မူနှင့် မူဝါဒများကို လက်တွေ့ ချမှတ် တည်ဆောက် အသုံးပြုခြင်း

မူနှင့် မူဝါဒများကို လက်တွေ့ ချမှတ် တည်ဆောက် အသုံးပြုခြင်း
Published 30 May 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူသည် “မူများ” (Principle) ခေါင်းစဉ်နှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ဝေခဲ့သည့် WEEKLY ELEVEN News,No.01,Vol 17 တွင်သော်လည်းကောင်း၊ “မူဝါဒ” ခေါင်းစဉ်နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ထုတ်ဝေခဲ့သည့် The Daily Eleven Newspaper တွင်သော်လည်းကောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု “မူနှင့် မူဝါဒ” အကြောင်းအရာ နှစ်ရပ်ကို ပေါင်းပြီး လက်တွေ့ချမှတ် တည်ဆောက် အသုံးပြုခြင်းကို ရေးသားတင်ပြပါမည်။

ရေးသားတင်ပြရန် ဖြစ်ပေ ါ်စေခဲ့သည့်အကြောင်းရင်းမှာ စာရေးသူသည် “လောကပါလ တရားများ ပျက်သုဉ်းပျောက်ကွယ်စေခဲ့ခြင်” ခေါင်းစဉ်နှင့် ဆောင်းပါးကလေး တစ်ပုဒ် တင်ပြနိုင်ရန် လေ့လာစဉ် မိမိတို့ တိုင်းပြည်နိုင်ငံ၏ ပကတိ ဖြစ်ရပ်မှန်များကို လေ့လာဖတ်ရှုကြည့်ခဲ့မိရာတွင် အကြောင်းအမျိုးမျိုးကို အခြေခံလျက် “မူနှင့်မူဝါဒ” ကို စနစ်တကျ သိမြင်နားလည်လာစေရန် ကြိုးပမ်းအားထုတ်ခြင်း မပြုကြဘဲ ဖြစ်သလို ထင်သလို အရင်စလို ကျင့်သုံးဆောင်ရွက်နေခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။

ထိုကဲ့သို့ ဖြစ်ပေါ်စေခဲ့သည့် အခြေခံအကြောင်းရင်းတစ်ရပ်မှာ တိုင်းပြည် နိုင်ငံတော်ကို တည် ဆောက်ကြခြင်းထက် တိုင်းပြည် နိုင်ငံတော်၏အချုပ်အခြာအာဏာကိုရယူရေး၊ ရရှိစေရေး၊ တည်မြဲစေ ရေးသည်သာ အဓိက ဖြစ်စေခဲ့သည့် အတွက်ကြောင့် ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စုစုပေါင်း ၄၉ နှစ်တာကာလအတွင်း စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတွင် ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် အခြေအနေကို စာအုပ်စာစောင်များတွင် တွေ့ရှိရသည့်အချက်များနှင့် စာရေးသူ ကိုယ်တိုင် တွေ့ကြုံ ခံစား သိမြင်ရ သည်များကို အခြေခံကာ အောက်ပါအတိုင်း ကောက်ချက်ချလိုပါသည်။

အောက်ဖော်ပြပါကောက်ချက်သည် ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ် ကာလအတွင်း မြန်မာနိုင်ငံ၏ အခြေ အနေအတွက်သာဖြစ်ပါသည်။ ကျန်ကမ္ဘာ့နိုင်ငံများတွင် တွေ့ရှိရမည့် အခြေအနေများနှင့် နှိုင်းယှဉ်ပါက လွန်စွာကွာခြားနိုင်ပါသည်။ စာဖတ်သူများအနေဖြင့်လည်း ဝေဖန်သုံး သပ်စဉ်းစားပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။

တိုင်းပြည် နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ အလုံးစုံကို လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်က တာဝန်ယူချုပ်ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ငြိမ်ဝပ်ပိပြားမှု (Law and Order) ကို တည် ဆောက်ရာတွင် တားဆီးခြင်း၊ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ ထောင် သွင်းအကျဉ်းချခြင်း၊ ညှဉ်းပန်းနှိပ် စက်ခြင်း၊ သတ်ဖြတ်ခြင်း စသည်တို့ကို လက်နက်အင်အား အခြေခံသည့် နည်းလမ်းများကိုသာ အသုံးပြုကြမည်ဖြစ်ပြီး အထက်ပါကဲ့သို့ နည်းလမ်းများကို အသုံးပြုခြင်းကြောင့် တရားဥပဒေစိုးမိုးရေး ( The Rule of Law) တည်ဆောက်နိုင်ရန်မှာ မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားစေပါသည်။

ထို့ပြင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ အလုံးစုံကို ချုပ်ကိုင်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းက အစိုးရတစ်ရပ်အဖြစ် တည်ထောင်ပြီး ရပ်တည်ဆောင်ရွက်မည် ဆိုပါက အစိုးရကို အတိုက်အခံပြုမည့် အဖွဲ့အစည်းများသည်လည်း လက်နက်ကိုင် အဖွဲ့အစည်းများ အဖြစ်သို့ အလိုအလျောက် ဖြစ်ထွန်း ပေါ်ပေါက်လာစေမည် ဖြစ်ပါသည်။ အကျိုးဆက်အဖြစ် နိုင်ငံသားများ၏ အသက်ပေါင်း မြောက်မြားစွာ သေ ကျေပျက်စီးစေပါမည်။ “လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်က နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ရယူထားသည့် အချိန်ကြာမြင့်လေ၊ တိုင်းပြည် နိုင်ငံတော် ချွတ်ခြုံကျလေ” ဖြစ်ပါမည်။

နောက်ဆုံး ချုပ်ရပါလျှင် “ကြက်ဥနှင့်ကြက်မ” ဘယ်က စတင်သည်ကို အစရှာမရသကဲ့သို့ “ဂျာအေး သူ့အမေရိုက်” ဖြစ်နေကြသည်မှာ “လက်နက်ကိုင်ဆန့်ကျင် တိုက်ခိုက်မှုများကြောင့် လက်နက် ကိုင်အဖွဲ့အစည်း တစ်ရပ်က နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အချိန်ကြာမြင့်စွာရယူတယ်။ အစိုးရ ဖွဲ့တယ်။ လက်နက်ကိုင်အဖွဲ့အ စည်းတစ်ရပ်က အစိုးရဖွဲ့ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားသည့်အတွက် အစိုးရကို ဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ အလိုအလျောက် ပေါ် ပေါက်လာစေတယ်” စသည်ဖြင့် ဆိုးဝါးသံသရာတွင် လည်ပတ်လျက် တည်ရှိဖြစ်ပေါ်နေသည်မှာ ယနေ့ ထက်တိုင်ဖြစ်ပါသည်။

အသေးစိတ် တင်ပြရပါလျှင် တိုင်းပြည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်က ရယူချုပ် ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် အလိုအလျောက် စစ်ဘောင်ကျယ်လာမည်ဖြစ်ပါသည်။ စစ်ဘောင်ကျယ်လာသည်နှင့် လူအသေအပျောက် များပြားလာမည်ဖြစ်ပါသည်။ လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်က အချုပ်အခြာအာဏာရယူသည့် သက်တမ်းကာလ ကြာမြင့်လေ တိုင်းပြည်နိုင်ငံတွင်နေထိုင်လျက်ရှိ ကြသည့် ပြည်သူပြည်သားများ၏ အသက်အိုးအိမ်နှင့် ပစ္စည်း ဥစ္စာများ ပျက်စီးဆုံးရှုံးလေ ဖြစ်ပါမည်။ ထို့ပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့ကို စနစ်တကျ အခြေပြု တည်ဆောက်နိုင်ခြင်းမရှိ တော့ဘဲ လူ့အဖွဲ့အစည်းက တန်ဖိုးထားရှိသည့် စံတန်ဖိုးများ၊ ယဉ်ကျေး မှုဓလေ့ထုံးစံများ၊ လူအချင်းချင်း လေးစားတန်ဖိုးထားမှုများကိုပါ တိုက်စားပျောက်ကွယ်သွားစေပါသည်။

သို့သော်လည်း တိုင်းပြည်နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်စေရန်မှာ ဂုဏ်သိက္ခာရှိပြီး ပရော်ဖက်ရှင်နယ်ဖြစ်သည့် ရဲတပ်ဖွဲ့နှင့် စည်းကမ်းပြည့်ဝပြီး ခိုင်မာတောင့်တင်း အားကောင်းသည့် တပ်မတော်စသည့် လက်နက်ကိုင် အဖွဲ့အစည်း များမှာ မဖြစ်မနေ တည်ဆောက်ဖွဲ့ စည်းထားရှိရန် လိုအပ်ပါသည်။

အထက်ဖော်ပြပါ ဆိုးဝါးပြင်း ထန်သည့် အခြေအနေကိုထိန်းကျောင်းနိုင်စေရန်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်က အချိန်ကြာမြင့်စွာ ရယူထားခြင်းမျိုးကို ရှောင်ရှားနိုင်ကြစေရန်နှင့် လက်နက်ကိုင် အဖွဲ့အစည်းမဟုတ်သည့် နိုင်ငံရေး အဖွဲ့အစည်းများက နိုင်ငံ တော်၏ အချုပ်အခြာအာဏာကို ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်သည့် အချိန်တွင်လည်း “မူ”  နှင့် “မူဝါဒ” များကို စနစ်တကျ ကွဲပြားစေရန် ခွဲခြားကာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြရမည်ဖြစ်ပါသည်။

ယနေ့ မိမိတို့ တိုင်းပြည် နိုင်ငံကြုံတွေ့နေရသည့် စိန်ခေါ်မှုများမှာ လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက ယနေ့အချိန်အထိ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်က အချိန် ကြာမြင့်စွာ ရယူထားခဲ့ခြင်းနှင့် နိုင်ငံရေးအဖွဲ့အစည်းအဖြစ် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူခဲ့ သူများသည်လည်း ‘မူ’နှင့် ‘မူဝါဒ’ များကို စနစ်တကျ ကွဲပြားစေရန်၊ ခွဲခြားနိုင်စေရန် ကြိုးပမ်းအားထုတ် ခဲ့ခြင်းမရှိဘဲ ဖြစ်သလို ပေါ့ပြက်ပြက် နှင့် အာဏာကို အခြေပြုကာ အကောင်အထည်ဖော ် ဆောင်ရွက်ခဲ့ ကြခြင်းကြောင့် ဖြစ်ပါသည်။

စာရေးသူသည် ယနေ့ဖွံ့ဖြိုးပြီး နိုင်ငံကြီးများအဖြစ် ရပ်တည်နေသည့် နိုင်ငံကြီးများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ တိုင်းပြည် နိုင်ငံတော် တည်ဆောက်ကြရာတွင် အခြေခံခဲ့ကြသည့် စဉ်းစားတွေး ခေါ်ခဲ့ကြသည့် အတွေးအခေါ်များ အချက်အလက်များကို မိမိတို့ တိုင်းပြည်နိုင်ငံ၏ ၁၉၆၂ ခုနှစ်မှ ၁၉၇၄

ခုနှစ်ကာလအတွင်း တိုင်းပြည်နိုင်ငံတော်အတွက် စဉ်းစားတွေးခေါ်ခဲ့ကြသည့် အခြေအနေများ (Reference;1) နှင့် နှိုင်းယှဉ်လေ့လာကြည့်မိရာ သာမန်နိုင်ငံသားတစ်ဦးဖြစ်သော စာရေးသူ၏ အသိအမြင်ဉာဏ် ပညာအဆင့်အရပင်လျှင် အလွန်ဆိုးရွားသည့် အခြေအနေဖြစ်ပါသည်။ စာဖတ်သူများအနေနှင့် လည်း နှိုင်းယှဉ်လေ့လာကြည့်ကြပါရန် အကြံပြုပါသည်။

ဖြစ်နိုင်သည့် အခြေအနေ တစ်ရပ်မှာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆရာကြီးများသည် ၎င်းတို့၏ အသိပညာ ဉာဏ်ပညာများကို အစွမ်းကုန် ကြိုးပမ်း အားထုတ်လေ့လာ ခြင်းမရှိကြဘဲ ဆောင်ရွက်ခဲ့ကြသည်မှာ တာဝန်ပေးစေခိုင်းသူသည် ဟန်ပြသာ တာဝန်ပေးခြင်းဖြစ်ပြီး မည်ကဲ့သို့ အကြံဉာဏ်များကို ပေးအပ် သည်ဖြစ်စေ အသုံးမပြုဘဲ ၎င်းအာဏာတည်မြဲစေရေး တစ်နည်းအားဖြင့် တိုင်းပြည် နိုင်ငံတော် တည်ဆောက်ခြင်းသည် အရေးမကြီးဘဲ ၎င်းသည် တိုင်းပြည် နိုင်ငံ၏ နံပါတ် (ဝမ်း) နေရာတွင် နှစ်ပေါင်းများစွာ ရေရှည်ရပ်တည်ပြီး အာဏာကို ထိန်းသိမ်းထားနိုင်စေရေးကိုသာ အဓိကထားသည်ကို ကြိုတင်သိမြင်လျက် ရှိနေကြသည့်အတွက်လည်း ဖြစ်နိုင်ပါသည်။ စာဖတ်သူများအနေနှင့် (Reference:1) ကို အသေးစိတ်လေ့လာဖတ်ရှုပြီး ဖြစ်စဉ်ဖြစ်ရပ်များကို တွေးခေါ်စဉ်းစား ကြည့်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်နိုင်စေရေးအလို့ငှာ စတင်စဉ်းစားရသည့်အချက်မှာ “မူများ” (Principle) ဖြစ်သည်ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်း ကပင် ဖြစ်ထွန်း ပေါ်ပေါက်စေခဲ့ သည့် ဂရိနှင့် ရောမတို့၏ အတွေ့ အကြုံများကို အခြေခံကာ အမေရိကန်ပြည်ထောင်စု တိုင်းပြည်နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်များကို လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။ ယခု စာရေးသူတင်ပြသည့်ကာလ ၁၉၆၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ပေါင်း ရာချီပြီး စောသဖြင့် တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်ရန် စိတ် ဝင်စားသူများ ဖြစ်ပါက မဖြစ်မနေလေ့လာမည် ဖြစ်ပါသည်။

ဤတွင် “မူ နှင့် မူဝါဒ” များကို မစဉ်းစားတော့ ဘာဖြစ်သလဲကွာဆိုသည့် မေးခွန်း ဖြစ်စေနိုင်ပါသည်။ “မူနှင့် မူဝါဒ” များကို အခြေခံပြီးမစဉ်းစားခဲ့ကြသည့်အတွက် ယနေ့ မိမိတို့ တိုင်းပြည်နိုင်ငံတော်ကြီး လက်တွေ့ ကြုံတွေ့နေကြရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများသည် သက်သေ သာဓကများပင် ဖြစ်ပါသည်။

“မူနှင့် မူဝါဒ” များကို အခြေခံ ခြင်းမရှိဘဲ ပါးစပ်က အမိန့်ပေးစေ ခိုင်းပြီး နှစ်ပေါင်း ၅၀ နီးပါးခန့် ကျင့်သုံး အကောင်အထည် ဖော်ဆောင်ရွက်စေခဲ့ရာ ယနေ့ ကမ္ဘာပေါ်တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ရှည်ကြာသည့် နိုင်ငံများစာရင်းတွင် ပါဝင်လျက်ရှိနေပါတော့သည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်ရာတွင်သော်လည်းကောင်း၊ အင်စတီကျူးရှင်းများကို တည်ဆောက်ရာတွင်သော်လည်းကောင်း၊ နိုင်ငံရေးပါတီများကို ဖွဲ့စည်း တည်ဆောက်ကြရာတွင် သော်လည်းကောင်း မူနှင့် မူဝါဒများ ကို စနစ်တကျ ချမှတ်ပြဋ္ဌာန်းပြီး တည်ဆောက်နိုင်ကြစေရန်နှင့် မူနှင့် မူဝါဒများကို ကွဲပြားစွာ သိမြင်နား လည်စေပြီးလျှင် ပြည်သူပြည်သားများအား ပွင့်လင်းမြင်သာစွာချပြနိုင်စေပြီး တိုင်းသူပြည်သား လူအားလုံးတို့အနေနှင့်လည်း နိုင်ငံရေး ပါတီများက ၎င်းတို့ စနစ်တကျချမှတ် ပြဋ္ဌာန်းထားရှိသည့် မူနှင့် မူဝါဒများကို လေ့လာကာ တိုင်းပြည်

နိုင်ငံတော်၏ ပကတိအခြေအနေ နှင့် ကိုက်ညီပြီး တိုင်းပြည်နိုင်ငံတော် အကျိုးနှင့် ပြည်သူပြည်သားများ၏ အကျိုးကို အစွမ်းကုန်ဆောင်ရွက်ပေးနိုင်မည့် နိုင်ငံရေးပါတီများအား တိုင်းပြည် နိုင်ငံတော်တည်ဆောက် ရေးအတွက် တာဝန်များ ပေးအပ်နိုင်စေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ မူနှင့် မူဝါဒများအား မည်ကဲ့သို့ ချမှတ်တည်ဆောက် အသုံးပြုသည်ဆိုသည့် သဘောတရားများကို ရှင်းလင်းတင်ပြပါမည်။ ယခုဆောင်းပါးအဆင့်ဖြင့် အသေးစိတ် အကျယ်ချဲ့ ရှင်းလင်း တင်ပြရန် မဖြစ်နိုင်ပါ။ သို့သော်လည်း မူများကို ချမှတ်အသုံးပြုခြင်း နှင့် မူဝါဒများကို ချမှတ်အသုံးပြုခြင်း သဘောတရားအကျဉ်းကို တင်ပြပါမည်။ မူနှင့် မူဝါဒများကို လက်တွေ့ ချမှတ် တည်ဆောက် အသုံးပြုခြင်း အကျဉ်းချုပ်ကို ပုံတွင် ဖော်ပြ ထားပါသည်။

စာရေးသူအနေဖြင့် ယခင် “မူများ” ခေါင်းစဉ် ဆောင်းပါးတွင် တင်ပြထားခဲ့သည်မှာ “ဗွီရှင်း (Vision)ကို သတ်မှတ်ပြဋ္ဌာန်း ချမှတ်ပြီးသည်နှင့် တစ်ပြိုင်နက် အရေးအကြီးဆုံး မဖြစ်မနေ ချမှတ်ပြဋ္ဌာန်း ထားရှိရမည့်အချက်မှာ “မူများ” (Principles) ပင်ဖြစ်ပါသည်။ “မှန်ပါသည် ဗွီရှင်း (Vision) ကို အရင် သတ်မှတ်ပြဋ္ဌာန်းချမှတ်ပြီးမှသာ မူများ ချမှတ် ပြဋ္ဌာန်းထားရှိရမည်မှာ သဘာဝပင် ဖြစ်ပါသည်။ သို့သော်လည်း အချို့သောပညာရှင်ကြီးများကမူ လူအများနှင့် သက်ဆိုင်သည့် နိုင်ငံရေးအဖွဲ့အစည်းများအတွက်ဖြစ်ပါက “မူများ” ကို ဦးစားပေးပြီး အရင်ချမှတ် ပြဋ္ဌာန်းသင့်ကြောင်း ဆွေးနွေးတင်ပြကြသည်ကိုလည်း လေ့လာသိရှိရပါ သည်။

အဘယ့်ကြောင့်ဆိုသော် ဆုံး ဖြတ်ချက်များချမှတ်ဆောင်ရွက်ရာတွင် မူများ၏ အရေးပါမှုမှာ ကြီးမား သောကြောင့် ဖြစ်ပါသည်။ မူများ၏ သဘောတရားမှာ မည်သည့်လုပ်ငန်း ကိစ္စရပ်များ၊ ဆောင်ရွက်ချက်များကို မဆို ဆောင်ရွက်မယ် (လုပ်ရမယ်)။ မဆောင်ရွက်ဘူး (မလုပ်ရဘူး) အဆုံးအဖြတ်ပေးရာတွင် မဖြစ်မနေ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများသည် “မူ” များပင် ဖြစ်ပါ သည်။ လူအများနှင့် သက်ဆိုင်သည့် နိုင်ငံရေးပါတီများ၊ အင်စတီကျူးရှင်းများ၊ အဖွဲ့အစည်းများအနေဖြင့် ကြိုတင်ချမှတ်ပြဋ္ဌာန်းထားရှိသည့် “မူ” များကို တိကျရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ထားရပါမည်။ ထိုကဲ့သို့ ထုတ်ဖော်တင်ပြထားခြင်း အားဖြင့် ဖော်ပြပါ ပါတီ၊ အင်စတီကျူးရှင်းနှင့် အဖွဲ့အစည်းများသည် ၎င်းတို့ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ သို့မဟုတ် လုံးဝဆောင်ရွက်ခြင်း မပြုမည့် လုပ်ငန်းစဉ်များကို ပြည်သူ ပြည်သားလူအများအနေဖြင့် မှန်းဆ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

