ဟားဗတ်ဟူးဗား ခြေချခဲ့ဖူးသော လွမ်းစရာ့ ဘော်တွင်းမြေ

ဟားဗတ်ဟူးဗား ခြေချခဲ့ဖူးသော လွမ်းစရာ့ ဘော်တွင်းမြေ
ဘော်တွင်း သတ္တုတွင်း တစ်စိတ်တစ်ပိုင်းကို ဝေဟင်မှတွေ့ရစဉ်
ဘော်တွင်း သတ္တုတွင်း တစ်စိတ်တစ်ပိုင်းကို ဝေဟင်မှတွေ့ရစဉ်
Published 8 May 2022
ထွန်းနေလှိုင် (နောင်ပိန်)

ယခင်အပတ်မှ အဆက်

( ၁ )  နမ္မတူမြို့ သတ္တုတွင်းဘူတာရုံ လေးမှထွက်လာသည့် ရထားလေးသည် တောင်စွယ်တောင်ကြားတွေထဲ တိုးဝင်ပြီး မောင်းနှင်လာသည်။ နှစ်ပေသာကျယ်ဝန်းသော ရထား သံလမ်းလေးပေါ်တွင် မောင်းနှင်လာသည့် သတ္တုတင်ရထားတွဲပေါ်မှာတော့ သတ္တုတွင်းဝန်ထမ်းများနှင့် သူတို့၏ မိသားစုဝင်များသာ ပါဝင်ပြီး သူစိမ်းဆို၍ ကျွန်တော်နှင့် ကျွန်တော့်အဖော်တစ်ယောက်သာ ပါလာသည်။

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြင့်မားလှသည့် တောင်တန်းများကို တွေ့နေရသည်။ သတ္တုတင်ရထားတွဲပေါ်မှာ လိုက်ပါလာ သည့်သူများအဖို့တော့ တောင်တန်းများပေါ်ကို ငေးလိုက်၊ အိပ်ငိုက်လိုက်နှင့် စီးနင်းလာခဲ့ကြသည်။

သတ္တုတင်ရထားက ခရီးသည်များကို တင်ကာ တောင်စောင်းများ ဘေးဖောက်လုပ်ထားသော ရထားလမ်းပေါ်တွင် တဂျုံးဂျုံးနှင့် အားယူ တက်နေဟန်ရှိသည်။ နှစ်ပေသာ ကျယ်သော ရထားလမ်းပေါ်တွင် မောင်းနှင်လာသည့် သတ္တုတင်ရထားပေါ်တွင် လိုက်ပါစီးနင်းလာသည့် ကျွန်တော့်အဖို့ ရင်တုန်လှသည်။ ဘေးပတ်ဝန်းကျင်ငေးကြည့်တော့လည်း တစ်ဖက်က မြင့်မားလှသည့် တောင်နံရံ၊ တစ်ဖက်က နက်ရှိုင်းလှသည့် ချောက်ကမ်းပါး။

ဘော်တွင်းကိုရောက်တော့အတော်တောင်ညနေစောင်းနေပြီ။ သတ္တုတွင်းထဲ တာဝန်ထမ်းဆောင်နေကြသည့် နေ့ဆိုင်းတာဝန်ကျ ဝန်ထမ်းတွေ အလုပ်ချိန် တစ်ဆိုင်းပြီးလို့ ပြန်တက်လာကြပြီး ညဆိုင်းသမားတွေ မြေအောက်မိုင်းတွင်းထဲသို့ ပြန်ဝင်ကြတော့မည်။ 

တဖြည်းဖြည်းနှင့် ညသာနက်လာသည်။ ဘော်တွင်းသတ္တုတွင်း မိုင်းအတွင်းမှာတော့ နေ့နှင့်ညမရှိဘဲ ပုံမှန် လှုပ်ရှားနေကြဆဲဖြစ်သည်။ ဤသည်ကား လွန်ခဲ့သည့် နှစ်နှစ်ဆယ်ခန့်က ကျွန်တော် ရောက်ဖူးခဲ့သည့် ဘော်တွင်းသတ္တုတွင်းဖြစ်သည်။

 

