တစ်ချိန်ကသူရဲကောင်း ၊ အခုတော့ ဗီလိန်

တစ်ချိန်ကသူရဲကောင်း ၊ အခုတော့ ဗီလိန်
Photo: AFP
Photo: AFP
Published 14 May 2022
ခက်ဝေ

စီးပွားရေးအကျပ်အတည်းကြောင့် ပြည်သူ၂၂ သန်း၏လူမှုဘဝများ ကမောက် ကမဖြစ်ကာ သီရိလင်္ကာနိုင်ငံသည် ဘေးကျပ်နံကျပ်ကာလကို ရင်ဆိုင်နေရပြီ။ ပြည်တွင်းစစ်ကို ရပ်တန့်စေခဲ့သည့် သူရဲကောင်းများအဖြစ် တစ်ချိန်ကပြည်သူများ ချီးကျူးခဲ့သည့် ရာဂျာပက်ဆာညီအစ်ကိုများသည် ယခုတော့ ဗီလိန်ဂုဏ်ပုဒ် ပေးခံထားရသည်။

ဧပြီလအစောပိုင်းမှစတင်ကာ ဆန္ဒပြသူ များက နိုင်ငံ့စီးပွားရေးခြွတ်ခြုံကျအောင် တွန်းပို့ခဲ့သည်ဟု ဆိုကာ သမ္မတဂိုတာဘာ ယာရာဂျာပက်ဆာနှင့် ဝန်ကြီးချုပ်မဟင်ဒါ  ရာဂျာပက်ဆာတို့ နုတ်ထွက်ပေးရန် တောင်းဆိုလာကြသည်။ ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် ကုန်စျေး နှုန်းစတက်ခဲ့ပြီးယခုတွင် ပြည်သူများကလွန်ခဲ့သည့် တစ်နှစ်ကထက် ရာခိုင်နှုန်း ၃၀ ကျော် ပိုသည့်နှုန်းထားဖြင့် ပေးဝယ်နေရသည်။ ထိုသို့ကျပ်တည်းလာမှုကြောင့် ပြည် သူအများစုမှာထမင်းနပ်မမှန်တော့ပေ။

ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာကို ထောက်ခံသူများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို တိုက်ခိုက်ခဲ့ရာမှ နိုင်ငံအနှံ့ ရုန်းရင်းဆန်ခတ်ပဋိပက္ခများ ဖြစ်လာခဲ့ပြီးနောက် မဟင်ဒါသည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးလိုက်သည်။ သူပိုင်ဆိုင်သည့် အိမ်အချို့အပါအဝင် နိုင်ငံရေးသမားများ၏ ဒါဇင်နှင့်ချီသည့် နေအိမ်များလည်း မီးရှို့ခံရပြီး အသက် ၇၆ နှစ်အရွယ် မဟင်ဒါ နေထိုင်သည့်နေရာကို သွေးဆူနေသည့်လူအုပ်က  ၀ိုင်းထားခဲ့သဖြင့် ထိုနေရာမှတိမ်းရှောင်ခဲ့ရသည်။

မဟင်ဒါသည် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ရေတပ်အခြေစိုက်စခန်းတစ်ခုတွင် ပုန်းအောင်းနေရပြီး တရားရုံးတစ်ရုံးကသူ့ကို နိုင်ငံမှထွက်ခွာခွင့် ပိတ်ထားသည်။ ၎င်းအဖြစ်သည် သမ္မတအဖြစ် နှစ်ကြိမ် တာဝန်ယူခဲ့သည့် မဟင်ဒါအတွက်တော့ လုံးလုံးအရှက် ခွဲခံရသည်နှင့်မခြားပေ။

မဟင်ဒါ ရာဂျာပက်ဆာသမ္မတဖြစ်နေချိန် ၂၀၀၉ ခုနှစ်တွင် တမီးလ်ကျားသူပုန်များ ရှုံးနိမ့်ကာကာလရှည်ကြာ ပြည်တွင်းစစ်ကြီး  ပြီးဆုံးသွားခဲ့သည်။ ထိုစဉ်က ကာကွယ်ရေး ဝန်ကြီးတာဝန်ယူခဲ့သည့် ဂိုတာဘာယာရာ ဂျာပက်ဆာ (မဟင်ဒါ၏ညီ)က လက်ရှိတွင် သီရိလင်္ကာသမ္မတ ဖြစ်နေသည်။

အစိုးရအဖွဲ့တွင် အဓိကရာထူးများကို ယူထားသည့် နောက်မွေးချင်းညီအစ်ကိုနှစ်ဦး ဘေဆယ် ရာဂျာပက်ဆာနှင့် ချမယ်ရာဂျာ ပက်ဆာတို့က နိုင်ငံ၏ကျပ်တည်းမှု ဆိုးလာသဖြင့် ပြီးခဲ့သည့်လက နုတ်ထွက်လိုက်သည်။ အလားတူ မဟင်ဒါ၏သား အားကစားဝန်ကြီး နေမယ် ရာဂျာပက်ဆာလည်းရာထူးမှ နုတ်ထွက်ထားသည်။

သို့သော်ဂိုတာဘာယာကမူ သမ္မတ ရာထူးမှနုတ်ထွက်ရန် အစီအစဉ်မရှိဟု ပြောကြားထားပြီး ပြီးခဲ့သည့်သီတင်းပတ်တွင် အရေးပေါ် အခြေအနေကြေညာထားသည်။  ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှလွတ်လပ်ရေး ရပြီးကတည်းက အဆိုးဆုံးစီးပွားရေး အကျဉ်းအကျပ် ကြုံနေရသည့် သီရိလင်္ကာသည် နောက်ထပ်နိုင်ငံရေးမတည်ငြိမ်မှုကို ခါးစည်းခံရန် မဖြစ်နိုင်ပေ။ စားစရာနှင့် လောင်စာများ စျေးကြီးရှားပါးမှုကြောင့်ပင် ပြည်သူများ ပူလောင်နေကြသည်။

ဆယ်စုနှစ်တစ်ခုကျော်ကြာ သီရိလင်္ကာ နိုင်ငံရေးလောကကို လွှမ်းမိုးချုပ်ကိုင်လာခဲ့သည့် ရာဂျာပက်ဆာမိသားစုအတွက်မူ ယခု အပြောင်းအလဲများသည် ထင်မှတ်မထားသည့် ဇာတ်ပျက်မှုဟု ဆိုရလိမ့်မည်။

မဟင်ဒါရာဂျာပက်ဆာကို နှစ်ပေါင်း  ၃၀ နီးပါးကြာ ပြည်တွင်းစစ်ကိုအဆုံးသတ် ပေးသူသူရဲကောင်းအဖြစ် လူများစုဖြစ်သည့် ဆင်ဟာလိလူမျိုးများက သတ်မှတ်ဂုဏ်ပြုခဲ့ပြီး စစ်ကြီးပြီးသွားပြီး မကြာမီပြုလုပ်သည့်  အောင်ပွဲအခမ်းအနားများတွင်  သူ့ကိုဗုဒ္ဓဘာ သာဝင်ဆင်ဟာလိဘုရင်မျိုးများနှင့် ခိုင်းနှိုင်း ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးအလွန် သီရိလင်္ကာတွင် မဟင်ဒါသည် အထင်ရှားဆုံးဆင်ဟာလိ ခေါင်းဆောင်ဖြစ်ခဲ့ပြီး အချို့သူများကသူ့ကို ဧကရာဇ်မဟင်ဒါဟုပင် သတ်မှတ်ထားကြသည်ဟု  ၀ါရင့်နိုင်ငံရေးသုံးသပ်သူကူဆယ် ပရီရာက ပြောသည်။

မစ္စတာပရီရာသည် ၂၀၁၇ ခုနှစ်တွင် Rajapaksa : The Sinhala Selfie အမည်ဖြင့် စာအုပ်ထွက်ခဲ့ပြီး ထိုစာအုပ်ထဲတွင် သီရိလင်္ကာကျွန်းနိုင်ငံ၏ နိုင်ငံရေးလောကတွင်  ရာဂျာပက်ဆာမိသားစု၏ အခန်းကဏ္ဍ၊ မဟင်ဒါကအာဏာအတွက် မည်သို့မည်ပုံ ကြိုးစားခဲ့ပုံများကို အသားပေးဖော်ပြခဲ့သည်။

မဟင်ဒါ၏ဖခင်သည် ပါလီမန်အမတ်တစ်ဦးဖြစ်ပြီး မဟင်ဒါကအတိုက်အခံခေါင်း ဆောင်အဖြစ်မှ ၂၀၀၄ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် မဟင်ဒါ သမ္မတဖြစ်လာပြီး ညီဖြစ်သူဂိုတာဘာယာကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်ထားခဲ့သည်။

သီရိလင်္ကာစစ်တပ်မှ အနားယူကာ အမေရိကန်တွင် ဘဝကို သိုသိုသိပ်သိပ်ဖြတ် သန်းခဲ့သည့် ဂိုတာဘာယာအတွက်မူ ကြီးမားသည့် တိုးတက်မှုကြီး ဖြစ်သည်။ သူသည် မဟင်ဒါကမ်ပိန်းအတွက် ပြန်လာခဲ့ပြီး မကြာမီအခြားညီနောင်များနှင့် ဆွေမျိုးများလည်း အစိုးရအဖွဲ့တွင် နေရာယူလာခဲ့သည်။ ရာဂျာ ပက်ဆာအင်ပါယာတည်ထောင်ရာတွင်  အခရာကျခဲ့သူမှာ မဟင်ဒါပင်ဖြစ်သည်။

ယခုမတိုင်မီအထိ ရာဂျာပက်ဆာတို့ ညီအစ်ကိုများသည် အမြဲစည်းလုံးခဲ့ကြသည်။ သို့သော် ပျက်စီးခြင်းလမ်းစက စတင်လာတော့သည်။အထူးသဖြင့် လက်ရှိသမ္မတဂိုတာ ဘာယာက အစ်ကိုဖြစ်သူ မဟင်ဒါကို အများအကျိုးအတွက် အနစ်နာခံရန်၊ ဆန္ဒပြသူများ၏ နုတ်ထွက်ခိုင်းသည့်တောင်းဆိုချက်ကို အလေးအနက်ထားရန်  တောင်းဆိုလိုက်ပြီး နောက်တွင်ဖြစ်သည်။

ထိုတောင်းဆိုချက်သည် အစိုးရအဖွဲ့ အတွင်းညီဖြစ်သူကို သွတ်သွင်းပေးခဲ့သည့် မဟင်ဒါအတွက်တော့ ကြီးမားသည့် စော်ကားမှုပင်ဖြစ်သည်။ မဟင်ဒါက သူ့နိုင်ငံရေး ခရီးကို ထိုပုံစံမျိုးဖြင့်တော့ အဆုံးသတ်ချင် မည်မဟုတ်ပေ။

ညီအစ်ကိုများအကြား ပြဿနာရှိနေ သည်ဆိုသည်ကို မဟင်ဒါ၏ အကြီးဆုံးသား နေမယ်က ငြင်းဆိုခဲ့သော်လည်းသေချာ ပေါက်တော့ သမ္မတနှင့် မဟင်ဒါတို့အကြား ပေါ်လစီကွဲပြားမှုတစ်ခုရှိနေသည်ဟု နေမယ်က ပြောသည်။ သူ့ဖခင်သည် လယ်သမားများနှင့် လူထုဘက်က အမြဲရှိနေခဲ့ပြီး သမ္မတဂိုတာ ဘာယာ၏ လမ်းစဉ်ကမူ ကွဲပြားနေခဲ့သည်ဟု နေမယ်က ဆိုသည်။

မဟင်ဒါဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်လိုက်သည့်အတွက် အစိုးရဆန့်ကျင်သူများ  ဝမ်းသာကောင်းဝမ်းသာနေကြမည်။ သို့သော် ဂိုတာဘာယာလည်း ထိုလမ်းကိုလိုက်ကို လိုက်ရမည်ဟု ဆန္ဒပြသူများက စိတ်ပိုင်းဖြတ်ထားကြသည်။ ဂိုတာဘာယာက သူသည်  ဒုတိယအကြိမ် သမ္မတသက်တမ်းကို စိတ်မဝင်စားဘဲ နိုင်ငံကို စီးပွားရေးဒုက္ခနွံကြားမှ  ဆွဲထုတ်ချင်သည်ဟုသာ သူနှင့်နီးစပ်သူများအား ပြောကြားထားသည်။

သို့သော် တစ်နိုင်ငံလုံးကို ပျံ့နှံ့နေသည့်  ရာဂျာပက်ဆာ ဆန့်ကျင်ရေးခံယူချက်များကြောင့် သူ့တွင် ရွေးချယ်စရာနည်းပါးလွန်းလှသည်။ ချောင်ပိတ်ခဲ့ပါကခက်ထန်သူအဖြစ် ထင်ရှားသည့် သမ္မတဂိုတာဘာယာသည်  အာဏာတည်မြဲရန် စစ်တပ်ကို အသုံးချလာ နိုင်သည်ဆိုသည့် ပူပန်မှုများလည်းရှိနေကြသည်။

ရာဂျာပက်ဆာမိသားစုသည် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူနည်းစုလူမျိုးများနှင့် မီဒီယာအပေါ် နှိပ်ကွပ်မှုများ လုပ်သည်ဆိုသည့် စွပ်စွဲချက်များရှိနေသည့်တိုင် ဆင်ဟာလိလူထုအကြား နှစ်ပေါင်းများစွာ ကျော်စောခဲ့ပြီး ထိုပြဿနာများကို ဆင်ဟာလိလူများစုက ထိုစဉ်က မျက်ကွယ်ပြု ခဲ့ကြသော်လည်း ယခုမူ တစ်နိုင်ငံလုံးကျပ် တည်းနေပြီး ဆန္ဒပြမှုများကလူမျိုးစုများကို စည်းလုံးသွားစေကာ ဆင်ဟာလိလူများစုက လူနည်းစုများ၏ အခွင့်အရေးအတွက်ပင်  ထောက်ခံပြောဆိုလာကြသည်။

ရာဂျာပက်ဆာမိသားစုဘက်ကလည်း လွယ်လွယ်ကူကူဖြင့်တော့ လက်လျှော့လိုက် ရန် ဆန္ဒရှိလိမ့်မည်မဟုတ်ပေ။ သူတို့နိုင်ငံရေး အနာဂတ်ကို ပူပန်ရသလိုအစိုးရသစ် တက်လာသည့်အခါ သူတို့ဘေးကင်းလုံခြုံရေးကိုလည်း စိုးရိမ်နေရသည်။

ယခုထိမူ သမ္မတက နုတ်ထွက်ရန် တောင်းဆိုသံများကို လျစ်လျူရှုနေပြီး လိုက်လျောမှုအချို့တော့ ပြုလုပ်ထားသည်။ သမ္မတ၏ ဆုံးဖြတ်ခွင့်အာဏာအချို့ကို ပါလီမန်သို့ လွှဲပေးရန် သူသဘောတူထားပြီး ၀ါရင့်နိုင်ငံရေးသမား ရာနီးလ်ဝစ်ခရမ်မက်ဆင်းကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်ကာ ပါတီစုံ အစိုးရတစ်ရပ်ကို ဦးဆောင်စေမည်ဖြစ်သည်။

သို့သော်လည်း သမ္မတဂိုတာဘာယာ၏ နိုင်ငံရေးအနာဂတ်မှာ အန္တရာယ်ရှိနေဆဲဖြစ်ပြီး အချိန်တန်လျှင်သူ နုတ်ထွက်ရမည်ဟုပင် အချို့က ယူဆထားကြသည်။

ပြည်သူအများစုက သမ္မတ၏ လှည့်ကွက်များကို စိတ်ပျက်ကာစိတ်မရှည်ဖြစ်နေ ကြသည်။တည်ငြိမ်သည့်အစိုးရတစ်ရပ်မရှိလျှင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နှင့်ချေးငွေကိစ္စညှိနှိုင်းရေး၊ ကြွေးမြီကိစ္စ ကိုင်တွယ်ရေးတို့ ခက်ခဲနေမည်ဖြစ်သည်။ နောင် တက်လာမည့်အစိုးရက ထိုပြဿနာများကို ချက်ချင်းမဖြေရှင်းလျှင်လည်း လျှပ်စစ်မီးမရမှု နှင့် လောင်စာပြတ်လပ်မှုတို့ ပို၍သက်ဆိုးရှည် ကြာနေတော့မည်သာဖြစ်သည်။

Most Read

Most Recent