စက်သုံးဆီဆိုင်ဖွင့်ရန် မြေနေရာများကို ကာလပေါက်စျေးထက် နည်းပါးသည့်နှုန်းထားဖြင့် ချထားပေးခြင်း၊ အပါအဝင် ယခင်ရန်ကုန်အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးဟံထွန်း၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုမြို့တော်ဝန်ဟောင်း၊ စည်ပင်အဖွဲ့မှ အတွင်းရေးမှူးအပါအဝင် လူခြောက်ဦးအား အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

စက်သုံးဆီဆိုင်ဖွင့်ရန် မြေနေရာများကို ကာလပေါက်စျေးထက် နည်းပါးသည့်နှုန်းထားဖြင့် ချထားပေးခြင်း၊ အပါအဝင် ယခင်ရန်ကုန်အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးဟံထွန်း၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုမြို့တော်ဝန်ဟောင်း၊ စည်ပင်အဖွဲ့မှ အတွင်းရေးမှူးအပါအဝင် လူခြောက်ဦးအား အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
Published 26 May 2022

စက်သုံးဆီဆိုင်ဖွင့်ရန် မြေနေရာများကို ကာလပေါက်စျေးထက်နည်းပါးသည့်နှုန်းထားဖြင့်ချထား ပေးခြင်း အပါအဝင် ယခင်ရန်ကုန်အစိုးရ အဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးဟံထွန်း၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုမြို့တော်ဝန်ဟောင်း၊ စည်ပင်အဖွဲ့မှ အတွင်းရေးမှူးအပါအဝင် လူခြောက်ဦးအား အဂတိလိုက်စား မှုဖြင့် အမှုဖွင့်ထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၏ ဆောင်ရွက်ချက် များအပေါ် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်ဟု ကော်မရှင်က ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟံထွန်းနှင့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦးနှင့် တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းတို့သည် ကော်မတီတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် အကျိုးတူ ဆောင်ရွက်ခဲ့သော ဖက်စပ်ကုမ္ပဏီ၏ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရန် ဒဂုံမြို့သစ်မြို့နယ်အတွင်းရှိ မြေကွက် နှစ်ကွက် ငါးဧကကျော်အား ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် နှစ် ၆၀ မြေငှားစာချုပ် ဂရန် ထုတ်ပေးခဲ့ရာ၌ ပြည်တွင်းအခွန်များဦးစီးဌာန၏ သတ်မှတ်ဈေးနှုန်း တစ်စတုရန်းပေလျှင် ကျပ် ၂၀၀၀၀ ခန့် နှုန်းဖြင့် တွက်ချက်ခြင်းမပြုဘဲ တစ်စတုရန်းပေလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းစေခဲ့သဖြင့် ကျပ် သန်း ၄၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဟောင်းဦးဟံထွန်း၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုးနှင့် တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် တာဝန်ထမ်း ဆောင်စဉ် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက် သည့် ဖက်စပ်ကုမ္ပဏီ၏အမည်ဖြင့် စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရန် ဒဂုံမြို့သစ်မြို့နယ် အတွင်းရှိ မြေဧရိယာ ၆၃ ဧကကျော်အား ၂၀၁၉ ခုနှစ်အတွင်း နှစ် ၆၀ မြေငှားဂရန် ထုတ်ပေးခဲ့ရာတွင် ပြည်တွင်းအခွန် များဦးစီးဌာန၏သတ်မှတ်ဈေးနှုန်း တစ်ဧကလျှင် ကျပ် သိန်း ၁၀၀၀ နှုန်းဖြင့် တွက်ချက်ခြင်းမပြုဘဲ တစ်စတုရန်း ပေလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းစေခဲ့သဖြင့် ကျပ်သန်း ၈၀၀ ကျော် နစ်နာခဲ့ကြောင်း၊ ထို့ပြင် ၎င်းဖက်စပ် ကုမ္ပဏီပိုင်မြေအား ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်အမည်ဖြင့် ဂရန်ပြောင်းလဲပေးရန် ခွင့်ပြုခဲ့ပြီး၊ ၎င်းက အခြား ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ ကျပ်သန်း ၆၅၇၀ ဖြင့် ပြန်လည်ရောင်းချခဲ့ခြင်းကြောင့် အဆိုပါမြေ ၆၃ ဧကကျော် ဆုံးရှုံးခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စက်သုံးဆီအ ရောင်းဆိုင်မှာ Yangon Petro (YP) စက်သုံးဆီဆိုင်ဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် စက်သုံးဆီဆိုင်၏ အမည်အား ဖော်ပြထားခြင်းမရှိသည်ကို တွေ့ရသည်။

