နစကဥက္ကဋ္ဌနှင့် UWSP ဒုတိယဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့်ပတ်သက်၍ UWSP ဘက်မှ သဘောတူ

နစကဥက္ကဋ္ဌနှင့် UWSP ဒုတိယဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့်ပတ်သက်၍ UWSP ဘက်မှ သဘောတူ
Published 30 May 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုတို့ နေ့(မေ ၃၀ ရက်)တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုအရ တွေ့ဆုံဆွေးနွေးမည်ဟု အကြောင်းပြန်ထားသည့် အဖွဲ့များအနက် ယနေ့တွေ့ဆုံဆွေးနွေးခဲ့သည့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) သည် စတုတ္ထမြောက်အဖွဲ့ဖြစ်သည်။

ထိုသို့​​တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းမှုရရှိမှသာလျှင် ဒေသတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေးကို ပိုမိုသွက်လက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် တိုင်းပြည်၏လိုအပ်ချက်၊ ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက်များနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးမှစ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်စား လုပ်ဆောင်သွားရန် လိုအပ်သည့် အခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်မှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူဖြစ်စေနိုင်မည့် အခြေအနေများ၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့နောက် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုနှင့် အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့်ပတ်သက်၍ 'ဝ' ပြည်သွေးစည်းညီညွှတ်ရေးပါတီ(UWSP)မှ သဘောတူညီကြောင်းနှင့် သဘောတူညီချက် အမြင်များကို ပြန်လည်ဆွေး​​​နွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့ကြောင်း သတင်းထုတ်ပြန်မှူအရ သိရသည်။

ထို့အတူ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

အထက်ပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး UWSP ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုနှင့်အတူ ပြင်ပဆက်ဆံရေး ဒုဌာနကြီးမှူး ဦး​​ပေါင်အိုက်ကော်နှင့် ပြင်ပဆက်ဆံရေးဌာန၊ လာရှိုးမြို့ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦး​​ဆောင်သည့်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့်ကောင်စီဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent