စစ်ကိုင်းမြို့တွင် ဧပြီ ၂၈ ရက်က လေပြင်းများတိုက်ခတ်ပြီး မိုးသီးများကြွေကာ သစ်ပင်ကြီးများ လဲပြိုနေသည်ကို တွေ့ရစဉ်
တစ်နှစ်တွင် ၁၂ လရှိပြီး ၁၂ လကို နွေ-လေးလ၊ မိုး-လေးလ၊ ဆောင်း-လေးလ ဟူ၍ ခွဲခြားသတ်မှတ်ကြသည်။ လက်ရှိရောက်ရှိနေသည့် ဧပြီ၊ မေလတို့သည် နွေရာသီဖြစ်ပြီး ပူပြင်းလှသည်။ တစ်နည်းအားဖြင့် ဧပြီ ၁၅ ရက်မှ မုတ်သုံမဝင်မီအထိကို မိုးကြိုကာလဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတ်မှတ်ထားသည်။
■ “မိုးကြိုကာလတွင် ဖြစ်ပေါ်တတ်သည့် ရာသီဥတု ဖြစ်စဉ်များ”
(၁) မုန်တိုင်းဖြစ်ပေါ်ခြင်း
ဧပြီ ၁၅ ရက်မှစ၍ မုတ်သုံ မဝင်ခင်အထိ သတ်မှတ်ထားသည့် မိုးကြိုကာလတွင် ပူပြင်းလှသည့် အတွက် ပင်လယ်ပြင်တွင် ရေခိုးရေငွေ့များ ဖြစ်ပေါ်မှုများပြီး လေပြင်း တိုက်ခတ်ခြင်းများနှင့် မုန်တိုင်းများ ဖြစ်ပေါ်ခြင်းများရှိသည်။
“ဧပြီ ၁၅ ရက် နောက်ပိုင်း က နေ မုတ်သုံမဝင်မီအထိက မိုးကြိုပေ့ါ။ အရှေ့ပိုင်းက နွေပေါ့။ ဒါပေမဲ့ နွေကတော့ နွေပါပဲ။ ကျွန်တော်တို့ကသာ ထပ်ပြီးခွဲထားတာပေါ့။ ဒီကာလမှာကတော့ ဖြစ်တတ်တဲ့ အရာတွေကတော့ မုန်တိုင်းကတော့ မတ်၊ ဧပြီ၊ မေရယ်လို့တော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့ မတ်လတုန်း ကလည်း ဖြစ်သွားတာပဲ။ ဧပြီမှာတော့ မဖြစ်သွားဘူး။ ခုမေမှာတော့ ဖြစ်မယ့်အလားအလာရှိတယ်ပေါ့။ မုန်တိုင်းတို့ဘာတို့ကတော့ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေ၊ အဲဒီမှာ တိုက်ခတ်တဲ့ လေစီးကြောင်း တွေပေါ်မှာ မူတည်နေတာပေါ့။ ပြောရရင်တော့ သူက ဖေဖော်ဝါရီ၊ မတ်လတွေမှာ မုန်တိုင်းဖြစ်ပေါ်မှု နည်းတယ်။ တစ်နှစ်လုံးမှာဆိုရင်ပေါ့။ ဧပြီတို့ မေတို့ကတော့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်တာတွေက ကျန်တဲ့လတွေထက် နည်းနည်းများတယ်။ ဇွန်၊ ဇူလိုင်၊ သြဂုတ်တွေမှာလည်း ဖြစ်တတ်တာပါပဲ။ ဖြစ်တာကတော့ ဖြစ်နေတာပါပဲ။ ကိုယ့်ဆီကို မလာတာနဲ့ လာတာနဲ့ပဲ ကွာတာပါ။ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်မှု အနည်းဆုံးလကတော့ ဖေဖော်ဝါရီနဲ့ မတ်ပေါ့။ ဧပြီ၊ မေတို့က နည်းနည်းများတယ်။ ကျန်တဲ့လတွေကတော့ သူ့ဟာနဲ့သူဖြစ်နေတာပါ ပဲ” ဟု မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။
မိုးကြိုကာလဖြစ်သည့် ဧပြီ နှောင်းပိုင်းနှင့် မေလထဲကို မြန်မာနိုင်ငံတွင် မုန်တိုင်းရာသီဟုလည်း သတ်မှတ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်သည့် မုန်တိုင်းသည် မြန်မာနိုင်ငံကို ဝင်ရောက်ခြင်း မရှိသော်လည်း မိုးကြိုကာလတွင် ဝင်ရောက်ရန် အခွင့်အရေးများပြီး ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၃၀ ခန့်ရှိကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်သည့် မုန်တိုင်း ၁၀ လုံးခန့်တွင် သုံးလုံးခန့်သာ မြန်မာပြည်ဘက်ကို ရောက်ရောက်လာတတ်ကြောင်း သိရသည်။
“နောက်တစ်ခါ မိုးကြိုကာလမှာ အပူများတယ်။ လေထုထဲမှာ ရေခိုးရေငွေ့များတယ်ဆိုတော့ မုန်တိုင်းတွေရဲ့ သဘောသဘာဝအရ ရေခိုးရေငွေ့ကောင်းကောင်းရရင် မုန်တိုင်းရဲ့ အင်အားက အားကောင်းတယ်။ ဒါကြောင့်မို့လို့ မုန်တိုင်းတွေက ပင်လယ်ပြင်မှာ အခြေတည်တယ်ပေါ့။ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေက မြင့်တယ်။ လေထုထဲမှာ ရေခိုးရေငွေ့ပါဝင်မှု က အားကောင်းမယ်ဆိုရင် မုန်တိုင်းက ကြီးလာတော့ပေါ့နော်။ ဒါက ပင်လယ်ပြင်မှာဖြစ်တဲ့ မုန်တိုင်းတွေ သဘောသဘာဝပေါ့” ဟု ဦးလှထွန်းက ဆိုသည်။
လက်ရှိတွင်လည်း ကပ္ပလီပင် လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့ တွင် ဖြစ်ပေါ်နေသည့် လေဖိအား နည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင် လယ်ပြင်တောင်ပိုင်းတို့တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါအားကောင်း သော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ပြီး အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ မေ ၇ ရက် ညနေပိုင်းတွင် မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ မေ ၈ ရက် ညနေပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့လည်းကောင်း ပိုမိုအားကောင်းလာကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလာပြီး မေ ၁၀ ရက်တွင် ဘင်္ဂလား ပင်လယ်အော်အ နောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာ ပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်- သြရိဿကမ်းခြေ)သို့ ရောက်ရှိနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မေ ၇ ရက်မှ ၁၀ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၀ ပေခန့်ရှိနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
(၂) မိုးရွာခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း
မိုးကြိုကာလတွင် ပူပြင်းသည့် အတွက် ရေခိုးရေငွေ့များကာ မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး မိုးရွာခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများလည်း ဖြစ်ပေါ်တတ်ကြောင်း သိရသည်။ မိုးကြိုကာလတွင် များသောအားဖြင့် မွန်းလွဲ၊ ညနေပိုင်းတွင် နေ့အပူအချိန်များ မြင့်ကာ အပူပျံတက်တိမ်များ ဖြစ်ပြီး အပူပျံတက်တိမ်များမှတစ်ဆင့် မိုးတိမ်တောင်များ ဖြစ်လာသည့်အခြေအနေတွင် မိုးရွာခြင်းများ ဖြစ်လာရခြင်းဖြစ် ကြောင်း မိုးဇလမှ သိရသည်။
အဆိုပါမိုးရွာခြင်းနှင့် ပတ် သက်၍လည်း ဦးလှထွန်းက “မိုးကြိုကာလမှာကတော့ များသောအားဖြင့် ရွာတဲ့မိုးက အပူပျံတက် တိမ်တွေ၊ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှု အားကောင်းပြီး မိုးရွာတာပေါ့။ မွန်းလွဲ၊ ညနေတွေမှာ နေ့အပူအချိန်တွေ မြင့်ပြီးတော့ အပူပျံ တက်တိမ်တွေဖြစ်တယ်။ အပူပျံတက်တိမ်တွေကနေ မိုးတိမ်တောင်တွေ ဖြစ်လာတဲ့အခြေအနေမှာတော့ မိုးရွာတာတွေ ဖြစ်လာတာပေါ့။ နောက်ပြီးအနောက်ဘက်က လေပွေလှိုင်းတွေကျတော့ မြန်မာ နိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းအထိ မိုးရတာပေါ့။ အနောက်ဘက်က လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် မိုးရွာတာပေါ့။ ဒီအရှေ့ဘက်က လာတဲ့ လေပွေလှိုင်းတွေကြောင့်လည်း မြန်မာနိုင်ငံတောင်ပိုင်းတို့၊ မြစ်ဝကျွန်းပေါ်တို့၊ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ မိုးရတာပေါ့နော်။ နောက်စောစောကပြောတဲ့ အရှေ့ဘက်က လေပွေလှိုင်းတွေ လာတာရှိတယ်။ အနောက်ဘက်က လေပွေလှိုင်းတွေ လာတာရှိတယ်။ နောက်ဒီကြားထဲမှာ စောစောကပြောတဲ့ အပူပျံတက်တိမ်တွေကနေ မိုးတိမ်တောင်တွေအဖြစ် အားကောင်းလာပြီးတော့ မိုးရွာတာတွေ ကျတော့ တစ်နိုင်ငံလုံးမှာဖြစ်တတ်တယ်။ အနောက်ဘက်က လေပွေလှိုင်းတွေကျတော့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မိုးရတယ်” ဟု ဆိုသည်။
မိုးကြိုကာလတွင် လေပြင်းတိုက်ခြင်းများလည်း ဖြစ်ပေါ်တတ်ကာ လေပြင်းတိုက်ခြင်းများသည် မိုးတိမ်တောင်ဖြစ်ထွန်းသည့်အခြေအနေပေါ်မူတည်ပြီး မိုးတိမ်တောင်များ အားကောင်းလျှင် လေပြင်း တိုက်ခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်း၊ ထစ်ချုန်းရွာခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်ကြောင်း မိုးဇလမှ သိရသည်။
“မိုးကြိုကာလမှာ လေပြင်း တိုက်ခတ်တာဟာ တစ်ခါတစ်ရံမှာ မုန်တိုင်းအဆင့်လောက်အထိ အားကောင်းတတ်တယ်။ ပင်လယ်ပြင်မှာဖြစ်တဲ့ မုန်တိုင်းလိုပဲ သူက အဖျက်စွမ်းအားကြီးတယ်။ ကုန်းပေါ်မှာ လေပြင်းတိုက်ရင် သူက အိမ်တွေ ပျက်စီးတာတို့၊ သစ်ပင်တွေ လဲတာတို့ ဖြစ်နိုင်တာပေါ့။ သူကလည်း မုန်တိုင်းငယ်အမျှ အားကောင်းတယ်ပေါ့။ တစ်ခါတစ်ရံဆို တစ်နာရီကို ၃၅ မိုင်၊ ၄၀ လောက်ထိ တိုက်တယ်ပေါ့။ ဒါကြောင့်မို့လို့ မိုးကြိုကာလက မိုးက အမြဲတမ်း မမှန်ဘူးပေါ့။ မိုးကြိုကာလက မိုးရွာတာက နည်းနည်း၊ ပူတာက များများဆိုတော့ အပူချိန်တွေ များ တယ်။ ရေငွေ့ပျံမှုများတယ်။ အဲဒီအချိန်မှာ မုန်တိုင်းတွေဖြစ်လာရင်လည်း အားကောင်းတာပေါ့” ဟု ဦးလှထွန်းက ဆိုသည်။
မိုးရာသီ ကျရောက်သည့် အချိန်သည် တစ်နိုင်ငံလုံး မုတ်သုံ ဝင်ရောက်သည့် အခြေအနေဖြစ်ပြီး မေ ၁၈ ရက်မှစ၍ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မုတ်သုံလေ စတင်ဝင်ရောက်ပြီး မြောက်ပိုင်းဒေသများသို့ ဇွန်လဆန်းပိုင်း တွင် ဝင်ရောက်ကြောင်း မိုးဇလမှ သိရသည်။
(၃) လာနီညာ၊ အယ်လ်နီညိုဖြစ်စဉ်
လာနီညာ၊ အယ်လ်နီညိုသည် မိုးကြိုကာလသာမဟုတ်ဘဲ တစ်နှစ်ပတ်လုံးဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်ကာ ၎င်းသည် ပင်လယ်ရေမျက်နှာပြင်အပူချိန်ပေါ်တွင် မူတည်ဖြစ်ပေါ်ကြောင်း၊ လာနီညာသည်လည်း အားကောင်းလာလျှင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုန်တိုင်းများ ဖြစ်ပေါ်ခြင်း၊ လေပွေလှိုင်းများ တိုက်ခတ်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
လာနီညာဖြစ်စဉ်နှင့် ပတ်သက်၍လည်း မိုးဇလမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက “လာနီညာ၊ အယ်လ်နီညိုဆိုတာကတော့ မိုးကြိုကာလတင်မဟုတ်ဘဲ တစ်နှစ်ပတ်လုံး ဖြစ်နေတယ်ပေါ့။ ခုဖြစ်နေတဲ့ လာနီညာဆိုရင် ပြီးခဲ့နှစ် အောက်တိုဘာကတည်းက စဖြစ်နေတာပေါ့။ ဒီနှစ်အထိ ဆက်ဖြစ်နေတယ်ပေါ့။ သူက မိုးကြိုကာလမှ ဖြစ်တယ်လို့ ပြောလို့မရဘူး။ လာနီညာ၊ အယ်လ်နီညို ဆိုတာက ပင်လယ်ရေမျက်နှာပြင်အပူချိန် ပေါ်မှာ မူတည်ပြီးတော့ ဖြစ်တာပေါ့။ သူဖြစ်ချင်တဲ့အချိန် ဖြစ်တာပေါ့။ ပင်လယ်ရေမျက်နှာပြင် ပုံမှန်အပူ ချိန်ထက်လျော့ရင် လာနီညာပေါ့။ ပုံမှန်အပူချိန်ထက် များနေရင် အယ်လ်နီညိုပေါ့။ အဲဒီလို သတ်မှတ်တယ်။ လာနီညာ၊ အယ်လ်နီညို အားဘယ်လောက်အထိ ကောင်းလဲဆိုတော့ ပင်လယ်ရေမျက်နှာပြင် အပူချိန် ပုံမှန်ထက် သုည ဒသမ ၅ ကနေ ၁ ဒသမ ၅ အတွင်းမှာ ပုံမှန် ထက်လျော့ရင် အားအနည်းငယ်ရှိသော လာနီညာ၊ သူ့ထက်နည်း နည်းများလာရင် အားအနည်းငယ်ရှိသော လာနီညာ၊ သူ့ထက်များလာရင် အားအသင့်အတင့်ရှိသော လာနီညာ၊ ပုံမှန်တက်များလာရင် အားကောင်းသော လာနီညာပေါ့။ လာနီညာရဲ့ အင်အားပေါ်မှာ မူတည်ပြီးတော့ မိုးလေဝသဖြစ်စဉ်တွေကလည်း အင်အားအတက်အကျရှိတာပေါ့။ မြန်မာနိုင်ငံက လာနီညာရဲ့ သက်ရောက်မှုကို အရမ်းမခံစားရပါဘူး”ဟု ဆိုသည်။
■ လွန်ခဲ့သော ၁၄ နှစ်က ဖြစ်ပေါ်ခဲ့သည့် နာဂစ်မုန်တိုင်း
လွန်ခဲ့သော ၁၄ နှစ်။ မိုးကြိုကာလ (ဧပြီ ၁၅ ရက်မှ မုတ်သုံ မဝင်မီအထိ) ဖြစ်သည့် ဧပြီလကုန်ခါနီးတွင် ပင်လယ်ပြင်၌ မုန်တိုင်းတစ်လုံးအခြေတည်ခဲ့သည်။ ယင်းမုန်တိုင်းအခြေတည်ပြီးနောက် ၂၀၀၈ ခုနှစ် မေ ၂ ရက်တွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများဖြစ်သည့် မြစ်ဝကျွန်းပေါ်ကို ဦးတည်၍ ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့သည်။ ၎င်းမုန်တိုင်းကို နာဂစ်ဟု အမည်ပေးထားသည့်အတွက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံအောက်ပိုင်းဒေသများသို့ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးသို့ ဆိုးရွားစွာ ဝင်ရောက်တိုက်ခတ်ခဲ့သည်။
အဆိုပါနာဂစ်မုန်တိုင်းသည် မေ ၂ ရက်တွင် ပင်လယ်ပြင်နှင့် နီးသည့် နေရာများ၌ နေ့လယ်ပိုင်းမှ စတင်တိုက်ခတ်ခဲ့ပြီး ပင်လယ်ပြင်နှင့် မနီးသည့် ကုန်းတွင်းပိုင်းဒေသများသို့ ညနေစောင်းမှစတင်တိုက်ခတ်ကာ ည ၉ နာရီလောက်တွင် လေတိုက်နှုန်းပြင်းထန်လာခဲ့သည်ဟု နာဂစ်မုန်တိုင်းဒဏ် ကြုံတွေ့ ခံစားခဲ့သူတစ်ဦးဖြစ်သူ မောင်မျိုးက ဆိုသည်။
“အဲဒီနေ့ ရွာမှာက တစ်နေကုန် မိုးကောင်းနေတာပေါ့။ လေကတော့ ညနေလောက်မှ နည်းနည်း စတိုက်လာတာ။ ည ၉ နာရီလောက်ကျမှ လေကကြမ်းလာတာ။ လေတိုက်တာက ဘယ်လိုတိုက်သလဲဆိုရင် သူက မွှေ့ပြီးတိုက်တဲ့ ပုံစံမျိုး။ နောက်နေ့တွေ သစ်ပင်တွေဆို လိမ်ပြီးကျိုးနေတာ။ လေလာတဲ့အသံကို
ကြားနေရတာ။ အကျယ်ကြီးပဲ။ လေကလာပြီး အဆောက်အအုံတွေ၊ အိမ်တွေကို ဆောင့်တိုက်လိုက်တဲ့ ပုံစံမျိုးနဲ့တိုက်တာ။ ပြီးတော့ လေတိုက်တာတင် မဟုတ်ဘူးလေ။ မိုးကရွာ၊ မိုးပေါက်ကြီးတွေက အကြီးကြီးတွေနဲ့ ရွာတာ။ ရေကတက်ဆိုတော့ မုန်တိုင်းက အားကောင်းတာပေ့ါ။ ရွာကလူကြီးတွေကတောင် ပြောသေးတယ်။ သူတို့ တစ်သက်မှာ ဒီလောက်အားပြင်းတဲ့ မုန်တိုင်းမျိုး မကြုံဖူးဘူးတဲ့။ ကျွန်တော်တို့ကတော့ ငယ်ငယ်နဲ့ ကြုံ လိုက်ရတာပေါ့နော်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ လေးတန်း အောင်ပြီးလို့ ငါးတန်းတက်မှာလေ။ ငယ်သေးတာပေါ့။ ကိုးနှစ်၊ ၁၀ နှစ် အရွယ်ရှိသေးတာ။ ပြောရရင် ကျွန်တော်တောင် ကံကောင်းလို့ မသေတာ။ ကျွန်တော်တို့အိမ်က ပြိုတော့ ရွာလူကြီးအိမ်ကို ပြေးရတာပေါ့။ ပြေးတော့ လမ်းမှာ ရေကတက်၊ မိုးကရွာနဲ့ ကျွန်တော်မသွားနိုင်လို့ အုန်းပင်ဖက်ပြီး နေခဲ့တာ။ ကျွန်တော့်အဖေရောက်လာလို့သာ ကျွန်တော်ကိုဆွဲပြီး ခေါ်သွားတာ။ အဲဒါကြောင့် မသေတာ” ဟု မောင်မျိုးက ၎င်းကြုံတွေ့ခဲ့ရ သည်များကို ပြန်ပြောင်းပြောကြားသည်။
နာဂစ်မုန်တိုင်းဒဏ် ဆိုးရွားစွာ ခံစားခဲ့ရသည့် ဧရာဝတီတိုင်းရှိ ပင်လယ်ပြင်နှင့် နီးစပ်သည့် မြို့၊ ရွာများတွင် လူဦးရေအများအပြားသေကျေပျက်စီးခဲ့ရသည်။ လူအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
ပြီးခဲ့သည့် မတ် ၂၂ ရက်တွင် လည်း ဧရာဝတီတိုင်းဒေသကြီးသို့ အားကောင်းသော မုန်တိုင်းငယ်တစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်းရှောင်ပြည်သူ အနည်းဆုံး လေးထောင်ကျော် ရှိခဲ့သည်။ ယင်းမုန်တိုင်းငယ်ကို အညိုရောင် အဆင့်ဟု သတ်မှတ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်း အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။
မိုးကြိုကာလတွင် ဖြစ်ပေါ်တတ်သည့် ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးလှထွန်းက “ခန့်မှန်းချက်ကတော့ လာမည့် သုံးနာရီမှာ ဘာဖြစ်နိုင်လဲ။ မိုးတိမ် တောင်ဖြစ်နိုင်တယ်။ မိုးတိမ်တောင်ဖြစ်ရင် မိုးသီးကြွေတာတို့၊ မိုးထစ်ချုန်းရွာတာတို့၊ လေပြင်း တိုက်တာတို့ စသဖြင့် ခန့်မှန်းချက် ပေးလို့ရပေမဲ့ ပြည်သူလူထုဆီကို သုံးနာရီအတွင်းမှာ ဖြန့်ရမယ်။ အဲဒီလိုဖြန့်ရတာက မြန်မာပြည်ရဲ့စနစ် နဲ့ သိပ်မကိုက်ဘူး။ တချို့နိုင်ငံတွေ မှာဆို Mobile Application ပေါ့။ ချက်ချင်းဖြစ်တာနဲ့ ချက်ချင်းသိတာပေါ့။ ဒီမှာက အဲဒီလိုလုပ်လို့မရသေးဘူး။ နည်းပညာက မတိုးတက်သေးဘူး။ အဲဒီတော့ ပြည်သူတွေ အနေနဲ့က အဲဒီဖြစ်စဉ်တွေကို ခန့်မှန်းလို့တော့ရတယ်။ သို့သော် ခန့် မှန်းချက်ရောက်ဖို့က အချိန်လိုတယ်ပေါ့။ ပြည်သူတွေအနေနဲ့က ဘယ်လိုသတိထားရမလဲဆိုတော့ ဒီအချိန်၊ ဒီရာသီရောက်ရင် ဒါတွေ ဖြစ်တတ်တယ်။ အဲဒီတော့ ဒါတွေကို သတိထားပြီးတော့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ လေပြင်းတိုက်လို့ သစ်ပင်လဲမယ်ဆိုရင် အနားမှာရှိ တဲ့ သစ်ပင်တွေကို ခုတ်ထွင်ရှင်း လင်းပြီး ကာကွယ်လို့ရတာပေါ့” ဟု ပြောကြားသည်။