( ၂ ) ကမ္ဘာပေါ်တွင် အကြီးဆုံး သော သတ္တုမိုင်းတွင်းတစ်ခုဖြစ်ခဲ့သည့် ဘော်တွင်းသတ္တုတွင်းကို ၁၃ ရာစုနှစ်ခန့်ကပင် တရုတ်များက တွေ့ရှိကာ သတ္တုတူးဖော်ကျိုချက်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည်ဟု အီတလီခရီးသည်တစ်ဦးဖြစ်သူ မာကိုပိုလို၏မှတ်တမ်းများ အရ တွေ့ရှိရကြောင်း သိရသည်။ ၁၈၄၀ ပြည့်နှစ်တွင် ဘော်တွင်းတွင် နှစ်ပေါင်းများစွာ သတ္တုတူးဖော်ခဲ့ကြသည့် တရုတ်အလုပ်သမားများသည် ပိုင်ရှင်တရုတ်များကို ပုန်ကန်ကာ ယူနန်သို့ပြန်သွားခဲ့ကြသည်။

နောင်တွင် ဘော်တွင်းသည် ဗြိတိသျှအင်ပါယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော်လည်း အင်္ဂလိပ်တို့က ထိုအချိန်အထိ ဘော်တွင်းကို မတွေ့ရှိခဲ့သေးပေ။

၁၉၀၆ ခုနှစ်တွင် နမ္မတူမှ ရှမ်းအမျိုးသားတစ်ဦးက ရန်ကုန်သို့သွားကာ ခဲများကို သွားရောက် ရောင်းချရာမှ အင်္ဂလိပ်တို့သည် ထိုသတင်းကိုရရှိကာ စုံစမ်းရေးမစ်ရှင်တစ်ခုကို စေလွှတ်ခဲ့ပြီး တရုတ်တို့ စွန့်ပစ်ခဲ့သည့် တူးဖော်ပြီးသား ခဲတန်ချိန် နှစ်သိန်းခန့်ကို တွေ့ရှိသွားမှုသည် သတ္တုတွင်းသမိုင်းတွင် အကြီးကျယ်ဆုံးသော တွေ့ရှိချက်ကြီးတစ်ရပ် ဖြစ်ခဲ့သည်ဟုဆိုခဲ့သည်။

အင်္ဂလိပ်တို့သည် တရုတ်တို့ အစဉ်အဆက် လုပ်ကိုင်ခဲ့ကြသည့် သတ္တုမိုင်းတွင်းဟောင်းကြီးကို တောများရှင်း၍ ရှာဖွေခဲ့ကြရာ သစ်သားဒေါက်တို့ဖြင့် အကျအန တူးဖော်ထားသည့် မိုင်းတွင်းဝင်ပေါက်ကို တွေ့ရှိခဲ့ပြီးနောက် ဆက်လက်ရှာဖွေရာ မိုင်းတွင်းတွင် ခဲ၊ သွပ်နှင့် ငွေတို့ ရောစပ်နေသည့် သတ္တုတုံးအများအပြားကို တွေ့ရှိခဲ့ ကြသည်ဟု ဆိုသည်။ တရုတ်တို့သည် ငွေများကို ထုတ်ယူပြီးနောက် သွပ်နှင့်ခဲကို မသယ်နိုင်သဖြင့် ထားပစ်ခဲ့ကြဟန်တူသည်ဟု မှတ်တမ်းများက ဆိုသည်။

အင်္ဂလိပ်တို့သည် The Green Eastern Mining Company ကို တည်ထောင်ကာ သတ္တုတူးဖော်ရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။ ယင်းကုမ္ပဏီပြုတ်ပြီးနောက်ပိုင်းတွင် ဘားမားမိုင်းကုမ္ပဏီကို တည်ထောင်ခဲ့ကြရာ ကမ္ဘာ၌အချမ်းသာဆုံးသော မိုင်းကုမ္ပဏီတစ်ခုဖြစ်လာခဲ့သည်။

ထိုအချိန်က ဘားမားမိုင်းသည် သတ္တုတူးဖော်ရေးလုပ်ငန်းကို စတင်မလုပ်ကိုင်နိုင်သေးဘဲ တရုတ်တို့ထားခဲ့သည့် ချော်ခဲများကို လိုက်ခံစုဆောင်းရောင်းချသည့် အဆင့်သာ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၁၃ ခုနှစ်တွင် ဘားမားမိုင်းသည် ထိုစဉ်အခါက ကမ္ဘာပေါ်တွင် အကြွယ်ဝဆုံးသော ဘော်ကြောကြီးကို တွေ့ရှိခဲ့ကြသည်။ ