လူမှုစီးပွားအနေအထား

လူမှုစီးပွားအနေအထား
Published 18 May 2022

“ကျွန်မကတော့ လူသားဝါဒီတစ်ယောက်ပဲလို့ ကျွန်မ ထင်တယ်။ ကျား/မ၊ ဇာတ်နိမ့် /ဇာတ်မြင့်၊ လူတန်းစား၊ လူမှုစီးပွားအနေအထား၊ မသန်စွမ်းမှု၊ နိုင်ငံရေးရပ်တည်ချက်၊ ကိုးကွယ်တဲ့ဘာသာ ဒါမှမဟုတ် ခံယူချက် စတာတွေနဲ့ မဆိုင်ဘဲ လူသားအားလုံးမှာ နေထိုင်ဖို့၊ ဖော်ထုတ်ပြသဖို့၊ ကြီးပွားတိုးတက်ဖို့၊ ချစ်ခင်မြတ်နိုးဖို့နဲ့ သဘောထားကွဲလွဲဖို့ တန်း တူညီမျှတဲ့ အခွင့်အရေးတွေ ရှိသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်” 

ရှာယွန်နီဂုတ္တား (၁၉၈၅ ဖွား)၊

အိန္ဒိယရုပ်ရှင်မင်းသမီး



လူမှုစီးပွားအနေအထား (Socioeconomic Status- SES) ကို ပညာရေး၊ ဝင်ငွေနှင့် အလုပ်အကိုင်တို့ကို ပေါင်းစည်းတိုင်းတာသည်။ ယင်းကို လူတစ်ဦး သို့မဟုတ် အုပ်စုတစ်စု ၏ လူမှုရပ်တည်ချက် သို့မဟုတ် လူမှုအဆင့်အတန်းအဖြစ် ယူဆလေ့ရှိသည်။ လူမှုအဆင့် အတန်းမှတစ်ဆင့် ကြည့်မြင်ပြီး အခွင့်အလမ်း၊ လုပ်ပိုင်ခွင့်နှင့် ထိန်းချုပ်မှုတို့ကို အထူးပြုစဉ်း စားသည်။  SES ကို ကွာခြားချက် လျှောစောက် သို့မဟုတ် အဆက်မပြတ်ပြောင်းလဲနေသော ကိန်းရှင်အဖြစ် စစ်ဆေးမှုသည် ရင်းမြစ်များရရှိမှုနှင့် ဖြန့်ဝေမှု၌ မညီမျှမှုများကို ဖော်ပြသည်။ SES သည် သုတေသန၊ ကျင့်သုံးမှု၊ ပညာပေးရေးနှင့် အကြံပြုမှုတို့ အပါအဝင် အပြုအမူ ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ သိပ္ပံပညာရပ် နယ်ပယ်အားလုံးနှင့် သက်ဆိုင်သည်။

SES နိမ့်ပါးခြင်းနှင့် ပညာရေး နိမ့်ပါးခြင်း၊ ဆင်းရဲမွဲတေခြင်းနှင့် ကျန်းမာရေးချိ့တဲ့ ခြင်းကဲ့သို့သော ဆက်နွှယ်နေသည့် အချက်များသည် လူ့အဖွဲ့အစည်းအပေါ် အဆုံးစွန်ဆုံး သက်ရောက်မှုရှိသည်။ ဆင်းရဲချမ်းသာဖြန့်ကြက်မှု၊ ရင်းမြစ်များဖြန့်ဝေမှုနှင့် ဘဝ၏အရည် အသွေးများ၌ မညီမျှမှုများသည် ကမ္ဘာတစ်လွှား၌ တိုး၍တိုး၍ လာနေသည်။ ထို့ကြောင့် ကမ္ဘာတစ်လွှား၌ SES ၌ ကြီးမားစွာ ကွာဟချက်များကို လျှော့ချရန် ကြိုးပမ်းလာကြသည်။ အပြုအမူဆိုင်ရာနှင့် အခြားလူမှုရေးဆိုင်ရာ သိပ္ပံပညာရှင်များသည် ပုဂ္ဂိုလ်တစ်ဦးချင်း အဆင့်နှင့် လူ့အဖွဲ့အစည်းအဆင့်တို့၌ ယင်းကွာဟချက်များကို လျှော့ချနိုင်မည့် မဟာဗျူ ဟာများကို လေ့လာရန်နှင့် အမျိးအမည် သတ်မှတ်ဖော်ထုတ်ရန် လိုအပ်သော လက်နက် ကိရိယာများကို ပိုင်ဆိုင်ကြသည်။

သုတေသနများအရ SES နိမ့်ပါးသော မိသားစုမှ ကလေးများသည် SES ပိုမိုမြင့်မား သောမိသားစုမှ ကလေးများနှင့် နှိုင်းယှဉ်ပါက ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာ ရန် နှေးကွေးကြောင်း သိရှိရသည်။ အစောပိုင်း ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုသည် နေအိမ် ဝန်းကျင်နှင့် ဆက်နွှယ်ပတ်သက်နေသည်။ ပညာရေးနိမ့်ပါးသောဝန်းကျင်များနှင့် ရေရှည် စိတ်ပူပန်နေရသော ဝန်းကျင်များသည် ကလေးများ၏ အကြိုပညာရပ်ဆိုင်ရာ ကျွမ်းကျင် မှုအပေါ် သက်ရောက်မှုရှိသည်။ SES နိမ့်ပါးသော လူ့အဖွဲ့အစည်းအတွင်းရှိ ပညာရေး စနစ်များသည် ရင်းမြစ်ပြည့်စုံမှု မရှိဘဲ ကျောင်းသားများ၏ ပညာရပ်ဆိုင်ရာ တိုးတက်မှုအ ပေါ် မကောင်းသော သက်ရောက်မှု ရှိသည်။ ပညာရေး မပြည့်စုံခြင်းနှင့် ကျောင်းထွက်ရမှု နှုန်းမြင့်မားခြင်းသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ SES နိမ့်ပါးခြင်းကို ကြိုးကိုင်သည့်အရာ ဖြစ်သော ကလေးများ၏ ပညာရေးအောင်မြင်မှုအပေါ် ဆိုးရွားစွာသက်ရောက်နိုင်သည်။ ကျောင်းပညာရေးစနစ်များကို တိုးတက်အောင် ပြုလုပ်ခြင်းနှင့် စောစီးစွာ ဝင်ရောက်ကူညီ ခြင်းအစီအစဉ်များသည် ဖော်ပြပါ မကောင်းသောအကြောင်းခြင်းရာများကို လျှော့ချရာ၌ အထောက်အကူပြုသည်။

SES နိမ့်ပါးသော လူ့အဖွဲ့အစည်းမှ မိသားစုများသည် ကလေးများ ပညာရေးအတွက် ထောက်ပံ့ရန် ငွေကြေးရင်းမြစ်နှင့် အချိန်ရရှိနိုင်မှု နည်းပါးသည်။ ကလေးများ၏ ဘဝအစော ပိုင်း ဖတ်ရှုလေ့လာမှုသည် နေအိမ်ဝန်းကျင်အတွင်း ပညာတတ်မြောက်မှု၊ မိသားစု စာအုပ် ပိုင်ဆိုင်မှုနှင့် မိဘများ၏ စိတ်နေသဘောထားများနှင့် ပတ်သက်နေသည်။  SES နိမ့်ပါးသော လူ့အဖွဲ့အစည်း အတွင်းမှ မိဘများသည် စာအုပ်နှင့် ကွန်ပျူတာတို့ကဲ့သို့သော ပညာရေးရင်း မြစ်များကို တတ်နိုင်ခြင်း မရှိပေ။

ထို့ကြောင့် SES နှင့် ပညာရေးတို့ အကြား ဆက်နွှယ်ချက်နှင့် ပတ်သက်၍ သုတေသန ပြုမှုများ စနစ်တကျ ပြုလုပ်ပြီး SES နိမ့်ပါးသောကြောင့် ပညာရေးနိမ့်ပါးခြင်းနှင့် ပညာရေး နိမ့်ပါးခြင်းကြောင့် SES နိမ့်ပါးခြင်းဟူသည့် သံသရာမှနေ၍ လူ့အဖွဲ့အစည်းကို ဆွဲထုတ်နိုင်ရန် ၀ိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ မေ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံး

Most Read

Most Recent