တရုတ်အစိုးရသည် ရွေးကောက်ပွဲများ မှတစ်ဆင့် တက်လာသည့် အစိုးရအဖွဲ့မဟုတ်သော်လည်း ကွန်မြူနစ်ပါတီ၏ အောင်မြင်ဖြစ်ထွန်းမှုများသည် ရွေးကောက်ပွဲများမှ တက်လာသည့် အစိုးရများထက် ပိုမိုသာလွန်သည်ဟု တရုတ်အရာရှိများက ပြောကြားခဲ့ကြသည်။COVID-19 ကပ်ရောဂါကာလအတွင်း တရုတ်အစိုးရသည် အနောက်နိုင်ငံများမှ အစိုးရများထက် ကပ်ရောဂါကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့သဖြင့် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်နိုင်သည်။
၂၀၂၀ ပြည့်နှစ်က အခမ်းအနားတစ်ခုတွင် တရုတ်သမ္မတ ရှီကျင်းပင်က ကပ်ရောဂါကို နိုင်နင်းစွာ ထိန်းချုပ်နိုင်မှုသည် တရုတ်၏ ထူးခြားသော လက္ခဏာများနှင့်အတူ ဆိုရှယ် လစ်စနစ်၏ သာလွန်ကောင်းမွန်မှုကို နောက်ထပ်တစ်ကြိမ် သက်သေပြရာရောက်သည်ဟု ကြေညာခဲ့သည်။
ရောဂါကူးစက်မှုများ စတင်တွေ့ရှိခဲ့သော်လည်း ကပ်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့မှုနှင့်ပတ်သက်ပြီး ဖွင့်လှစ်ခဲ့သည့် ပြတိုက်တည်ရှိရာ ဝူဟန်မြို့တွင် ကပ်ရောဂါဖြစ်ပွားသည့် တစ်နှစ်ပြည့်အချိန်ကာလက အကာအကွယ်ဝတ်စုံများဝတ်ဆင်ထားသည့် ဆေးဘက်လုပ်သားများနှင့် ရှီကျင်းပင်၏ ရုပ်ပုံများကို နေရာအနှံ့တွင် ချိတ်ဆွဲထား ရှိခဲ့သည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြခဲ့သည်။
ယင်းအချိန်ကာလများက ကပ်ရောဂါထိန်းချုပ်မှုနှင့်ပတ်သက်ပြီး ရှီသည် လက်မထောင်နိုင်ခဲ့သော်လည်း လက်ရှိတွင် ၎င်း၏ ကိုဗစ်ကင်းစင်မူဝါဒမှာမူ ကျရှုံးမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။
လူဦးရေ ၂၆ သန်းရှိသည့် ရှန်ဟိုင်းမြို့သည် ရောဂါကူးစက်မှုများကို ထိန်းချုပ်ရန် ကြိုးပမ်းအားထုတ်နေသော်လည်း lockdown ချမှတ်မှုများမှာ သီတင်းပတ် ငါးပတ်အထိရှိလာခဲ့သဖြင့် ဒေသခံများအကြား မကျေနပ်မှုများ မြင့်တက်လာခဲ့သည်။
လက်ရှိတွင် ရှန်ဟိုင်းအာဏာပိုင်များက Lockdown ကို အဆင့်လိုက် ပြန်လည်ဖြေလျှော့ပေးမည်ဟု ပြောကြားခဲ့သော်လည်း ပေကျင်းမြို့သည် ရှန်ဟိုင်းကဲ့သို့ Lockdown ချနိုင်ခြေရှိနေသဖြင့် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေသည်။
နိုင်ငံအတွင်း အဓိကမကျသည့် အချို့ မြို့ပြဒေသများတွင်မူ ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို တင်းကျပ်စွာ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ခြုံငုံသုံးသပ်ရလျှင် တရုတ်၏မြို့ပေါင်း ၄၆ မြို့တွင် လူဦးရေ ၃၄၅ သန်းသည် လက်ရှိတွင် အပြည့်အဝ Lockdown သို့မဟုတ် တစ်စိတ်တစ်ပိုင်း Lockdown အောက်တွင်ရှိနေသည်။
တရုတ်တွင် ကပ်ရောဂါကူးစက်မှုများ နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပွားလာသည့် အဓိကအကြောင်းရင်းမှာ အလွန်ကူးစက်မြန်သည့် အိုမီခရွန်မျိုးကွဲကြောင့်ဖြစ်သည်။ ထို့ကြောင့် ရောဂါကူးစက်မှုများကို ထိန်းချုပ်ရန် မည်သည့်ကြိုးပမ်းအားထုတ်မှုမျိုးမဆို ဒေသခံများကို စိတ်ပျက်ညည်းညူစေမည်ဖြစ်သည်။
ရှန်ဟိုင်းမြို့တွင်ချမှတ်သည့် Lockdown များကြောင့် လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးထိခိုက်မှုများမှာ ဆိုးရွားလှသည်။ သို့သော်လည်း သမ္မတ ရှီကျင်းပင်အပေါ် ကျရောက်သည့် နိုင်ငံရေးသက်ရောက်မှုများမှာ အစိုးရိမ်ရဆုံးဖြစ်သည်။
ရှီကျင်းပင်သည် ၎င်း၏ အာဏာသက် တမ်းတစ်လျှောက် အရေးအကြီးဆုံးအချိန် ကာလတစ်ခုသို့ ရောက်ရှိနေသည်။ ယခုနှစ်တွင် သူသည် ကွန်မြူနစ်ပါတီ၏ အတွင်းရေးမှူးချုပ်ရာထူး ဒုတိယသက်တမ်းပြည့်မည်ဖြစ်သည်။ ၎င်းမတိုင်မီက ပါတီအတွင်းအရေးမှူးချုပ်နှစ်ဦးမှာ ဒုတိယသက်တမ်းကုန်ချိန်တွင် ရာထူးမှ ထွက်ခွာခဲ့ကြသည်။
သို့သော်လည်း ရှီသည် ယင်းရာထူးနေရာမှာပင် ဆက်နေရန် ရည်ရွယ်ထားသည်။ ယခုနှစ်နိုဝင်ဘာလထဲကျင်းပဖွယ်ရှိသည့် ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ညီလာခံတွင် ရှီကို တတိယသက်တမ်းအတွက် သဘောတူညီကြဖွယ်ရှိနေသည်။ ပါတီခေါင်းဆောင်အဖြစ် တတိယသက်တမ်း ဆက်လက် တာဝန်ယူမှုသည် တရုတ်တွင် ရှီ၏ ပုဂ္ဂိုလ်ရေးအာဏာတည်တံ့မှုဖြစ်လာမည် ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်းက ရှီသည် ကွန်မြူနစ်ပါတီ၏ ဖွဲ့စည်းပုံတွင် ၎င်း၏သဘောထားများ ထည့်သွင်းခဲ့ပြီး တရုတ်သမ္မတရာထူးအတွက် သက်တမ်းကန့်သတ်ချက်များ ကိုပယ်ဖျက်ခဲ့သည်။ ယင်းသို့လုပ်ဆောင် ခြင်းအားဖြင့် ၎င်း၏ အာဏာဆုပ်ကိုင်မှုကို စီစဉ်ထားသည့်အတိုင်း အကောင်အထည် ဖော်ရန် သေချာစေခဲ့သည်။
သို့သော်လည်း နိုင်ငံအတွင်း ရောဂါကူးစက်မှုများပြန်လည်မြင့်တက်လာသဖြင့် Lockdown များချမှတ်မှုကြောင့် စီးပွားရေးကို အထိနာစေခဲ့ပြီး ပြည်သူများအကြား မကျေနပ်ချက်များမြင့်တက်နေခြင်းသည် ပါတီညီလာခံကို ရုပ်ပျက်စေမည်ဖြစ်ပြီး လက်ရှိတွင် ရှီသည် ဖိအားများနှင့် ရင်ဆိုင်နေရသည်။
အနောက်နိုင်ငံများက ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရေးမူဝါဒကို အကောင်အထည်ဖော်နေချိန်တွင် တရုတ်က ကိုဗစ်ကင်း စင်မူဝါဒကို သီးသန့်အကောင်အထည်ဖော်နေသည်။
သို့သော်လည်း အနောက်နိုင်ငံအချို့သည် လွတ်လပ်မှုကို အလွန်အကျွံတန်ဖိုးထားခဲ့သဖြင့် အစောပိုင်းကာလက ကပ်ရောဂါ တုံ့ပြန်ဆောက်ရွက်မှုများတွင် အလွဲလွဲ၊ အချော်ချော်ဖြစ်ခဲ့သည်။
