သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ် မူတည်၍ အရောင်းအဝယ်ပြုလုပ်ရမည့်အစား ပြင်ပပေါက်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေသည့် ရွှေဆိုင်များ၊ နိုင်ငံတကာလေကြောင်းလိုင်းများ ထပ်တိုးပျံသန်းမည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ် မူတည်၍ အရောင်းအဝယ်ပြုလုပ်ရမည့်အစား ပြင်ပပေါက်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေသည့် ရွှေဆိုင်များ၊ နိုင်ငံတကာလေကြောင်းလိုင်းများ ထပ်တိုးပျံသန်းမည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
​​​​​​​အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
​​​​​​​အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
Published 15 May 2022

သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ် မူတည်၍  အရောင်းအဝယ်ပြုလုပ်ရမည့်အစား ပြင်ပပေါက်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေသည့် ရွှေဆိုင်များ

ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြား ငွေလဲနှုန်းအပေါ် မူတည်၍ အရောင်းအဝယ်ပြုလုပ်ရန် ညွှန် ကြားထားသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာအရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရ သည်။

လက်ရှိတွင် ရွှေအရောင်းဆိုင်များတွင် အဆိုပါ သတ်မှတ်စျေးနှုန်းအား အရောင်းဘောက်ချာတွင်သာ ရေး၍ရောင်းချခြင်းဖြစ်ပြီး လက်တွေ့ ဝယ်ယူရာတွင် ပြင်ပ ပေါက်စျေးဖြင့်သာ ပေးချေဝယ်ယူနေရခြင်းဖြစ် သည်။

“အခေါက်ရွှေ ဝယ်စုဖို့အတွက် မနေ့က နာမည်ကြီး ရွှေဆိုင်ကြီး  တစ်ခုကိုသွားခဲ့ပါတယ်။ အရင်ကတည်း က ရွှေဝယ်စု ဖို့အတွက် အဲဒီဆိုင်ကပဲ ဝယ်နေကျပါပဲ။ မနေ့ကတော့အရောင်း စာရေးမလေးက ရွှေဝယ်မယ့် သူတိုင်းကို တစ်ခုရှင်းပြချင်လို့ပါဆိုပြီး သေချာရှင်းပြပါတယ်။ ခုက ရွှေစျေးနှုန်းကို သတ်မှတ် နိုင်ငံခြားငွေလဲနှုန်း အပေါ် မူတည်ပြီးအရောင်းအဝယ် ပြုလုပ်ဖို့ ညွှန်ကြားထားတာကြောင့် ဘောက်ချာမှာ မီးလင်း ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၉၈၅၀၀၀ ထက်ပိုပြီးရေးပေးလို့ မရပါဘူး။ ဒါကြောင့် ၁၉၈၅၀၀၀ နဲ့ရေးပေးပြီး ရောင်းချပေမဲ့ ဝယ်မယ်ဆိုရင်တော့ လက်ရှိပေါက်စျေး ဖြစ်တဲ့ ၂၀၇၀၀၀၀ စျေးနဲ့ ပေးချေ ရမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။ သူတို့ ဆိုင်က ပြန်လည်ဝယ်ယူတဲ့ နေရာမှာလည်း လက်ရှိ ပြင်ပပေါက် စျေးနဲ့သာ ပြန်လည်ဝယ်ယူပြီး ရောင်းစျေးနဲ့ ဝယ်စျေး ကျပ် နှစ်သောင်းခန့် ခွာပြီး အရောင်းအဝယ် ပြု လုပ်တယ်လို့ ရှင်းပြပါတယ်။ ဒါကြောင့်မို့ ဝယ်ယူတဲ့ နေရာမှာလည်း တစ်ကျပ်သားကို ၂၀၇၀၀၀၀ စျေးနဲ့ပဲ ဝယ်ယူခဲ့ရပါတယ်။ မေ ၁၂ ရက်မှာ သူတို့ ပြန်ဝယ်စျေးကတော့ တစ်ကျပ်သားကို ၂၀၅၀၀၀၀ စျေးနဲ့ ပြန်လည် ဝယ်ယူ နေတာကို တွေ့ရပါတယ်” ဟု မေ ၁၂ ရက်က ရွှေစုဆောင်းရန်  အခေါက်ရွှေသွားရောက် ဝယ်ယူခဲ့သူ တစ်ဦးက ပြောပြသည်။

ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြား ငွေလဲနှုန်းအပေါ် မူတည်၍ အရောင်းအဝယ် ပြုလုပ်ရန် ညွှန်  ကြားထားသော်လည်း  ရွှေလုပ်ငန်း ရှင်များမှ စျေးကွက်တွင်မူ အဆိုပါ စျေးဖြင့် ဝယ်ယူမရနိုင်ဘဲ ပြင်ပ ပေါက်စျေးဖြင့်သာ ဝယ်ယူရောင်း ချနေရသဖြင့်ယင်းကဲ့သို့ ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ်၂၀၇၀၀၀၀ စျေးသို့ရောက်ရှိ နေသော်လည်း ရွှေ ဝယ်ယူစုဆောင်းသူများပြားမှုကြောင့် ရွှေဆိုင်များတွင် ရွှေထည် ပြတ်လပ်သည်အထိ ရောင်းချနေရပြီး အချို့ဆိုင်များမှာ ရောင်းချမှုပိတ်ထားကြောင်း သိရသည်။

မေ ၁၃ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၈၂၇ ဒေါ်လာဝန်းကျင်ရှိပြီး  ပြည်တွင်း ရွှေစျေးနှုန်းမှာကျပ် ၁၉၅၀၀၀၀ သိန်းဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများ ထံမှ သိရသည်။        

ပြည်တွင်းစျေးကွက်  အတွင်း ၂၀၂၂ ခုနှစ်မေ ၁၃ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေ ကြေးများလဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၁၃၅ကျပ်၊ စင်ကာ ပူဒေါ်လာ ၁၄၈ဝကျပ်၊ မလေးရှားရင်းဂစ် ၄၆၀ ကျပ်၊ ထိုင်းဘတ် ၆၀ ကျပ်၊ တရုတ် ယွမ်၃၁၉ကျပ်၊ ဂျပန်ယန်း ၁၈ ကျပ် တို့ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ဧပြီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ခြောက်သန်းနီးပါးသာ ဝင်ရောက်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ခြောက်သန်းနီးပါးသာ ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ  ညွှန်ကြားမှု ဦးစီးဌာနမှထုတ်ပြန် သည့်စာရင်းများအရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံက ဒေါ်လာ၂ ဒသမ ၇၈၂ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာနှစ်သန်း၊  ဟောင်ကောင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂၁၅ သန်းဖြင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၉၉၇ သန်းသာ ဝင်ရောက်ခဲ့သည်။

ခြောက်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် စင်ကာပူက ဒေါ်လာ ၂၉၇  သန်း ကျော်ဖြင့် အများဆုံး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်  ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လအတွင်း နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှု အနေဖြင့် စင်ကာပူက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံ က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၄၂ ဒသမ ၁၃၇ သန်း၊တိုင်ပေက ရင်းနှီးမြှုပ်နှံမှု တိုး မြှင့်ခြင်းအပါအဝင် ဒေါ်လာ ၈ ဒသမ ၆၄၁ သန်း၊ ပြင်သစ်က ဒေါ် လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၀၉ ဒသမ  ၁၄၀ သန်း၊ အိန္ဒိယနိုင်ငံက ဒေါ် လာ ၀ ဒသမ ၅၅၀ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၅၃၀ သန်း၊မလေးရှားက ရင်း နှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊R.O.K က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၆၂ ဒသမ ၆၉၃ သန်း၊ Samoa ကရင်းနှီးမြှုပ်နှံမှုတိုး မြှင့်ခြင်းအပါအဝင် ဒေါ်လာနှစ်သန်း၊ Seychelles ကဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်း နှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ခုနစ်သန်း၊နယ်သာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါ အဝင် ဒေါ်လာလေးသန်း၊  U.K က ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါ အဝင် ဒေါ်လာ ၀ ဒသမ ၃၃၅ သန်း၊  နီပေါ က ဒေါ်လာ ၁ ဒသမ ၅ သန်း ဝင်ရောက်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည် ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ပါ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်း  အမျိုးအစားများကို အဆိုပြုလွှာ တင်ပြလာပါက ဦးစားပေးဆောင်ရွက်မည် ဖြစ်သဖြင့်  လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများတင်ပြကြရန်ဖိတ်ခေါ် ထားသည်။

ဇွန်လမှ စ၍ နိုင်ငံတကာ လေကြောင်းလိုင်းများ ထပ်တိုး ပျံသန်းမည့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်

လာမည့် ၂၀၂၂ ခုနှစ် ဇွန်လမှ စတင်ကာThai Smile လေကြောင်းလိုင်းသည် ရန်ကုန် -ဘန်ကောက်ခရီးစဉ်ကို စတင်ပျံသန်း မည်ဟု သိရသည်။ လက်ရှိတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် စင်ကာပူလေကြောင်းလိုင်း၊ နိုင်ငံပိုင် မြန်မာအမျိုးသားလေ ကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းတို့သာ နိုင်ငံတကာ ခရီးစဉ်များ ပျံသန်းနေခြင်းဖြစ်သည်။

လာမည့် ၂၀၂၂ခုနှစ် ဇွန်လမှ စတင်ကာ ထိုင်းနိုင်ငံမှ လေကြောင်းလိုင်းအချို့ ရန်ကုန်- ဘန်ကောက် ခရီးစဉ်ကို ပျံသန်းရန် စီစဉ်နေခြင်း ဖြစ်သည်။

နိုင်ငံတကာခရီးစဉ်များ ပုံမှန် ပျံသန်းနေပြီဖြစ်သည့် MAI လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်ကို မေ ၂၀ ရက်မှ စတင်ကာ တစ်ရက်လျှင် သုံးကြိမ်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် MAI လေကြောင်း လိုင်းသည် ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူ၊ ဒေလီ၊ ကိုလ် ကတ္တား၊ အင်ချွန်း၊ ကွမ်ကျိုး၊ တိုကျို၊ ဒူဘိုင်းနှင့် ဖနွမ်းပင်စသည့် နိုင်ငံတကာခရီးစဉ် ၁ဝခုအား ပျံသန်းလျက် ရှိသည်။

Commercial Flight များ ဆင်းသက်မှု ပြန်လည်စတင်နေပြီ  ဖြစ်သည့် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က ကွာလာလမ်ပူ၊ ကိုလ်ကတ္တားနှင့် ဒေလီအပါအဝင် နိုင်ငံတကာခရီးစဉ် ၁၀ ခုအား သတ်မှတ်ထားသည့် ရက်များတွင် ပုံမှန် ခရီးစဉ်များ ပြန်လည် ပျံသန်းနေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ လေကြောင်း ခရီးစဉ်များ ဆင်းသက်မှု ယာယီရပ်ဆိုင်းထားပြီး ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များသာ ပျံသန်းနေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Commercial Flight များ ပြန်လည် စတင်နေပြီဖြစ်ပြီး နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူခရီးစဉ်များ ပုံမှန် ပျံသန်းနေပြီ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က ဧပြီလအတွင်း ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုး၊ ကိုလ်ကတ္တားနှင့် ဒေလီသို့ အထူးခရီးစဉ်များ ပျံသန်းသွားမည် ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ဧပြီလတွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ အပြတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင်လည်းကောင်း၊ စင်ကာပူသို့ အပတ်စဉ် တနင်္လာ၊ စနေ နေ့များတွင်လည်းကောင်း၊ ကိုလ်းကတ္တားနှင့် ဒေလီသို့ သတ်မှတ်ထားသည့် ရက်များတွင် ပျံသန်းခဲ့ကြောင်း သိရသည်။

ဧပြီ ၁ ရက်မှစ၍ COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသည့် ခရီးသည်များ စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် Entry Approval ပြသရန်နှင့် Quarantine ဝင်ရန်မလိုအပ်တော့ကြောင်း သတင်းရရှိသည်။

လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့သိသာစွာ ကျဆင်းလာသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချော မွေ့ စေရေးအတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ယာယီကန့်သတ်သည့်အစီစဉ်အား ဧပြီ ၁၆ ရက်ထိ သတ်မှတ်ပြီး ကိုဗစ်ရောဂါ ပြည်ဝင်ခွင့်လိုအပ်ချက်များနှင့် အညီ ဧပြီ ၁ရရက် မှစတင်ကာ သတ်မှတ်စည်းကမ်း ချက်များ အတိုင်းပုံမှန် ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန် ရှိပါက ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်း လွတ်ခွင့်ရရှိနိုင်ရန် အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ် အကူအညီတောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent