မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြား စောင့်တပ်ဖွဲ့များအကြား ဒေသကွပ်ကဲရေးမှူးအဆင့် အစည်းအဝေးကို ဇွန် ၁ ရက် မြန်မာ စံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မြန်မာနိုင်ငံ မောင်တောမြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြု လုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များအနီး အဆောက်အဦ ဆောက်လုပ်မှုများဖျက်သိမ်းရေး၊ နယ်စပ်ဒေသအတွင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ လှုပ်ရှားနေမှုသတင်းများနှင့်စပ်လျဉ်း၍ အပြန်အလှန်သတင်းဖလှယ်ပေးရန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်များအတွင်းနှင့် နယ်စပ်တစ်လျှောက် နတ်မြစ်အား ဖြတ်ကျော်သွားလာ လှုပ်ရှား၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ ကျူးလွန်မှုများနှင့်ပတ်သက်၍ မြေပြင်သတင်း စုံစမ်းဖော်ထုတ်ရေးနှင့် တားဆီးနှိမ်နင်းရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ခြံစည်းရိုးအား တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုများအား ထိရောက်စွာတားဆီးပေးနိုင်ရေး၊ နှစ်နိုင်ငံနယ်ခြား စောင့်တပ်ဖွဲ့များအကြား ပူးတွဲကင်းလှည့်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ သတင်းအချက်အလက်ဖလှယ် မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဆက် ဆံရေးရုံး (မောင်တော-တက္ကနာ့ဖ်) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်လေး စားမှုတို့ ပိုမိုဖြစ်ထွန်းနိုင်ရေးအတွက် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ၊ ယဉ်ကျေးမှု ဖလှယ်မည့်ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ ပြုလုပ်နိုင်ရေး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ်ထက်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ ဒေသကွပ်ကဲမှုဌာနချုပ် (ကော့စ်ဘဇ္ဇား) မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် Najm-Us-Sakib ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။















