မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်အပြီး တစ်နှစ်ကျော်အချိန်တွင် စွမ်းအင်ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများမှာ တစ်စ တစ်စ ထွက်ခွာလာသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှ ထွက်ခွာကြောင်း စတင်ကြေညာခဲ့သည့်ကုမ္ပဏီမှာ ပြင်သစ်အခြေစိုက် Total နှင့် အမေရိကန်မှ Chevron တို့ဖြစ်ပြီး မြန်မာနိုင်ငံမှလုပ်ငန်းများကို ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ကြေညာခဲ့သည်။
အဆိုပါကုမ္ပဏီများ၏ ကြေညာချက်၌ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း လူ့အခွင့်အရေး အခြေအနေများနှင့် တရားဥပဒေစိုးမိုးရေးအခြေအနေများ ဆိုးရွားလာမှုကြောင့် ရုပ်သိမ်းရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Total နှင့် Chevron တို့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
၎င်းကုမ္ပဏီနှစ်ခုက အန်ဒမန်ပင်လယ်အတွင်း ရတနာရေနံ သဘာဝဓာတ်ငွေ့စီမံကိန်းအတွက် ပေးဆောင်ငွေနှင့် အခွန်အခမှာ ဒေါ်လာတစ်ဘီလျံကျော်ရှိပြီး မြန်မာနိုင်ငံ၏ စီမံကိန်းတစ်ခုချင်းအလိုက် အကြီး မားဆုံး နိုင်ငံခြားဝင်ငွေရပေါက်ရလမ်းလည်း ဖြစ်သည်။
ထို့ပြင် ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး EDF သည်လည်း ဂျပန်နိုင်ငံမှ Marubrni ၊ မြန်မာမှ ဧရာဟင်္သာကုမ္ပဏီတို့နှင့် အကျိုးတူ ပူးပေါင်း၍ ရွှေလီ (၃) ရေအားလျှပ်စစ်ဆည် တစ်ခုကို ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအသုံးပြု၍ တည်ဆောက်မည့် စီမံကိန်းတွင် ပါဝင်မှု ကို ဆိုင်းငံ့ခဲ့သည်။
အလားတူ သြစတြေးလျစွမ်းအင်လုပ်ငန်း Woodside သည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ဇန်နဝါရီ ၂၇ ရက်က ကြေညာခဲ့သည်။
“Woodside ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီအကျိုးစီးပွားတွေကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု အစုရှယ်ယာရှင်များထံ ထုတ်ပြန်ပေးခဲ့သော ထုတ်ပြန်ချက်တွင် ယင်းကုမ္ပဏီက ဖော်ပြခဲ့သည်။
Woodside သည် မြန်မာနိုင်ငံတွင် ကိုး နှစ်ကြာလုပ်ကိုင်ခဲ့သော ကုမ္ပဏီ ဖြစ်သည်။
ယခုကဲ့သို့လုပ်ဆောင်ရသည့် အကြောင်းရင်း၏ အစိတ်အပိုင်းအဖြစ် ပါ့သ်မြို့အခြေစိုက် ရေနံကုမ္ပဏီကြီး Woodside က ယိုယွင်း လာနေသော လူ့အခွင့်အရေးအခြေအနေကို ကိုးကားဖော်ပြကာ မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည့်အတွက် ကုမ္ပဏီအနေဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀၀ နစ်နာလိမ့်မည်ဟုဆိုသည်။
Woodside သည် မြန်မာနိုင်ငံတွင် ရေနံ နှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ကွက် အများအပြားကို လုပ်ကိုင်နေသော ကုမ္ပဏီ ဖြစ်သည်။
A-6 သည် Woodside နှင့် Total တို့ ပူးပေါင်းလုပ်ဆောင်နေသည့် လုပ်ငန်းဖြစ်ကာ မြန်မာနိုင်ငံ၏ အနောက်ကမ်းရိုးတန်းရှိ ရေနက် သဘာဝဓာတ်ငွေ့ စီမံကိန်းတစ်ခုဖြစ်သည်။
မြန်မာ့ဓာတ်ငွေ့လုပ်ငန်းသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်ဘီလျံခန့်ရရှိ နေသည့် လုပ်ငန်းဖြစ်သည်။
အနောက်နိုင်ငံများ၏ကုမ္ပဏီများ ထွက်ခွာမှုက စီးပွားရေးအကျပ်အတည်းကြုံနေချိန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းရာဂဏန်း အထိ ယာယီဆုံးရှုံးစေမည့် အနေအထားဖြစ် စေမည်ဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ယခုလပိုင်းတွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ထပ်မံကြေညာခဲ့သည့် စွမ်းအင်ကုမ္ပဏီ နှစ်ခုမှာ မလေးရှားအခြေစိုက် Petronas ကုမ္ပဏီနှင့် ထိုင်းအခြေစိုက် PTTEP တို့ ဖြစ်သည်။ ယင်းကုမ္ပဏီနှစ်ခုမှာ ရဲတံခွန်စွမ်း အင်စီမံကိန်းမှ ထွက်ခွာမည်ဖြစ်သည်။
Petronas ၏ လက်အောက်ခံကုမ္ပဏီခွဲ ဖြစ်သော Carigali သည် ရဲတံခွန်စီမံကိန်းတွင် အစုရှယ်ယာ ၄၁ ရာခိုင်နှုန်းခန့်ထည့်ဝင်ထားပြီး PTTEP က အစုရှယ်ယာ ၁၉ ဒသမ ၃၁ ရာခိုင်နှုန်း ပိုင်ဆိုင်သည်ဟု သိရသည်။
“အခုလိုနုတ်ထွက်တာဟာ ဒီနိုင်ငံရဲ့ စွမ်းအင်ဖူလုံရေးကို အထောက်အကူဖြစ်စေတဲ့ စီမံကိန်းတွေမှာ ပြန်လည်အာရုံစိုက်သွားမယ့် ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့် ခွဲမှု အစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်” ဟု PTTEP အမှုဆောင်အရာရှိချုပ်မွန်ထရီ ရာဝမ်ချိုင်ကူးက ဧပြီ ၂၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မုတ္တမပင်လယ်ကွေ့တွင် တည်ရှိပြီး စတုရန်းကီလိုမီတာ၂၄၁၃၀ ရှိသည့် အဆိုပါ စီမံကိန်းမှ သဘာဝဓာတ်ငွေ့နှင့် ဓာတ်ငွေ့ရည်များ ထုတ်လုပ်ပေးလျက်ရှိသည်။
၂၀၀၃ ခုနှစ်ကတည်းက အဆိုပါစီမံ ကိန်းတွင် ပါဝင်လုပ်ကိုင်ခဲ့သည့် Petronas ကုမ္ပဏီကမူ ပြောင်းလဲလာသော လုပ်ငန်း သဘောသဘာဝနှင့် စွမ်းအင်အသွင်ကူးပြောင်းမှု မြန်ဆန်လာမှုနှင့် လိုက်လျောညီ ထွေဖြစ်စေရန်အတွက် လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ ထိရောက်မှုအပေါ် ချင့်ချိန်သုံးသပ်သည့် မဟာဗျူဟာအရလည်းကောင်း၊ ပြန်လည်ဆန်းစစ်မှုအရလည်းကောင်း ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
PTTEP ကုမ္ပဏီမှာ ရဲတံခွန်စီမံကိန်းမှ ထွက်ခွာခဲ့သော်လည်း စွမ်းအင်ကုမ္ပဏီကြီးများဖြစ်သည့် Chevron နှင့် Total တို့ နုတ်ထွက်သွားခဲ့သော မြန်မာနိုင်ငံ၏ အဓိကစီမံကိန်းတစ်ခုဖြစ်သည့် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းလည်ပတ်လုပ်ကိုင်မှုကို လွှဲပြောင်းယူသွားမည်ဟု PTTEP က ယခုနှစ် မတ်လတွင် ပြောကြားထားသည်။
ရဲတံခွန်စီမံကိန်းတွင် အဆိုပါကုမ္ပဏီများနှင့်အတူ ရင်းနှီးမြှုပ်နှံထားသည့် ဂျပန် အခြေစိုက် ENE OS Holdings သည်လည်း ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်မည်ဖြစ်ကြောင်း မေ ၂ ရက်တွင် ကြေညာခဲ့သည်။
ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းတွင် ENEOS ကုမ္ပဏီသည် ဂျပန်အစိုးရ၊ မစ် ဆူဘီရှီကော်ပိုရေးရှင်းတို့နှင့်အတူ ပါဝင် လုပ်ကိုင်နေခြင်းဖြစ်သည်။
ဆယ်စုနှစ်နှစ်ခုကြာ လည်ပတ်လုပ်ကိုင်လာခဲ့သည့် အဆိုပါ ဓာတ်ငွေ့စီမံကိန်းတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် ၁၉ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။
လူမှုရေးဆိုင်ရာကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေနှင့် ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းအား နည်းပညာပိုင်းအရ ဆန်းစစ်အကဲဖြတ်မှုအပေါ်အခြေခံသည့် စီမံကိန်းစီးပွားရေးတို့ကို ထည့်သွင်း စဉ်းစားပြီးနောက်တွင် နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ENEOS ကုမ္ပဏီက ပြောကြားသည်။
မြန်မာအစိုးရ၏ အတည်ပြုချက်ရရှိပြီး နောက်တွင် မိမိတို့၏ နုတ်ထွက်မှုအသက်ဝင်လာမည်ဖြစ်ကြောင်းလည်း အဆိုပါကုမ္ပဏီက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းသို့ နိုင်ငံတကာမှ စွမ်းအင်ကုမ္ပဏီများ ထွက်ခွာမှုနှင့်ပတ်သက်ပြီး ထိခိုက်မှုမရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့ က ပြည်ပသတင်းဌာနများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
Petronas စသည့် စွမ်းအင်ကုမ္ပဏီများ ပြန်လည်ထွက်ခွာသွားခြင်းနှင့်ပတ်သက်ပြီး ပြဿနာအကြီးအကျယ်မရှိဘဲ စာချုပ်ပါ စည်း မျဉ်းများအရ ကျန်သည့်အစုရှယ်ယာရှင်များ က နေရာဝင်ယူ၍ လုပ်ငန်းများဆက်လက် လည်ပတ်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများ ဆက် လက်တည်ရှိနေမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဖြေကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကလည်း မြန်မာနိုင်ငံမှထွက်သွားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီသုံးခုရှိကြောင်း၊ ထိုသို့ထွက်သွားရသည့် အကြောင်းရင်းမှာ လုပ်ငန်းများပြီးဆုံး၍ ရှာဖွေမှုတွက် ခြေမကိုက်မှု၊ လက်ရှိအစိုးရအပေါ် မကျေနပ်မှုနှင့် ပြင်ပဖိအားပေးခြင်းခံရမှုများကြောင့် ဖြစ်နိုင်ကြောင်း၊ အဓိကအားဖြင့် ၎င်းတို့ ဆောင်ရွက်နေသည့် လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့များ ထုတ်လုပ်မှုကျဆင်းလာပြီး နှစ်အနည်းငယ်တွင် ထုတ်လုပ်မှုများ ပိုမိုကျဆင်းတော့မည်ဖြစ်သည့်အတွက် ထွက်သွားလိုခြင်းဖြစ်နိုင်ကြောင်း၊ လူ့အခွင့် အရေးသည် အကြောင်းပြချက်သာဖြစ်ပြီး အကျိုးအမြတ်ကျတော့မည်၊ ကန်ထရိုက် သက်တမ်းကုန်တော့မည်ဖြစ်သည့်အတွက် ထွက်သွားခြင်းသာဖြစ်ကြောင်း၊ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ရာခိုင်နှုန်း အနည်းငယ်လောက်သာ ထွက်ခွာသွားခြင်းဖြစ်သည့်အတွက် စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွင် ကြီးမားသည့်သက်ရောက်မှုနှင့် ထိ ခိုက်ဆုံးရှုံးမှုမရှိကြောင်း၊ ယခုလိုထွက်သွားသည့်အတွက် ရင်းနှီးမြှုပ်နှံမှုတွင် ကြီးကြီး မားမားသက်ရောက်မှုနှင့် ဆုံးရှုံးမှုများမရှိကြောင်း၊ ယခုထွက်သွားသည့် ရေနံလုပ်ကွက်များကိုလည်း ထိုင်းနိုင်ငံ PTT(EPI) ကုမ္ပဏီ နှင့်ကိုရီးယားနိုင်ငံ POSCO တို့က လုပ်ထုံး လုပ်ငန်းများနှင့်အညီ လွှဲပြောင်း၍ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပြောကြားသည်။
Tital Engines ၏ ရင်းနှီး မြှုပ်နှံမှုပမာဏသည် ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်ရှိသည့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သုံးရာခိုင်နှုန်းသာရှိကြောင်း၊ ထို့အတူ Chevron ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၁ ဒသမ ၆ ရာခိုင်နှုန်း၊ Wood side ကုမ္ပဏီ၏ ရင်းနှီး မြှုပ်နှံမှုမှာ ၅ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကုမ္ပဏီများထွက်ခွာသွားခြင်းသည် မိမိတို့နိုင်ငံအတွက်ကြီးမားသည့် ပြဿနာမရှိကြောင်း ဦးအောင်နိုင်ဦးကလည်း ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထားသည့် စာရင်းများအရ မြန်မာနိုင်ငံအနေဖြင့် ၁၉၈၈ -၁၉၈၉ ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစာရင်းများအရ ၁၉၈၈-၁၉၈၉ ဘဏ္ဍာ နှစ်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ နှစ် ပေါင်း ၃၃ နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းမြှုပ်နှံမှု ပမာဏ ဒေါ်လာဘီလျံ ၉၀ ကျော်အထိရှိသည်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံသို့ အာရှ၊ ဥရောပ၊ အမေရိကန်၊ အာဆီယံ၊ အာဖရိက စသည့် နိုင်ငံပေါင်း ၅၀ ကျော်ဝင် ရောက်ထားပြီး နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် ပုံစံများလည်း ကွာခြားလျက်ရှိသည်။
မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၇ ရာခိုင်နှုန်း ရှိကြောင်း၊ ယင်းကုမ္ပဏီ သုံးခုပေါင်း ရင်းနှီးမြှုပ်နှံမှုထက် ပိုများကြောင်း၊ ယင်းကုမ္ပဏီများ ထွက်သွားသော်လည်း စာချုပ်များအရ ယင်းထွက်သွားသည့် နေရာများတွင် အခြားသူများ ပြန်လည်နေရာ ယူကြမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ လျော့သွားရန်မရှိကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍတွင်လည်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံ သူများ ထပ်မံဝင်ရောက်မည့် အခြေအနေ တွင်လည်း ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံအကြားအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ရှိကြောင်း၊ ဥပမာအားဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် အရည်အချင်းပြည့်ဝသည့် တရုတ်နိုင်ငံမှ အကူအညီများစွာ ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
နိုင်ငံတိုင်းတွင် ရေနံ သဘာဝဓာတ်ငွေ့ မရှိကြောင်း၊ နေရာနည်းနည်းတွင်သာ ရေနံ သဘာဝဓာတ်ငွေ့ရှိကြောင်း၊ ယင်းအထဲတွင် မြန်မာနိုင်ငံပါဝင်ကြောင်း၊ မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်ရှိသည့် ရှားရှားပါးပါး နိုင်ငံများထဲက တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တချို့သည် အမြဲတမ်းရေနံနှင့်သဘာဝဓာတ်ငွေ့ လိုအပ်နေသည့် နိုင်ငံများဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် လာရောက်ရင်း နှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ပတ်ဝန်းကျင်နိုင်ငံများကို အေးဆေး လွယ်ကူစွာ သဘာဝဓာတ်ငွေ့ရောင်းချနိုင်ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများ ထဲ၌ ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးနိုင်ငံဖြစ် သည်ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြော ကြားခဲ့သည်။
ယင်းကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် အနောက်နိုင်ငံအပါအဝင် နိုင်ငံအချို့၏ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံက စွမ်းအင်ကုမ္ပဏီများ အစားထိုးဝင်ရောက်မလားဆိုသည်ကို ဆက် လက်စောင့်ကြည့်ရမည်ဖြစ်သည်။