ဘုတ်အဖွဲ့၏ ထောက်ခံမှုကိုရပါက မန်ယူအသင်းတွင် နည်းပြသစ် တန်ဟက်ဂ် အောင်မြင်မည်ဟု ဘလင်း ပြောကြား

ဘုတ်အဖွဲ့၏ ထောက်ခံမှုကိုရပါက မန်ယူအသင်းတွင် နည်းပြသစ် တန်ဟက်ဂ် အောင်မြင်မည်ဟု ဘလင်း ပြောကြား
Photo: Sky Sports
Photo: Sky Sports
Published 19 May 2022

မန်ယူကစားသမားဟောင်း ဒေလီဘလင်းက တန်ဟက်ဂ်မှာ အကောင်းဆုံးနည်းပြများထဲမှ တစ်ဦးဖြစ်ပြီး မန်ယူအသင်းဘုတ်အဖွဲ့၏ထောက်ခံမှုကို ရရှိမည်ဆိုပါက မန်ယူအသင်းတွင် အောင်မြင်မှုများ ရရှိလိမ့်မည်ဟု ထောက်ခံပြောကြားခဲ့သည်။

ယခုရာသီတွင် ရုန်းကန်နေရသည့် မန်ယူအသင်းသည် ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်ကို ပြီးခဲ့သည့်ဧပြီလကတည်းက (၃) နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် အသင်းနည်းပြအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ယခုရာသီတွင် အေဂျက်စ်အသင်းကို ဒတ်ချ်အမှတ်ပေးချန်ပီယံဆု ရယူပေးထားသည့် တန်ဟက်ဂ်သည် ယခုနွေတွင် မန်ယူအသင်းကို စတင်ကိုင်တွယ်မည်ဖြစ်ပြီး လာမည့်ရက်သတ္တပတ်အတွင်း အသင်းတာဝန်ရှိသူများနှင့် အနာဂတ်အစီအစဉ်များကို ဆွေးနွေးသွားဖွယ်ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

မန်ယူအသင်းတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကစားခဲ့ပြီး အေဂျက်စ်အသင်းတွင် တန်ဟက်ဂ်နှင့် လက်တွဲဖူးသူ ဒေလီဘလင်းက တန်ဟက်ဂ်အနေဖြင့် မန်ယူအသင်းတွင် အောင်မြင်မည်ဟု ယုံကြည်ကြောင်းနှင့် မန်ယူအသင်းတာဝန်ရှိသူများအနေဖြင့် တန်ဟက်ဂ်အပေါ် စိတ်ရှည်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘလင်းက ''တန်ဟက်ဂ်က လူတော်တစ်ဦးပါ။ မန်ယူအသင်းရဲ့ နည်းပြအလုပ်က လွယ်ကူတဲ့အလုပ် မဟုတ်ဘူးဆိုတာ သေချာပါတယ်။  ဒါပေမဲ့ တန်ဟက်ဂ်က စိန်ခေါ်မှုတွေကို နှစ်သက်သူဖြစ်ပြီး ဒါကြောင့် မန်ယူနည်းပြရာထူးကို လက်ခံခဲ့တာ ဖြစ်မှာပါ။ မန်ယူအသင်းမှာ တန်ဟက်ဂ် အောင်မြင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ အသင်းဘုတ်အဖွဲ့က တန်ဟက်ဂ်ကို ထောက်ခံမှုတွေ လုပ်ဖို့တော့ လိုပါတယ်။ တန်ဟက်ဂ်ဟာ အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ပြီး မန်ယူအနေနဲ့ သူ့ကို အချိန်ပေးဖို့တော့ လိုပါတယ်''ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent