းဖြစ်ကြောင်း PPRD က ထုတ်ပြန်သည်။

စက်သုံးဆီစျေးနှုန်းများကို တရားဝင်ငွေလဲနှုန်း ကျပ် ၁၈၅ဝဖြင့် တွက်ချက်ပါက ဓာတ်ဆီ တစ်လီတာ ကျပ် ၂၂၄၀  (၁ဒသမ၂၁ ဒေါ်လာ)၊ ဒီဇယ် တစ်လီတာ ကျပ် ၂၄၅၀ (၁ ဒသမ ၃၂၄ဒေါ်လာ)ဖြစ်ပြီး ပြည်တွင်း စက် သုံးဆီစျေးနှုန်းမှာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သင့်တင့်သော စျေးနှုန်းတစ်ရပ်ဖြင့် ဖြန့်ဖြူးနေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် အဖွဲ့ဝင် ၁ဝဦး ပါသည့် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းသိမ်းကြပ် မတ်လျက်ရှိသည်ဟု သိရသည်။

ယင်းကော်မတီက စက်သုံးဆီ နေ့စဉ် စျေးနှုန်းများကို ထုတ်ပြန်ပေးနေပြီး ရည်ညွှန်းစျေးနှုန်းများကို သတ်မှတ်ရာ၌ စင်ကာပူနိုင်ငံ၏ နေ့စဉ် MOPS Price အပေါ်အခြေခံပြီး သယ်ယူစရိတ်၊ ပရီမီယံအာမခံကြေး များ၊ အခွန်အခများ၊ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်များနှင့် သင့်တင့်သည့် အမြတ်ရာခိုင်နှုန်းများကို ထည့်သွင်းတွက်ချက်၍ ရန်ကုန်မြို့အရောက် ရည်ညွှန်းလက်ကားစျေးကို လည်းကောင်း၊ အဆိုပါ ရည်ညွှန်းလက်ကားစျေးအပေါ် သင့်တင့်မျှတသော ပျမ်းမျှသယ်ယူ ပို့ဆောင်စရိတ်များ ထပ်ပေါင်းပြီး တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအလိုက် ဖြစ်သင့်သည့် ရည်ညွှန်း လက်လီစျေးနှုန်းများကိုလည်းကောင်း တွက်ချက်၍ ထုတ်ပြန်ပေးနေကြောင်း သိရသည်။

အဆိုပါစျေးနှုန်းများအတိုင်း ဖြန့်ဖြူး၊ ရောင်းချမှုရှိစေရေးကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အလေးထားဆောင်ရွက်နေပြီး ရည်ညွှန်းစျေးနှုန်းထက် ပိုမိုရောင်းချသည့် အရောင်းဆိုင်များအား ခံဝန်ကတိရယူ၍ သတိပေးထားကြောင်း၊ ထို့ပြင်နယ်မြို့များတွင် ထပ်ဆောင်း သယ်ယူစရိတ်များကြောင့် စျေးနှုန်း ကွာဟမှုများ ရှိနေသည့်အတွက် မြို့နယ်အလိုက် ရည်ညွှန်းစျေးနှုန်းများ ထုတ်ပြန်ပေးနိုင်ရန် ဆက်လက်ဆောင်ရွက်နေသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) မှလည်း အသေးစားနှင့်အလတ်စား စက်သုံးဆီဆိုင်လုပ်ငန်းများကော်မတီကို ထပ်မံဖွဲ့စည်းပြီး လက်လီအရောင်းဆိုင်များ၏ လိုအပ်ချက်များကို Imposter ထံမှ တိုက်ရိုက်ဝယ်ယူခွင့်ရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း၊ ယင်းကဲ့သို့့ Imposter ကုမ္ပဏီများထံမှ တိုက်ရိုက်ဝယ်ယူရောင်းချခြင်းဖြင့် သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်မည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် ပြည်တွင်း စက်သုံးဆီလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းခန့်သာ ပြည်တွင်းမှ ထုတ်လုပ်နိုင်ခြင်း ဖြစ်ပြီး ကျန် ၉၀ ရာခိုင်နှုန်းခန့်အား ပြည်ပမှ တင်သွင်းအသုံးပြုနေရခြင်း ဖြစ်သည်။

Most Read

Most Recent