စားအုန်းဆီစျေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ စျေးကစားခြင်းများ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ခြင်းနှင့် ရွှေစျေးကွက်အတွင်း ရွှေကုန်ကြမ်းပြတ်လပ်မှုမရှိစေရန် နိုင်ငံခြားမှ ရွှေတင်သွင်းနိုင်ရေးအပါအဝင် ဆုံးဖြတ်ချက်ငါးရပ် ချမှတ်ခြင်း

စားအုန်းဆီစျေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ စျေးကစားခြင်းများ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ခြင်းနှင့် ရွှေစျေးကွက်အတွင်း ရွှေကုန်ကြမ်းပြတ်လပ်မှုမရှိစေရန် နိုင်ငံခြားမှ ရွှေတင်သွင်းနိုင်ရေးအပါအဝင် ဆုံးဖြတ်ချက်ငါးရပ် ချမှတ်ခြင်း
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 9 May 2022

ဂျပန်စွမ်းအင်ကော်ပိုရေးရှင်းကြီး ENEOS Holdings သည် မြန်မာနိုင်ငံ၏ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်မည်ဖြစ်ကြောင်း မေ ၂ ရက်တွင် ကြေညာခဲ့သည်။

စီမံကိန်းပါတနာများဖြစ်သည့် ထိုင်းနိုင်ငံ၏ PTTEP ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီနှင့် မလေးရှားနိုင်ငံ၏ Petronas ကုမ္ပဏီတို့က အဆိုပါ သဘာဝဓာတ်ငွေ့စီမံကိန်း မှ နုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ရက်ပိုင်းအကြာတွင် ENEOS က ယခုကဲ့သို့ ကြေညာ ခဲ့ခြင်းဖြစ်သည်။

မလေးရှား၏ Petronas ကုမ္ပဏီ လက်အောက်ခံကုမ္ပဏီခွဲဖြစ်သော Carigali သည် ရဲတံခွန်စီမံကိန်းတွင် အစုရှယ်ယာ ၄၁ ရာခိုင် နှုန်းခန့် ထည့်ဝင်ထားပြီး PTTEP က အစုရှယ်ယာ ၁၉ ဒသမ ၃၁ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

၎င်းကုမ္ပဏီသည် မြန်မာနိုင်ငံမှ လတ်တလောထွက်ခွာမည့် စွမ်းအင်ကုမ္ပဏီကြီးများထဲမှတစ်ခုဖြစ်သည်။

မုတ္တမပင်လယ်ကွေ့တွင် တည်ရှိပြီး စတုရန်းကီလိုမီတာ ၂၄၁၃၀ ရှိသည့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင်  ကုမ္ပဏီသည် ဂျပန်အစိုးရ၊ မစ်ဆူဘီရှီကော်ပို ရေးရှင်းတို့နှင့်အတူ ပါဝင်လုပ်ကိုင် နေခြင်းဖြစ်သည်။

ဆယ်စုနှစ် နှစ်ခုကြာ လည်ပတ်လုပ်ကိုင်လာခဲ့သည့် အဆိုပါ ဓာတ်ငွေ့စီမံကိန်းတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် ၁၉ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။

လူမှုရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေနှင့် ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းအား နည်းပညာပိုင်းအရ ဆန်းစစ်အကဲဖြတ်မှုအပေါ် အခြေခံသည့် စီမံကိန်းစီးပွားရေး တို့ကို ထည့်သွင်းစဉ်းစားပြီးနောက် တွင် နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ENEOS ကုမ္ပဏီက ပြောကြားသည်။

မြန်မာအစိုးရ၏ အတည်ပြုချက် ရရှိပြီးနောက်တွင် မိမိတို့၏ နုတ်ထွက်မှု အသက်ဝင် လာမည်ဖြစ်ကြောင်းလည်း အဆိုပါကုမ္ပဏီက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံ၏ သယံဇာတနှင့်  စွမ်းအင်ဆိုင်ရာဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း ဂျပန်အစိုးရ၏သဘောထားသည် ENEOS ကုမ္ပဏီနှင့် တစ်သားတည်းပင် ဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ရဲတံခွန်စီမံကိန်းတွင် ထုတ်လုပ်မှုကျဆင်းခြင်းနှင့် ကြုံတွေ့ခဲ့ရသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဂျပန်အစိုးရသည် မြန်မာအပေါ် စီးပွားရေးအကူအညီများ အဓိကပေးနေသည့် နိုင်ငံဖြစ်ကာ မြန်မာ့ တပ်မတော်နှင့်လည်း ကာလကြာမြင့်စွာ ဆက်ဆံရေးရှိခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

 

ရွှေစျေးကွက်အတွင်း ရွှေကုန်ကြမ်းပြတ်လပ်မှုမရှိစေရန် နိုင်ငံခြားမှ  ရွှေတင်သွင်းနိုင်ရေးအပါအဝင် ဆုံးဖြတ်ချက်ငါးရပ် ချမှတ်         

ရွှေစျေးကွက်အတွင်း ရွှေကုန် ကြမ်းပြတ်လပ်မှုမရှိစေရန် နိုင်ငံခြားမှ ရွှေတင်သွင်းနိုင်ရေး အပါအဝင် ဆုံးဖြတ်ချက်ငါးရပ်ချမှတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

မေ ၄ ရက်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ ရုံးတွင် ရွှေကုန်သည်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆုံးဖြတ်ချက်ငါးရပ်မှာ ရွှေစျေးကွက်အတွင်း ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိရေးအတွက် နိုင်ငံခြားမှ တင်သွင်းနိုင်ရေးကို ဆောင်ရွက်ရန်၊ ရွှေဆိုင်နှင့် ရွှေကုန်သည်များမှ YGEA ရွှေစျေးနှုန်း၏ ကျပ် ၅၀၀၀ ပေါင်းထည့်ပြီး ရောင်းဝယ်ခြင်းကို ဆောင်ရွက်ရန်၊ ဗဟိုဘဏ်မှ ရွှေရောင်း ချပေးရေးအတွက်တင်ပြရန်၊ ရွှေတွင်း လိုင်စင်ရှိ ပုဂ္ဂိုလ်များနှင့်ဆက်သွယ်ပြီး ရွှေဝယ်ယူမှုကို ဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော်ရောင်းဝယ်မှုများတွင် တိုင်းနှင့်ပြည်နယ်အသင်းများနှင့် ဆက်သွယ်၍ တားဆီးဆောင်ရွက်ရန်တို့ဖြစ်သည်။

“အခုကတော့ စျေးကွက်ထဲမှာ ရွှေရှိတယ်။ ဇွန်၊ ဇူလိုင်၊ သြဂုတ် အဲဒီ သုံးလကျရင် ရွှေတွင်းတွေက ရေဝင် သွားပြီးတော့ ရွှေတွင်းတွေ အကုန် လျှံကုန်တယ်။ အလုပ်လုပ်လို့မရတော့ဘူးပေါ့။ လူတွေကလည်း ငှက်ဖျားမိတာတို့ တုပ်ကွေးမိတာတို့ ဖြစ်တယ်။ အဲဒီလိုတွေ ဖြစ်တော့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လအတွက်ကို တို့တွေ က ကြိုပြီးတော့ ရွှေကုန်ကြမ်းရအောင် ဘယ်လိုလုပ်မလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့” ဟုရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

လက်ရှိတွင်လည်း ထိုင်းနိုင်ငံမှ  တစ်ဆင့် ရွှေတင်သွင်းမှုများရှိ ကြောင်း၊ လေဆိပ်တွင် ဝယ်ယူကာ သယ်ဆောင်လာခြင်းများရှိကြောင်း ဦးမျိုးမြင့်က ပြောကြားသည်။

“လေဆိပ်မှာတင် ဝယ်လို့ရ တယ်။ စင်ကာပူမှာလည်းလေဆိပ်မှာတင် ဝယ်လို့ရ တယ်။ အဲဒါမျိုးကို ဆိုလိုတာပါ”ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ မေ ၄ ရက် ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေ အဖွင့်စျေးမှာ  ကျပ်တစ်ဆယ့်ကိုးသိန်း ရှစ်သောင်းကိုးထောင့် သုံးရာဖြစ်သည်။

“စျေးကွက်ထဲမှာတော့  အရောင်းအဝယ်က ပုံမှန်ပဲရှိနေသေးတယ်။ အရင်ကလို ရောင်းအားများ ဝယ်အားများတဲ့အခြေအနေမှာတော့ မရှိသေးဘူး”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးမျိုးမြင့် က  ပြောကြားသည်။

မေ ၆  ရက်တွင် ပြည်တွင်းရွှေ စျေးနှုန်းများမှာ ၁၆ ပဲရည်အခေါက် ရွှေစျေးနှုန်းမှာ ကျပ်၂၀၀၆၀၀၀ ဝန်းကျင်ဖြင့် စျေးရှိခဲ့ပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ကျပ် ၁၉၄၇၅၀၀ ဝန်း ကျင် ရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ခုနှစ်  အထိ  ပြည်တွင်းရွှေစျေးနှုန်း စံချိန် တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ် ပေါ်ခဲ့ကာ နှစ်အလိုက်စံချိန်တင် စျေးနှုန်းများမှာ၂၀၁၆ ခုနှစ်အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက် တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂ဝရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက် တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ် တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ်၁၃၁ဝဝဝဝကျော်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

 

စားအုန်းဆီစျေးနှုန်း မြှင့်တင် ရောင်းချခြင်း၊ စျေးကစားခြင်းများ ပြုလုပ်ပါက အရေးယူမည်၊                  

မေ ၂ ရက်မှ ၈ ရက်အထိ  ရန်ကုန်အထိုင် စျေးအခြေခံလက်ကား ရည်ညွှန်းစျေးနှုန်း စားအုန်းဆီတစ်ပိဿာ ၆၀၂၅ ကျပ်ဖြစ်၊ စားအုန်းဆီစျေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ စျေးကစားခြင်းများ ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့စျေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့် ဖြစ်ထိုက်သည့်စျေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ တွင် ဖြစ်ပေါ်နေသည့် FOB စျေး နှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း စျေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း စျေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုအပတ်အတွင်း ကမ္ဘာ့ စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် စားအုန်းဆီစျေးနှုန်းများ မြင့်တက်လာပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် FOB စျေးနှုန်းများ အပေါ်အခြေခံ၍ တွက်ချက်မှုအရ ၂၀၂၂ ခု နှစ် မေ  ၂ ရက်မှ ၈ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၀၂၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ပြည်တွင်းစျေးကွက်အတွင်းစျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါအခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ဝက်ဘ်ဆိုက် www.doca.gov.mm နှင့်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ပြည်တွင်းစားအုန်းဆီ သိုလှောင်ကန်များ၌ စားအုန်းဆီလက်ကျန် ၃၁၀၉၀ ဒသမ ၉၈ တန်၊ ပိဿာချိန် ၁၉၀၃၉၈၀၅ ကျန်ရှိရာ ပြည်တွင်းစားသုံးရန် လုံလောက်မှုရှိကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဧပြီ နောက်ဆုံးပတ်အတွင်းက ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်း တည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည်။

ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ စျေးကွက်အတွင်း သို့ ဖြန့်ဖြူးရောင်းချရာတွင် ဖြစ်သင့် ဖြစ်ထိုက်သည့်စျေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် ကမ္ဘာ့စားအုန်းဆီ စျေးနှုန်းများ ဖြစ်ပေါ်မှုကို အခြေခံ၍ တွက်ချက်ရရှိသည့် ရည်ညွှန်းလက်ကားစျေးနှုန်းကို အပတ်စဉ်ထုတ် ပြန်ကြေညာပေးလျက်ရှိရာ ဧပြီ ၂၅ မှ မေ ၁ ရက်အထိ စားအုန်းဆီ ရန်ကုန်အထိုင်စျေး တစ်ပိဿာ လက်ကား ရည်ညွှန်းစျေးနှုန်းကို ကျပ် ၅၆၂၀ ဖြစ်သည်။

ပြည်တွင်းစားအုန်းဆီ သို လှောင်ကန်များ၌ လက်ရှိတွင် စားအုန်းဆီလက်ကျန် ၃၁၀၉၀ ဒသမ ၉၈ တန်၊ ပိဿာချိန် ၁၉၀၃၉၈၀၅ ကျန်ရှိရာ ပြည်တွင်းစားသုံးရန် လုံလောက်မှု ရှိကြောင်းနှင့်အနယ်နယ် အရပ်ရပ်သို့ နေ့စဉ်ပုံမှန်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပြီး ပြည်ပမှ စားအုန်းဆီသင်္ဘောများလည်း ပုံမှန် ဝင်ရောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent