ဆော်ဒီအာရေဗျနိုင်ငံမှ ကားဝပ်ရှော့တစ်ခုက နဂိုတွေ့နေကျမဟုတ်သည့် ကား စက်ပြင်သမားအသစ်များကို မွေးထုတ်ပေးလျက်ရှိသည်။ ထိုသူများမှာ လွန်ခဲ့သည့်လေးနှစ်က ယာဉ်မောင်းနှင်ခွင့်ပင် မရသေးသည့် ဆော်ဒီအမျိုးသမီးများပင်။
နိုင်ငံ၏ အလုပ်သမားအင်အားစုတွင် အမျိုးသမီးထုကြီး ပိုမိုပါဝင်လာရေး ရည်မှန်းချက်ကို တစ်တပ်တစ်အား ဖြည့်ဆည်းသည့်အနေဖြင့် ပင်လယ်နီဆိပ်ကမ်းမြို့ ဂျက်ဒါတွင် ဖွင့်ထားသည့် ပက်ထရိုမင် ကားဝပ်ရှော့၌ အင်ဂျင််ဝိုင်စစ်ဆေးခြင်း၊ ကားတာယာလဲခြင်း စသည့်ဝန်ဆောင်မှုများကို အသစ်ခန့်ထား သည့် အမျိုးသမီးစက်ပြင်များက အမျိုးသား စက်ပြင်များနှင့်အပြိုင် ဆောင်ရွက်ပေးနေ လေသည်။
သို့သော် ယောကျ်ားကြီးစိုးသည့်အလုပ် နယ်ပယ်တစ်ခုကို ဝင်ရောက်သည်ကတစ်ကြောင်း၊ ပိုဆိုးသည်က ယောကျ်ားကြီးစိုးသော ရှေးရိုးစွဲမွတ်စလင်နိုင်ငံဖြစ်နေ၍တစ်ကြောင်း ထိုအမျိုးသမီးစက်ပြင်များမှာ အဟန့်အတားများနှင့် ကြုံရမည်မုချပင်။
အချို့ကလည်း အလုပ်ဝင်စလများက သူတို့ကိုယ်သူတို့ မဝံ့မရဲဖြစ်ကြ၊ ဆွေမျိုးအသိုင်းအဝိုင်းက လက်မခံကြ၊ ကားလာပြင်သူအချို့ဆိုလျှင် ၎င်းတို့ကို ရန်လုပ်သည်အထိ ခွဲခြားဆက်ခံခဲ့ကြဟု AFP သတင်းဌာနသို့ ဖွင့်ဟပြောဆိုထားခြင်းများ ရှိသည်။
ကားဝပ်ရှော့ကိုလာသည့် အသက်ကြီးကြီး အမျိုးသားတစ်ဦးဆိုလျှင် ၎င်း၏ကားနား အမျိုးသမီးဝန်ထမ်းများ ရှိနေသည်ကို မလိုချင်ဟု ပြောဆိုကာ အမျိုးသမီးအားလုံးကို ချက်ချင်းမောင်းထုတ်ခိုင်းသည်ဟု ထိုဝပ်ရှော့ တွင်လုပ်ကိုင်သူ ဂါဒါအာမက်က ပြောသည်။
“စစချင်းတော့ ကျွန်မတို့ကို အယုံအကြည်မရှိတာ ပုံမှန်ပါပဲလေ။ဘာလို့လဲဆိုတော့ ကျွန်မတို့က မိန်းမသားတွေဖြစ်နေ တာကိုး။ မိန်းမတစ်ဦးရဲ့ လုပ်ရည်ကိုင်ရည်ကို သူဘယ်ယုံပါ့မလဲ။ ဒီနယ်ပယ်မှာ နှစ်ပေါင်းများစွာ ယောကျ်ားတွေပဲ တွေ့လာရတော့ အခု မိန်းမတွေကိုလည်း တွေ့ရော အထူး အဆန်းဖြစ်နေတာပေါ့” ဟု အာမက်က ဆိုသည်။ ဆက်ပြီး ၎င်းက ပြောသေးသည်။
“လက်တွေ ရောင်ကိုင်းပြီး အိမ်ပြန်ခဲ့ရတဲ့ အချိန်တွေ ရှိတယ်။ ဒီအလုပ်က ငါနဲ့ မကိုက်ဘူး၊ ကြည့်ရတာ သူတို့ ပြောတာတွေ မှန်နေပါပြီလေ ဆိုပြီး ငိုလည်း ငိုမိတယ်”။ သို့သော် ခွန်အားဖြစ်စရာများလည်း ကြုံလာရသည်။ “ ယောကျ်ားတစ်ဦးကတော့ လာပြောတယ်။ နင့်အတွက် သိပ်ဂုဏ်ယူတာပဲ၊ နင်က ငါတို့ခေါင်းပေါ်က သရဖူလိုပဲတဲ့”ဟု ဂါဒါ အာမက်က အားတက်ဖွယ် ၎င်းအတွေ့အကြုံကို မျှဝေခဲ့သည်။
ခင်ပွန်းများကလည်း အားပေးကူညီဖော်ရ
ယောကျ်ားကြီးစိုးသည့် နိုင်ငံ၊ ယောကျ်ားသားတို့၏ သဘောဆန္ဒသည်လည်း အရေးကြီးပါဘိ။ ဂျက်ဒါမြို့ရှိ အမျိုးသမီးစက်ပြင်များ၏အဆိုအရ ခင်ပွန်းသည်များ၏သဘော တူခွင့်ပြုချက်မပါလျှင် ၎င်းတို့ အလုပ်သွားလုပ်ကိုင်နိုင်မည်မဟုတ်ပေ။
ကလေး လေးဦးမိခင် အသက် ၄၄ နှစ် အရွယ် အိုလာဖလင်ဘန်သည် ဆိုရှယ်မီဒီယာတွင် ဝပ်ရှော့အလုပ်နှင့်ပတ်သက်ပြီး တွေ့ခဲ့ ရာ လျှောက်ခွင့်ပြု ၊ မပြု ခင်ပွန်း ရာဖတ်ဖလင်ဘန်ကို အရင်မေးရသေးသည်။ ရာဖတ်က သဘောတူသည့်အပြင် ဇနီးဖြစ်သူ အင်တာဗျူးအတွက် အထောက်အကူဖြစ်အောင် ကားအပိုပစ္စည်းများအခေါ်အဝေါ်ကို သင်ပေးခဲ့သည်။
“ခုဆို အင်ဂျင်ဝိုင် ဘယ်လိုလဲတယ်၊ ကားဘယ်လို စစ်တယ် ၊ ကားမျိုးအစုံအလင် သူ အတွေ့အကြုံရှိသွားပြီ။ ကျွန်တော့်ကားတောင် သူစစ်ပေးတယ်” ဟု ရာဖတ်က ဆိုသည်။ မိသားစု၏အားပေးမှုကြောင့် အိုလာဖလင်ဘန်၏ အလုပ်တွင် ပို၍အဆင်ပြေလာခြင်းဖြစ်သည်။
“ဒီလိုနယ်ပယ်မှာ မိန်းမတွေ အလုပ်ဝင်နေလို့ သူတို့ကအံ့သြနေကြတာ။ ဘယ်လိုဖြစ်လို့များ ဒီအလုပ်ကို စိတ်ဝင်စားကြတာလဲလို့လည်း မေးကြတယ်။ သူတို့ အမေးအများ ဆုံးက အဲဒါပဲ”ဟု အိုလာက ပြောပြန်သည်။
အင်ဂျင်ဝိုင်လဲရန် ငွေရောင်ဆလွန်းကားဖြင့် ရောက်လာသည့် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကလည်း အမျိုးသမီးစက်ပြင်က အင်ဂျင်ဝိုင်လဲပေးမည်ဆိုသည့်အတွက် အံ့အားသင့်မိသွားသည်ဟု ပြောသည်။ တစ်ဆက်တည်း ၎င်းက “သူတို့ ဒီမှာ ရှိနေမှတော့ သူတို့ သင်ထားပြီးပြီပဲဖြစ်ရမယ်။ ကျွန်တော့်ကားကို ကျွန်တော့်ထက် သူတို့က ပိုသိချင်သိနေမှာ”ဟု ဆိုသည်။
ပက်ထရိုမင်ဝပ်ရှော့လုပ်ငန်း ဒုတိယ ဥက္ကဋ္ဌတာရစ်ခ်ဂျာဗတ်က ယခုခြေလှမ်းသည် နောက်ထပ်အမျိုးသမီးများ မော်တော်ယာဉ်နယ်ပယ်သို့ ဝင်ရောက်လာအောင် တွန်းအား ဖြစ်စေလိမ့်မည်ဟု ၎င်းတို့ကုမ္ပဏီက ယုံကြည်ကြောင်း ပြောဆိုထားကာ၊ အင်ဂျင်ဝိုင်၊ ဘက်ထရီ၊ တာယာ၊ အဲကွန်းစသည့် မော်တော်ယာဉ်ဆိုင်ရာ လိုအပ်ချက်များအားလုံးကို အမြန်ဝန်ဆောင်မှုပေးနိုင်အောင် ကုမ္ပဏီက သင်ကြားပေးထားသည်။
မိန်းမသားချင်းဖြစ်၍ ပိုသက်သောင့်သက်သာရှိ
ပက်ထရိုမင်၏ခြေလှမ်းကြောင့် အကျိုးအများဆုံးရှိလာနိုင်သူက မြို့ပြ၏အမျိုးသမီး ယာဉ်မောင်းများပင်ဖြစ်သည်။ “သူတို့ကားကို ကြည့်ပေးတဲ့သူက မိန်းမဆိုတော့ မိန်းမသားချင်း ပိုသက်သောင့်သက်သာရှိတာပေါ့။ တချို့မိန်းမတွေက ယောကျ်ားတွေနဲ့ ပြောဆိုရမှာကို ရှက်တတ်ကြတယ်။သူတို့ကားကိုဘာလုပ်ပေးလိုက်မလဲလည်း မသိကြဘူး။ဒါပေမဲ့ မိန်းမသားချင်းကျတော့ စကားပြောရတာ သူတို့ ပိုလွတ်လပ်တာပေါ့” ဟု လုပ်သက် ခြောက်လ ရှိပြီဖြစ်သည့် အသက် ၃၀ အရွယ် အန်ဂမ်ဂျက်ဒါဝီက ပြောသည်။
ဂျက်ဒါဝီအဖို့ တစ်ချိန်က ဆော်ဒီအမျိုး သမီးတစ်ဦးအတွက် မဖြစ်နိုင်ဟုထင်ခဲ့မိသည့် မော်တော်ကားနယ်ပယ်သို့ ခြေချရေးရည် မှန်းချက်မှာ အမှန်တကယ်ဖြစ်လာပြီး ယခုလည်း ယာဉ်မောင်းလိုင်းစင် ဖြေရန် ကြိုးစားလျက်ရှိသည်။ “လမ်းခုလတ်မှာကားတစ်စုံ တစ်ခုဖြစ်ခဲ့ရင် ဘယ်လိုပြင်ရမလဲ အခု သိသွားပြီ”ဟုလည်း ၎င်းက ဆိုသည်။
၂၀၁၈ အလွန် အပြောင်းအလဲ
အစဉ်အလာအားဖြင့် ဆော်ဒီအမျိုးသမီးများသည် မိသားစုဝင်မဟုတ်သည့် အမျိုးသားများနှင့် တစ်တန်းတည်း ရောထွေး နေခွင့်မရှိ။ သို့သော် ရေနံကိုမှီခိုနေရသည့် နိုင်ငံ့စီးပွားရေး ပိုတောင့်တင်းလာအောင်လည်း ရည်ရွယ်၊ နိုင်ငံ၏ရှေးရိုးစွဲပုံရိပ် ပျော့ပျောင်းလာအောင်လည်း ရည်ရွယ်သည့် ဆော်ဒီအိမ်ရှေ့စံ၏ ၂၀၃၀ အနာဂတ်မျှော်မှန်းချက်များ အရ အမျိုးသမီးထုအခွင့်အလမ်း ပိုမိုပွင့်လန်းလာရေးသည် ပဓာနကျနေသည်။
အကြီးမားဆုံးပြောင်းလဲခြင်း အရွေ့က ၂၀၁၈ ခုနှစ်တွင် စတင်လိုက်သည်။ ထိုနှစ်တွင် အိမ်ရှေ့စံ မိုဟာမက်ဘင်ဆယ်လ်မန်က အမျိုးသမီးများကို မော်တော်ယာဉ် မောင်းနှင်ခွင့် ဆယ်စုနှစ်များစွာကြာ တားမြစ်ထားသည့် အမိန့်ကို ရုပ်သိမ်းပေးခဲ့သည်။ထိုအမိန့် ပျောက်ပျက်သွားသည့် ၂၀၁၈ ခုနှစ်မှ စပြီးကားမောင်းလိုင်စင်ရထားသူအမျိုးသမီး နှစ်သိန်းကျော် ရှိလာလေပြီ။
ထို့ပြင် အမျိုးသားများကအမျိုးသမီး မိသားစုဝင်များကို အကြွင်းမဲ့ချုပ်ကိုင်စီမံခွင့် ပြုထားသည့် အုပ်ထိန်းခွင့်စနစ်ကိုလည်း ဆော်ဒီအစိုးရက ဖြေလျှော့ပေးလာပြီး ဆန့် ကျင်သူများကိုနှိပ်ကွပ်တတ်သူဖြစ်သော်ငြား ထိုသို့ပြုပြင်ပြောင်းလဲမှုများကြောင့် ဆော်ဒီ အိမ်ရှေ့စံသည် အမျိုးသမီးများအခွင့်အရေးအတွက် ရပ်တည်ကာကွယ်သူဆိုသည့်ဂုဏ် ပုဒ်ကိုရလာသည်။
ပြီးခဲ့သည့် မေတွင်မူ ဆော်ဒီအမျိုးသမီး ထုလုပ်ပိုင်ခွင့်ပိုရလာသည့် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဆော်ဒီအစိုးရပိုင်လေကြောင်းလိုင်း Saidia လက်အောက်ရှိ စရိတ်နည်းလေကြောင်းလိုင်း Flyadeal မှ လေကြောင်း ခရီးစဉ်တစ်ခုကိုအမျိုးသမီးလေယာဉ်အမှုထမ်းများဖြင့်သာ ပျံသန်းခဲ့သည်။
၂၀၁၉ ခုနှစ်ကလည်း လေယာဉ်ခရီးစဉ်တစ်ခုတွင် ဆော်ဒီအမျိုးသမီးတွဲဖက်လေယာဉ်မှူးတစ်ဦး ပထမဆုံးအကြိမ် ပါဝင်ခွင့်ပြုလိုက်သည်ဟု ဆော်ဒီလေကြောင်း အာဏာပိုင်အဖွဲ့က ကြေညာခဲ့သည်။
လူနေမှုစရိတ်ကလည်းကြီး၊ တစ်ဖက်တွင်လည်း အမျိုးသမီးများ လုပ်ငန်းခွင်ဝင် ရောက်မှုကို လက်ခံပေးလာကြသည့်အတွက် သန်းပေါင်းများစွာသော ဆော်ဒီအမျိုးသမီးများသည် အလုပ်အကိုင်များ ရှာဖွေလာကြပြီး မနှစ်က နိုင်ငံအလုပ်သမားအင်အား၏ သုံးပုံတစ်ပုံကျော်သည် အမျိုးသမီးများ ဖြစ်နေသည်ဟုအစိုးရစာရင်းအင်းများတွင် ထုတ်ပြန်ခဲ့သည်။
၂၀၃၀ ပြုပြုပြောင်းလဲရေးရည်မှန်းချက်များ၏ အရေးကြီးအစိတ်အပိုင်းအဖြစ် ဆော်ဒီအာရေဗျနိုင်ငံသည် ပြည်ပအလုပ်သမားများနေရာတွင် ဆော်ဒီနိုင်ငံသားများကို ဦးစားပေးခန့်အပ်ရမည်ဆိုသည့် ပေါ်လစီဖြင့်လည်း ရှေ့သို့ ချီတက်လျက်ရှိသည်။