ထို့ပြင် မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုးနှင့် တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ကုမ္ပဏီတစ်ခုတို့ အကျိုးတူ ဆောင်ရွက်ခဲ့သော ကျောက်မီးသွေးထုတ်လုပ်မှုလုပ်ငန်းနှင့်ပတ်သက်၍ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ နှစ်များအတွင်း ဓာတ်သတ္တု တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်ပါ လိုက်နာဆောင်ရွက်ရမည့် အချက် များကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း၊ စာချုပ်ပါစည်းကမ်းချက်များအတိုင်း ဆောင်ရွက်ခြင်းမပြုဘဲ ကျောက်မီး သွေးတစ်တန်၏ တွင်းဝဈေးနှုန်းအား မူလသတ်မှတ်ဈေး ကျပ် ၇၇၀၀၀ ကျော်မှ ကျပ် ၄၂၀၀၀ သို့ လျှော့ချ ခွင့်ပြုပေးခဲ့ခြင်း၊ လျာထားထုတ်လုပ်မှုကိုလျော့၍ ထုတ်လုပ်ရန် ခွင့်ပြုပေးခဲ့ခြင်းတို့ကြောင့် ဘဏ္ဍာငွေ ကျပ် သန်း ၅၅၀ ကျော် နစ်နာဆုံးရှုံးခဲ့သည်ဟု ကော်မရှင်ကဆိုသည်။

ထို့ပြင် ဦးမောင်မောင်စိုး၊ ဒုတိယ မြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင် မော်ဦးနှင့် တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ပန်းဥယျာဉ် နှင့်အားကစားကွင်းများဌာနက ပန်းဥယျာဉ်များရှိ လုပ်ငန်း ၂၁ ခုကို ကုမ္ပဏီများသို့ ငှားရမ်းစာချုပ်ချုပ်ဆိုခဲ့ရာ တွင် ဈေးနှုန်းလျှော့ချငှားရမ်းခဲ့ခြင်းအပေါ် ခေတ်ကာလနှင့်လျော်ညီသည့် ငှားရမ်းခနှုန်းထားအတိုင်း သတ်မှတ် ကောက်ခံရန် စာရင်းစစ်ချုပ်ရုံးက အကြံပြုခဲ့သော်လည်း လိုက်နာဆောင်ရွက်မှုမရှိခြင်းကြောင့် တစ်နှစ်အတွက် ငှားရမ်းခ ငွေကျပ် သန်း ၂၁,၀၀၀ ကျော် နစ်နာခဲ့သည်ဟု ကော်မရှင်ကထုတ်ပြန်သည်။

အလားတူ ဦးမောင်မောင်စိုး၊ ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး နှင့် တွဲဖက် အတွင်းရေးမှူးဟောင်း ဦးသန်းတို့သည် ရန်ကုန်မြို့တော်စည်ပင်နှင့် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုတို့ အကျိုးတူ ဆောင်ရွက်သည့် City FM တွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်း၏လစာစားရိတ်ကို စာချုပ်တွင် နှစ်ဦး နှစ်ဘက် ညှိနှိုင်းကျခံရမည် ဖြစ်သော်လည်း နိုင်ငံတော်မှ ကျခံသုံးစွဲခဲ့၍ စာရင်းစစ်ချုပ်ရုံးမှ ပြုပြင်နိုင်ရေး အကြံပြုကန့်ကွက်ခဲ့ခြင်းအပေါ် ပြင်ဆင်မှု မရှိခဲ့သဖြင့် ဝန်ထမ်းများ၏ လစာစားရိတ်များအတွက် ဘဏ္ဍာငွေ ကျပ် သန်း ၇၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီးဟောင်း ဦးဟံထွန်းနှင့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း ကျောက်တံတားမြို့မရဲစခန်း၌ မေ ၂၆ ရက်တွင် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။

Most Read

Most Recent