အမေရိကန်သမ္မတအဖြစ် ရုံးခန်းထဲ ဝင်လာသည့် အခိုက်အတန့်တွင် ဂျိုးဘိုင်ဒင် ရှင်းရှင်းလင်းလင်း သိလိုက်သည့် အချက် တစ်ခု ရှိသည်။ တရုတ်သည်အမေရိကန်၏ အဓိကနိုင်ငံတကာ ပြိုင်ဘက်ဆိုသော အ ချက်ကို သူချက်ချင်းသိနေခြင်းပင်ဖြစ်ပါ လိမ့်မည်။ ထို့ကြောင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒအတွက် တရုတ်သည် ထိပ်တန်း ကိစ္စဖြစ်လာသင့်သည်ဟု သူက ယူဆထားသည်။ အမေရိကန်က အာရှကို ဖိုးကပ်လုပ်နေချိန်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ရာ တစ်ကမ္ဘာလုံး၏ အာရုံသည် ယူကရိန်း ပဋိပက္ခထံ ရောက်သွားသည်။ သို့သော် အမေရိကန်သည် ယူကရိန်းပဋိပက္ခအပေါ်တွင် ဇာတ်မျောမနေပါ။ မူလ အာရှဖိုးကပ်ဆိုသော နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်သွားနေသည်ကို မကြာခင် အမေရိကန်နှင့် အာဆီယံ တွေ့ဆုံမှု၊ ဘိုင်ဒင်၏ အာရှခရီးစဉ်တို့က သက်သေခံနေပါလိမ့်မည်။
■အမိမြေကို ကာကွယ်ခြင်း
မေ ၉ ရက်တွင် မော်စကိုမြို့ရှိ ရင်ပြင်နီတွင် ရုရှားက ကြီးမားသောစစ်ရေးပြချီတက်ပွဲကို ပြုလုပ်ခဲ့ သည်။ ဒုတိယကမ္ဘာစစ်တုန်းက နာဇီဂျာမနီကို အောင်နိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်သောအခမ်းအနားတွင် သမ္မတဗလာဒီမာပူတင်က ယူကရိန်းတွင် ရုရှား ဆင်နွှဲနေသောစစ်ပွဲကို ကာကွယ်ပြော ဆိုခဲ့သည်။ အမိမြေကို ကာကွယ်ရန်လိုအပ် သောစစ်ပွဲဟု ပြောသည်။ အောင်ပွဲနေ့ဟုခေါ်သော အခမ်းအနားတွင် ရုရှားသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များကို ပြသခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပူတင်မိန့် ခွန်းပြောကြားနေစဉ် ယူကရိန်းအရှေ့ပိုင်း၌ ပြင်းထန်သောတိုက်ပွဲ များဖြစ်ပွားလျက်ရှိ သည်။ ရုရှားရှေ့ဆက်ဆောင်ရွက်မည့် လမ်းစဉ်များကို ပူတင်က ပြောကြားခဲ့ခြင်းမရှိပေ။
ယနေ့ဖြစ်ပွားနေသော ပဋိပက္ခနှင့် စပ်လျဉ်း၍ ပူတင်ကအနောက်အုပ်စုနှင့် ယူကရိန်းတို့ကို အပြစ်တင်ခဲ့သည်။ ရုရှားသည် လုံးဝ လက်မခံနိုင်သော ခြိမ်းခြောက်မှုကိုရင်ဆိုင်နေရသည်ဟု ပူတင်ကပြောကြားခဲ့ပြီး ကမ္ဘာစစ်၏ ကြောက်မက်ဖွယ် ကောင်းပုံကို ဆန့်ကျင်ကြရန် သတိပေးခဲ့သည်။
■အမေရိကန်နှင့် အာဆီယံ
ယူကရိန်းကို ထောက်ပံ့ခြင်း၊ ရုရှား
သမ္မတဗလာဒီမာပူတင်ကို အပြစ်ပေးခြင်းတို့အား လအတန်ကြာအချိန်ပေးလုပ်ဆောင်ခဲ့ပြီးနောက် ဘိုင်ဒင်သည် ယုတ်စွအဆုံးယာယီအားဖြင့် အာရှကိုပြန်လည်အာရုံစိုက်လာသည်။ ယူကရိန်းတွင်ဖြစ်ပွားနေသောစစ်ပွဲ က အမေရိကန်အစိုးရ၏ အခြားသောနိုင်ငံတကာရည်မှန်းချက်များကို ဖုံးလွှမ်းသွားမည် မဟုတ်ဆိုသော လက္ခဏာပင်တည်း။
ဘိုင်ဒင်သည် နှစ်ရက်ကြာ ထိပ်သီးအတွက် မေ ၁၂ ရက်(ကြာသပတေးနေ့) မှ စတင်ကာ အာဆီယံခေါင်းဆောင်များကို တွေ့ဆုံမည်ဖြစ်ရာ ခေါင်းထောင်လာသော တရုတ်နှင့် အငြင်းပွားမှုများ ပြည့်နှက်နေ သည့် အာဆီယံနှင့် အမေရိကန်၏သီးသန့် စေ့စပ်ဆွေးနွေးမှု ဖြစ်လာမည်ဖြစ်သည်။ မေလ ၁၂- ၁၃ တွင် ၀ါရှင်တန်မြို့၌ အာဆီယံခေါင်းဆောင်များကို ဘိုင်ဒင် လက်ခံတွေ့ဆုံမှုသည် စိတ်ဝင်စားစရာကောင်းနေသည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားသည် တရုတ်နှင့် ပိုမိုနီးစပ်နေသည့် အနေအထားဖြစ်နေပြီး အမေရိကန်နှင့် အနည်းငယ်ကင်း ကွာသလိုဖြစ်နေသည်။ ထို့အပြင် ၀ါရှင်တန်၌ ပြုလုပ်မည့်အမေရိကန်နှင့် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးတွင် မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးရန် သေချာသလောက်ရှိ နေသည်။ ဒေသတွင်း အင်အားကြီးတရုတ်နှင့် အာဆီယံနိုင်ငံများ၏ ထိတွေ့ဆက်ဆံမှုများ တိုးလာသည့်အနေအထားတွင် အမေရိကန်သည် အာရှနှင့် အရှေ့တောင်အာရှကို ပြန်လည် ဖိုးကပ်လုပ်လာခြင်းဖြစ်သည်။
ထို့နောက် ရက်ပိုင်းအတွင်းတွင် ဂျိုးဘိုင်ဒင်သည် လေးရက်ကြာ အာရှခရီးကို စတင်မည်ဖြစ်ပြီး ဂျပန်နှင့်တောင်ကိုရီးယားတို့ကို လာမည်ဖြစ်သည်။ အဆိုပါနှစ်နိုင်ငံသည် အမေရိကန်နှင့်သဘောတူစာချုပ်များ ချုပ်ဆိုထားကြသည့် မဟာမိတ်နိုင်ငံများဖြစ်သည်။ တိုကျိုတွင် လေးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ရာ ထိုဆွေးနွေးပွဲကို သြစတြေးလျ၊ အိန္ဒိယနှင် ့ဂျပန်တို့ကဝန်ကြီးချုပ်များ အသီးသီးတက်ရောက်ကြမည်ဖြစ်သည်။ အမှန်မှာ တရုတ်ကို တန်ပြန်ရေး အတွက် ကွပ်ဆိုသော လေးနိုင်ငံမဟာမိတ်ကို ဖွဲ့ထားရာ အမေရိကန်၊ ဂျပန်၊ သြစတြေး လျနှင့် အိန္ဒိယတို့သည် ကွပ်မဟာမိတ်အဖွဲ့ ဝင်နိုင်ငံများဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် တရုတ်နှင့်သက်ဆိုင်သည့် အရေးပါသော မိန့်ခွန်းကိုမကြာမီက ပြောကြားရန် စီစဉ်ထားခဲ့သည်ဆိုသော် လည်း ဘလင်ကန်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရထားသဖြင့် မိန့်ခွန်းပြောမည့် အစီအစဉ်ကို နောက်ဆုတ်ထားသည်။
အာဆီယံထပ်သီးတွင် ယူကရိန်းက စစ်ပွဲအကြောင်းသည် ဦးစားပေးဆွေးနွေးမည့် အကြောင်းအရာ ဖြစ်လာမည်ဖြစ်သော်လည်း အရှေ့တောင်အာရှ၏ လုံခြုံရေးကိစ္စကိုဆွေးနွေးရန်လည်း အခွင့်အလမ်းတစ်ခုဖြစ်လာမည်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ယန် ဆာကီက ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအကြောင်း၊ မြောက်ကိုရီးယားအကြောင်းတို့ကိုလည်း ဆွေးနွေးမည်ဟု မျှော်လင့်ထားကြောင်း ဆာကီက ပြောသည်။ မြောက်ကိုရီးယားက အဏုမြူစမ်းသပ်မှုအသစ်ကို လုပ်ဆောင် မည့်အရိပ်အယောင်များပြနေ၍မကြာမီ မြောက်ကိုရီးယားသည် အမေရိကန်၏ထိပ် တန်းဦးစားပေးကိစ္စဖြစ်လာရန် ရှိနေသည်။
စတင်မ်ဆွန်စင်တာ၌ အကြီးတန်းသု တေသီအဖြစ်ဆောင်ရွက်နေသော ယူကီတက်ဆူမိကမူဘိုင်ဒင်၏ အာရှမူဝါဒကို ယခုကဲ့သို့သုံံးသပ်သည်။ အာရှသံတမန်ရေးကို ဆက်လက်ဆောင်ရွက်ခြင်းဖြင့် ဘိုင်ဒင်က သတင်းစကားပါးနေသည်ဟု ယူကီတက်ဆူမိ က ပြောသည်။
“ဘိုင်ဒင်အစိုးရအနေနဲ့အင်ဒို-ပစိဖိတ် ဒေသကနိုင်ငံတွေကို အာမခံချက်ပေးတာဟာ တော်တော်လေး အရေးပါနေပါတယ်။ ရေတိုမှာတော့ ယူကရိန်းကိစ္စကို ငါတို့ လုပ်နေတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ငါတို့ဟာ အင်ဒို-ပစိဖိတ်ကိုအခြေခံအားဖြင့်အာမခံပါတယ်လို့ပြောပါလိမ့်မယ်” ဟု သူက ပြောသည်။
■ရွေးရခက်နေ
နည်းပညာ တိုးတက်မှုလျင်မြန်လာခြင်း၊ ပြည်တွင်းနှင့်ပြည်ပတို့တွင်ထင်ရာစိုင်းနေခြင်း၊ နိုင်ငံ၏လူဦးရေမှာ ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံရှိနေခြင်းနှင့်အတူ တရုတ်သည် အဆက်ဆက်သော အမေရိကန်အစိုးရများ အတွက် အလွန်အရေးပါနေသည်။အနာဂတ်မှာ ပစိဖိတ်ဒေသဖြစ်သည်ဟု ရှုမြင်ထားသော အမေရိကန်အစိုးရများအအတွက် တရုတ်သည် အရေးပါလာခြင်းဖြစ်သည်။
အမေရိကန်သမ္မတဟောင်း ဘာရက် အိုဘားမားသည် အာရှမဏ္ဍိုင်ဆိုသောမူဝါဒကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် အိုဘားမားလက်ထက် အမေရိကန်အစိုးရ သည် အရှေ့အလယ်ပိုင်းတွင် ပါဝင်ဆောင် ရွက်မှုများကို လျှော့ချခဲ့သည်။ သို့သော်အရှေ့ အလယ်ပိုင်း၌ အိုင်အက်စ်အဖွဲ့ ပေါ်လာသည့်အခါ အိုဘားမားသည်အမေရိကန်စစ်သားများကို အီရတ်သို့ပြန်လည်စေလွှတ်ခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ရုရှားကယူကရိန်းထံ မှ ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့ပြီးနောက် ရုရှားကိုအားနည်းသော ဒေသဆိုင်ရာပါ၀ါဖြစ်ကြောင်း ပြောဆိုခြင်းဖြင့် အိုဘားမားသည် ပူတင်ကို ဒေါသထွက်စေခဲ့သည်။
American Enterprise Institute မှ အကြီးတန်းသုတေသီတစ်ဦးဖြစ်သော ဟားလ်ဘရန်းကမူ အာရှကိုဆက်လက်အာရုံစိုက်ထားရန်လိုအပ်မှုနှင့် ကမ္ဘာတစ်ဝန်းကဦးစား ပေးကိစ္စများ များပြားလာမှုတို့အကြားတွင် သိသာထင်ရှားသည့် တင်းမာမှု ရှိနေသည်ဟု ပြောသည်။
“ကျွန်တော်ကတော့ ရုရှားဗဟိုပြုကမ္ဘာမှာ နေထိုင်တာကို စိုးရိမ်ပြီး ညလယ်မှာအိပ်ရာက နိုးလာမှာမဟုတ်ပါဘူး။ အကြောင်းကတော့ ရုရှားမှာ အဲ့ဒီပါ၀ါမရှိတော့ပါဘူး။ အခု ပဋိပက္ခအပြီးမှာ ရုရှားဟာ အဲ့ဒီပါ၀ါကိုပိုင်ဆိုင်တော့မှာ မဟုတ်ပါဘူး” ဟု ဟားလ်ဘရန်း က ပြောသည်။ တရုတ်သည် အမေရိကန်အ တွက်အဓိပ္ပာယ်ပြည့်ဝသည့် စနစ်တကျပြိုင်ဘက်ဖြစ်သည်ဟု လက်ရှိအမေရိကန်အစိုးရ က ပြောနေသည်မှာ မှန်ကန်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တုန်းက အမေရိကန်ဟာ အာရှပြင်ပဒေသတွေမှာ တကယ် အရေးပါတဲ့ အကျိုးစီးပွားတွေရှိနေဆဲဆိုတာ ကို ကျွန်တော်တို့ မြင်နေရဆဲဖြစ်ပါတယ်။
အဲ့ဒီအကျိုးစီးပွားတွေဟာ ကျွန်တော်တို့ မျှော်လင့်ထားတာထက်ကို လွယ်လွယ်ကူကူ အန္တရာယ်တွေ့သွားနိုင်ပါတယ်” ဟု ဟားလ်ဘရန်းက ပြောသည်။
■အခွင့်အရေးကို အသုံးချ
ဘိုင်ဒင်အစိုးရသည် အာရှကိုအာရုံစိုက်ထားရင်း ယူကရိန်းအကျပ်အတည်း၏ ဥပမာကို မလွတ်တမ်းအသုံးချနိုင်သည်ဟု ဆူမိက ပြောသည်။ နယ်မြေတည်တ့ံခိုင်မြဲရေးနှင့် လူ့အခွင့်အရေးတို့ လို ခိုင်မာသောစည်းမျဉ်း စည်းကမ်းများအတွက် အမေရိကန်ပြည်ထောင်စုက မားမားမတ်မတ်ရပ်တည်ကြောင်း ပြသခြင်းဖြင့် ဘိုင်ဒင်အစိုးရသည်ဘုံအကျိုး စီးပွားကို ရှေးရှုမှု (commonality)ကို ပြသနိုင်သည်ဟု သူက ပြောသည်။
အာရှ၌အထူးသဖြင့် မိမိဘာသာဒီမိုကရေစီနည်းကျအုပ်ချုပ်နေသော ထိုင်ဝမ်ကိစ္စတွင် ပိုနေမြဲ ကျားနေမြဲ အနေအထားကို ပြောင်းလဲရန် တရုတ်၏ ကြိုးပမ်းမှုကိုအမေရိကန်က အကြိမ်ကြိမ်သတိပေးခဲ့သည်။တရုတ် က ထိုင်ဝမ်ကိုမိမိပိုင်နက်ဟုဆိုကာ လိုအပ်ပါက အင်အားသုံး၍သိမ်းယူမည်ဟုပြောကြား ထားသည်။
ယူကရိန်းကို ရုရှားကျူးကျော်ရာ၌များ ပြားလွန်းလှသောစရိတ်များကို တရုတ်မြင်ထားသည်မှာသေချာကြောင်း ဧပြီလတွင် ဘလင်ကန်က ကွန်ဂရက်ကိုပြောကြားခဲ့သည်။ တရုတ်အနေဖြင့် ထိုင်ဝမ်ကိစ္စကို ရှေ့ ဆက်တိုးခြင်းနှင့်စပ်လျဉ်း၍ကြီးမားသောစရိတ်စကများကို ထည့်သွင်းစဉ်းစားလိမ့်မည် ဟု ဘလင်ကန်က ပြောကြားခဲ့သည်။
■ တစ်ပြိုင်တည်း အာရုံစိုက်
ယူကရိန်းစစ်ပွဲကြောင့် အမေရိကန်အနေဖြင့် အခြားသောကိစ္စများကို အာရုံစိုက်မှု လျော့ကျသွားမည်မဟုတ်ဟု အိမ်ဖြူတော် က ပြောကြားသည်။ ကမ္ဘာ့ရေးရာများကို အမေရိကန်က တစ်ပြိုင်တည်း အာရုံစိုက် နေရာ အာရှသည်လည်း အမေရိကန်အစိုးရ က ဦးစားပေးနေသည့် ဒေသတစ်ခုဖြစ်သည်။ ဘိုင်ဒင်မတိုင်မီ အမေရိကန်သမ္မတသုံးဦးသည် ၎င်းတို့၏ သမ္မတသက်တမ်းအစပိုင်း ကာလတွင် အာရှကို အစောဆုံးလာခဲ့ကြ သည်။ ဘိုင်ဒင်၏ အာရှခရီးစဉ်မှာ ယခင် သမ္မတများ၏ အာရှခရီးစဉ်များထက် အချိန် နောက်ကျနေသည်ဟု ဆိုသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေခြင်းကြောင့်ဖြစ်သည်ဟု အိမ်ဖြူတော် က ပြောသည်။
ယူကရိန်းပဋိပက္ခကို တစ်ကမ္ဘာလုံးက အာရုံရောက်နေချိန်တွင် ဖြစ်ပေါ်လာသည့် ဘိုင်ဒင်၏ အာရှခရီးစဉ်၊ အမေရိကန်နှင့် အာဆီယံတို့၏ ၄၅ နှစ်ပြည့် ဆက်ဆံရေး အထိမ်းအမှတ်ပြုလုပ်သော ထိပ်သီးတို့သည် အမေရိကန်အနေဖြင့် အာရှ-ပစိဖိတ်ကို ပစ်မထားဆိုသည်ကို မီးမောင်းထိုးပြလျက်ရှိ သည်။ ကပ်ရောဂါအလွန် ပြန်လည် နာလန် ထူရန် ကြိုးစားနေသော ကမ္ဘာတွင် အမေရိကန်သည် အာရှဒေသကို အခြားသောနေရာ များထက် ပိုမိုအလေးထားကာ ဖိုးကပ်လုပ်နေခြင်းမှာ တရုတ်ကြောင့်ဟုဆိုရမည်ဖြစ်သည်။