ထို့ပြင် လူအများနှင့် သက်ဆိုင်သည့် နိုင်ငံရေးပါတီများ၊ အင်စတီကျူးရှင်းများ၊ အဖွဲ့အစည်းများအတွက် “မူ” များ ချမှတ် တည်ဆောက်ရာတွင် အရေးကြီးသည့်အချက်မှာ ချမှတ်တည်ဆောက်ထားရှိသည့် “မူ”  များကို အခြေခံပြီး လုပ်ငန်းကိစ္စရပ်များ၊ ဆောင်ရွက်ချက်များကို ဆောင်ရွက်မယ် (လုပ်ရမယ်)။မဆောင်ရွက်ဘူး (မလုပ်ရဘူး) အဆုံးအဖြတ်ပေးရာတွင် တစ်ခါတစ်ရံ ချမှတ်ပြဋ္ဌာန်းထားရှိသည့် “မူ”  အချင်းချင်း ထိပ်တိုက်တွေ့နေ မည့် ဒွိဟဖြစ်နေစေမည့် အခြေအနေ ဖြစ်ပါသည်။

ဖော်ပြပါ “မူ” အချင်းချင်း ထိပ်တိုက်တွေ့နိုင်မည့် အခြေအနေများကို ဖြစ်နိုင်ပါက ကြိုတင်သိမြင်နိုင်စေရန် ရှင်းလင်းထုတ်ဖော်ထားသင့်ပြီး မမျှော်လင့်ဘဲ ကြုံတွေ့ရမည့် အခြေအနေများအတွက်လည်း ပြင် ဆင်ထားရှိရမည် ဖြစ်ပါသည်။ ရှင်းလင်းရန် လုံးဝမဖြစ်နိုင်တော့ဘဲ ချမှတ်ထားရှိသည့် “မူ” အချင်းချင်းသည် ဆန့်ကျင်ဘက် လားရာများ ဖြစ်ပေါ်နေခဲ့သော် ချမှတ်ထားရှိသည့် “မူ” များသည် မှားယွင်းနေသည့် အဓိပ္ပာယ် ဖြစ်ပါသည်။ မှားယွင်း နေသည့် “မူ” များကို တွေ့ရှိသိမြင်ခဲ့သည်ရှိသော် အချိန်မဆိုင်းဘဲ ချက်ချင်း ပြင်ဆင်ရန် သို့မဟုတ် “မူ” အသစ်များ ချမှတ်တည်ဆောက်ရန် လိုအပ်မည် ဖြစ်ပါသည်။

“မူ” များ ချမှတ်တည်ဆောက် အသုံးပြုခြင်း အကျဉ်းကို တင်ပြပြီး ဖြစ်သည့်အတွက် “မူဝါဒ” များ ချမှတ် တည်ဆောက် အသုံးပြုခြင်း အကျဉ်း ကို တင်ပြပါမည်။ ယခင် စာရေးသူ တင်ပြခဲ့သည့် “မူဝါ” အဓိပ္ပာယ်ကို ထပ်မံ တင်ပြရပါလျှင် “တိုင်းပြည် နိုင်ငံအတွက် အကျိုးစီးပွားကို ဖန်တီး တည်ဆောက်နိုင်စေရန် အလို့ငှာ ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိ နေသည့် ဖြစ်ရပ်တစ်ခုချင်းစီအပေါ်တွင် အခြေခံကာ အကောင်းဆုံးဟု ထင်မြင်ရသည့် ဖြစ်ရပ်ကို ရွေးချယ် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါသည်။”

ထို့ကြောင့် နိုင်ငံသားများအတွက် လက်တွေ့အကျိုးဖြစ်ထွန်းစေသော နည်းလမ်းများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်သူ အားလုံးတို့က သဘောတူလက်ခံထားရှိသည့် လမ်း ညွှန်ချက်များသည် "မူဝါဒ” များပင် ဖြစ်ပါသည်။

လူအများနှင့် သက်ဆိုင်သည့် နိုင်ငံရေးပါတီများ၊ အင်စတီကျူးရှင်းများ၊ အဖွဲ့အစည်းများအနေဖြင့် “မူဝါဒ”  များကို ကြိုတင်ချပြရန် လိုအပ်ပြီး တိကျ ရှင်းလင်းပြတ်သားရပါ မည်။ ထိုကဲ့သို့ ကြိုတင်ချပြထားခြင်းအားဖြင့် သက်ဆိုင်ရာ ပါတီ၊ အင်စတီကျူးရှင်း၊ အဖွဲ့အစည်းများအနေဖြင့် မည်သည့် ကိစ္စရပ်များ၊ လုပ်ငန်းရပ်များကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်မည်။ မည်ကဲ့သို့သော ကိစ္စရပ်များ၊ လုပ်ငန်းရပ်များကို လုံးဝ ဆောင်ရွက်ခြင်းမပြု ဆိုသည့် တိကျပြတ်သားသော ခံယူချက်၊ စဉ်းစားတွေးခေါ်ထားချက်များကို တိုင်းသူ ပြည်သား လူအများအနေဖြင့် အလွယ်တကူ သိမြင်နားလည်ပြီး ယုံကြည်စိတ်ချစွာ လိုက်ပါဆောင်ရွက်စေနိုင်မည် ဖြစ်ပါသည်။

ဒုတိယအနေဖြင့် “မူနှင့် မူဝါဒ” များကို ကျင့်သုံးအကောင်အထည် ဖော်နိုင်မည့် ပတ်ဝန်းကျင်ကို တည် ဆောက်ရန်မှာ တိုင်းပြည် နိုင်ငံတစ် နိုင်ငံအတွက် အရေးအကြီးဆုံး အချက်ဖြစ်ပါသည်။ စာဖတ်သူများ အနေဖြင့် ယနေ့ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများအဖြစ် ရပ်တည်လျက်ရှိသည့် နိုင်ငံအားလုံးတို့သည် “မူနှင့် မူဝါဒ” များကို အခြေခံပြီး တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ထားကြသည်ဆိုသည့်အချက်မှာ ယုံမှားသံသယရှိစရာပင် မလိုအပ်ပါ။

“မူနှင့် မူဝါဒ” များ ရှင်သန်ရပ် တည်နိုင်ရန် မဖြစ်နိုင်သည့်အခြေအနေကို တိုင်းပြည်နိုင်ငံများအနေ နှင့် ကြုံတွေ့ရနိုင်ပါသည်။ စာရေးသူပုံတွင် ဖော်ပြထားသည့်အတိုင်း တိုင်းပြည်နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားသူများသည် အကောင် အထည်ဖော်သည့် လုပ်ငန်းကိစ္စရပ်များ၊ ဆောင်ရွက်ချက်များအားလုံးတို့ကို ပြုမူဆောင်ရွက်ရာတွင် တိရစ္ဆာန်များကဲ့သို့ ဦးဆောင်သူနှင့် အင်အားကိုသာ အခြေပြုနေခြင်းဖြစ်ပါက “မူနှင့် မူဝါဒ” များ ရှင်သန် ရပ်တည်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေမည် ဖြစ်ပါသည်။

တတိယအနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံအနေနှင့် ပြောင်းလဲသင့်သည့် အခြေအနေများကို အကြံပြု တင်ပြပါမည်။ စာရေးသူ ပုံတွင်ဖော် ပြထားသည့်အတိုင်း “တိရစ္ဆာန်များကဲ့သို့ ဦးဆောင်သူနှင့် အင်အား ကိုသာ အခြေပြုနေခြင်းမှသည် လူများကဲ့သို့ မူနှင့် မူဝါဒများကို အခြေပြုသည့် လူ့အဖွဲ့အစည်းကို ပြောင်း လဲတည်ဆောက်ကြပါစို့” ဟု ဖော်ပြထားသည့်အတိုင်း “မူ” နှင့် “မူဝါဒ” များကို အခြေပြုသည့် လူ့အဖွဲ့အ စည်းကို ပြောင်းလဲတည်ဆောက်ကြရန် အဆိုပြုပါသည်။

စာရေးသူအနေဖြင့် စာဖတ်သူများ လေ့လာကြည့်နိုင်စေရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း (၁) နိုင်ငံတော် အခြေခံမူများ၊ ပုဒ်မ ၄၈ တွင် ဖော်ပြထားသည်မှာ “နိုင်ငံတော်အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေပြဋ္ဌာန်းရာတွင်လည်းကောင်း၊

ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာက အနက်အဓိပ္ပာယ် ဖွင့်ဆိုရာတွင်လည်းကောင်း လိုက်နာရမည့်လမ်းညွှန်များ ဖြစ်သည်။” (Reference:2, pp-12).  စာဖတ်သူ များအနေနှင့် “မူ” နှင့် “မူဝါဒ” သဘော တရားများ၊ အဓိပ္ပာယ်များနှင့် တိုက်ဆိုင် စစ်ဆေးလေ့လာကြည်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လူအများနှင့် သက်ဆိုင်သည့် နိုင်ငံရေးပါတီများ၊ အင်စတီကျူးရှင်းများ၊ အဖွဲ့အစည်းများအတွက် “မူ” နှင့် “မူဝါဒ” များ ချမှတ်တည်ဆောက်မည့် လူပုဂ္ဂိုလ်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးလှပါသည်။ တိုင်းပြည် နိုင်ငံတော်အကျိုးနှင့် ပြည်သူ ပြည်သားများ၏ အကျိုးကို ရှေးရှုပြီး “မူ” နှင့် “မူဝါဒ” များ ချမှတ် တည်ဆောက်မည့် လူပုဂ္ဂိုလ်ကြီးများ အတွက် အရေးအကြီးဆုံး အချက် နှစ်ချက်ကို စာရေးသူအနေဖြင့် အဆိုပြုတင်ပြပါမည်။

ပထမအချက်မှာ ရှင်းရှင်း လင်းလင်း ပြတ်ပြတ်သားသား စဉ်းစားတွေးခေါ်တတ်ခြင်း (Clear Thinking) နှင့် ဒုတိယအချက်မှာ တည်ဆောက် ချမှတ်မည့် “မူ” နှင့် “မူဝါဒ” များသည် တည်ဆောက်ချမှတ်မည့် လူပုဂ္ဂိုလ်ကြီးများအတွက် အခွင့်အလမ်း၊ အာဏာ၊ ရာထူး၊ ငွေကြေး စသည်တို့အား ဖန်တီးဆောင်ရွက်ခြင်းမှ ကင်းလွတ်စေရပါမည်။ အဓိပ္ပာယ်မှာ “မူ” နှင့် “မူဝါဒ” များ ချမှတ် တည်ဆောက်ရာတွင် ပါဝင်မည့် လူ ပုဂ္ဂိုလ်ကြီးများသည် မိမိကိုယ်ကျိုး အတွက် အဓိကထားစဉ်းစားမည့် သူများ မဖြစ်စေရဘဲ တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူပြည်သားများ အကျိုးကိုသာ ရှေးရှုစဉ်းစားတွေး ခေါ်မည့် လူပုဂ္ဂိုလ်ကြီးများ ဖြစ်ရပါမည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ရာတွင်သော်လည်းကောင်း၊ အင်စတီကျူးရှင်းများကို တည်ဆောက်ရာတွင်သော်လည်းကောင်း၊ နိုင်ငံရေးပါတီများကို ဖွဲ့စည်းတည်ဆော က်ကြရာတွင်သော် လည်းကောင်း မူနှင့် မူဝါဒများကို စနစ်တကျ ချမှတ်ပြဋ္ဌာန်းပြီး တည် ဆောက်နိုင်ကြစေရန်နှင့် မူနှင့် မူဝါဒများကို ကွဲပြားစွာ သိမြင်နား လည်စေပြီးလျှင် ပြည်သူပြည်သားများအား ပွင့်လင်းမြင်သာစွာ ချပြနိုင်စေပြီး တိုင်းသူပြည်သား လူအားလုံးတို့အနေနှင့်လည်း နိုင်ငံရေး ပါတီများက ၎င်းတို့ စနစ်တကျ ချမှတ်ပြဋ္ဌာန်းထားရှိသည့် မူနှင့် မူဝါဒများကို လေ့လာကာ တိုင်းပြည် နိုင်ငံတော်၏ ပကတိအခြေအနေနှင့် ကိုက်ညီပြီး တိုင်းပြည် နိုင်ငံတော် အကျိုးနှင့် ပြည်သူပြည်သားများ၏ အကျိုးကို အစွမ်းကုန်ဆောင်ရွက်ပေးနိုင်မည့် နိုင်ငံရေးပါတီများအား တိုင်းပြည် နိုင်ငံတော်တည်ဆောက် ရေး တာဝန်များကို ပေးအပ်နိုင်စေရေးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

 

Most Read

Most Recent