တရုတ်ကမူ ကပ်ရောဂါထိန်းချုပ်မှုတွင် အနောက်နိုင်ငံများနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး အလွန်တင်းကျပ်သည့် တားမြစ်ကန့်သတ်ချက်များထုတ်ပြန်ခဲ့သဖြင့် လက်ရှိတွင် ပြည်သူများ၏ မကျေနပ်ချက်များနှင့် ရင်ဆိုင်နေ ရသည်။
ကပ်ရောဂါသည် ပြောင်းလဲတိုးတက်လာသည့် အဆင့်တစ်ခုသို ရောက်ရှိလာချိန်တွင် အစောပိုင်းကာလက အောင်မြင်မှုရနေသည့် တရုတ်၏ ကိုဗစ်ကင်းစင်မူဝါဒကို ရိုက်ခတ်လာခဲ့သည်။ ကပ်ရောဂါအစောပိုင်းကာ လက အမေရိကန်တွင် သေဆုံးသူ တစ်သန်း ကျော်ရှိနေချိန်တွင် တရုတ်သည် သေဆုံးသူ အရေအတွက် ထောင်ဂဏန်းသာရှိစေရန် ထိန်းထားနိုင်ခဲ့ပြီး လက်မထောင်နိုင်ခဲ့သည်။
ယင်းကဲ့သို့ အောင်မြင်မှုရရှိသည့် အခြေအနေကြောင့်ပင် တရုတ်သည် ကာကွယ်ဆေးထိုးနှံမှုကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ပုံရသည်။ တရုတ်၏ သက်ကြီးပိုင်းအရွယ် အများအပြားသည် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံမှုခံယူခဲ့ခြင်းမရှိပေ။ ထို့ပြင် တရုတ်၏ ပြည်တွင်းလုပ် ကိုဗစ် ကာကွယ်ဆေးများသည်လည်း အနောက်နိုင်ငံများ၏ ကာကွယ်ဆေးများနှင့်နှိုင်းယှဉ်လျှင် ထိရောက်မှု အနည်း ငယ် လျော့နည်းခဲ့သည်။
ယင်းအချက်များကြောင့် တရုတ်အရာရှိများသည် လက်ရှိ အိုမီခရွန်မျိုးကွဲ ကူးစက်မှု အခြေအနေကို ထိတ်လန့်နေခြင်းဖြစ်ပြီး ယင်းမျိုးကွဲကို နိုင်နင်းစွာ မထိန်းချုပ်နိုင်ပါက လူပေါင်း သန်းချီသေဆုံးဖွယ်ရှိသည့်အရေးကို စိုးရိမ်နေကြခြင်းဖြစ်သည်။
ယင်းသည် နိုင်ငံတော်အဆင့် ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်လာနိုင်သည်။ ရှီကျင်း ပင်အတွက်လည်း နိုင်ငံရေးအဆိပ်အတောက် တစ်ခုဖြစ်လာနိုင်သည်။ ကိုဗစ်ကင်းစင်မူဝါဒ ၏ အစောပိုင်းကာလက အောင်မြင်မှုရရှိခဲ့ သဖြင့် ချီးကျူးခံခဲ့ရသည့် ရှီသည် နိုင်ငံရေးအရ ထိုးနှက်ချက်ဖြစ်လာမည့် ပြစ်တင်ဝေဖန်မှု များကို ရှောင်လွှဲနိုင်ရန် ရုန်းကန်ရမည်ဖြစ်သည်။
လာမည့်လများတွင်လည်း စီးပွားရေး အရ ထိခိုက်မှုများမှာ မြင့်တက်လာနိုင်သည်။ အနာဂတ်တွင် Lockdown များနှင့်ပတ်သက်ပြီး မရေရာမှုများရှိနေသဖြင့် ထောက်ပံ့ရေး ကွင်းဆက်ရပ်တန့်ပြီး ရင်းနှီးမြှုပ်နှံမှုများ ကျ ဆင်းနေသည်။
ထို့ကြောင့် ကပ်ရောဂါနှင့်ပတ်သက်သည့် အခြေအနေအရပ်ရပ်သည် တရုတ်၏ ကိုဗစ်ကင်းစင်မူဝါဒကို ကျရှုံးစေမည့်အနေ အထားတွင်ရှိနေပြီး သမ္မတရှီကျင်းပင်အပေါ် နိုင်ငံရေးဖိအားများ ပိုမိုကျရောက်စေမည်ဖြစ် သည်။










