ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်အပြောင်းအလဲလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နေပြီး မေလ ၃၁ ရက်အမီ အပြီးသတ်မည်

ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်အပြောင်းအလဲလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နေပြီး မေလ ၃၁ ရက်အမီ အပြီးသတ်မည်
Photos: Getty Images
Photos: Getty Images
Published 19 May 2022

ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်အပြောင်းအလဲလုပ်ငန်းစဉ်များကို စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်နေပြီး Deadline ပေးထားသည့် မေလ ၃၁ ရက်အမီ အပြီးသတ်မည်ဖြစ်ကြောင်း သိရသည်။

အသင်းအရောင်းအဝယ်တွင် ငွေပေးချေမှုပုံစံအပေါ် ဗြိတိန်အစိုးရက ထောက်ပြဝေဖန်မှုများ ရှိလာပြီးနောက် သတ်မှတ်ထားသည့်ရက်အမီ ပြီးစီးရန် စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာသဖြင့် ဗြိတိန်မီဒီယာများက မေလ ၁၆ ရက်တွင် အရောင်းအဝယ်ပျက် ပြယ်နိုင်ခြေအဆင့်အထိ ရောက်သွားနိုင်သည်ဟု သုံးသပ်ရေးသားခဲ့ကြသည်။

သို့သော် ယခုအခါတွင် ဥပဒေရေးရာနှင့်ဆိုင်သည့် ကိစ္စရပ်များကို ပြေလည်အောင်ဖြေရှင်းပြီးသွားသဖြင့် အချိန်မီပြီးစီးမည်ဟု Goal.com က ဖော်ပြခဲ့သည်။

မီဒီယာများ၏ ဖော်ပြမှုအရ အေဘရာမိုဗစ်ချ်သည် ချေးငွေ ပေါင် ၁ ဒသမ ၆ ဘီလီယံကို မူလက ပြန်လည်ရယူလိုခြင်းမရှိဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သော်လည်း ယခုအခါ Chamberley International Investments ကုမ္ပဏီထံ လွှဲပြောင်းပေးအပ်စေလိုပြီး ဗြိတိန်အစိုးရကမူ အဆိုပါတောင်းဆိုမှုကို လိုက်လျောနိုင်ခြင်းမရှိသည့်အတွက် အငြင်းပွားစရာဖြစ်ခဲ့ကြောင်း သိရသည်။

ဗြိတိန်အစိုးရက ၎င်းတို့ ပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည့် အေဘရာမိုဗစ်ချ်ထံ ငွေကြေးများ ရောက်ရှိမသွားစေဘဲ ရန်ပုံငွေအဖွဲ့အစည်းထံသို့သာ ပို့ဆောင်စေလိုပြီး Chamberley ကုမ္ပဏီမှာ အေဘရာမိုဗစ်ချ်နှင့် ပတ်သက်မှုရှိသည်ဟု သံသယဖြစ်ဖွယ်အခြေအနေရှိနေကြောင်း ဗြိတိန်အာဏာပိုင်များက ယူဆခဲ့ကြသည်။

လက်ရှိတွင် ပြေလည်မှုများ ရရှိခဲ့ပြီးဖြစ်သဖြင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် အမေရိကန်စီးပွားရေးလုပ်ငန်းရှင် တော့ဒ်ဘိုလီဦးဆောင်သော ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းက ချယ်လ်ဆီးအသင်းအား ဝယ်ယူမှုကို ခွင့်ပြုပေးရန်အသင့်ရှိနေကြောင်း သတင်းများက ဖော်ပြလျက်ရှိသည်။ ချယ်လ်ဆီး၏ပိုင်ရှင်အပြောင်းအလဲ လုပ်ငန်းစဉ်များသည် ယခုအ ပတ်နှောင်းပိုင်း သို့မဟုတ် လာမည့်အပတ် အစောပိုင်းတွင် အပြီးသတ်ဖွယ်ရှိနေကြောင်း သိရသည်။ ချယ်လ်ဆီးစပွန်ဆာကုမ္ပဏီ Trivago ကမူ Twitter တွင် တော့ဒ်ဘိုလီကို ချယ်လ်ဆီးမိသားစုမှ ကြိုဆိုကြောင်း ရေးသားခဲ့သည်။

Most Read

Most Recent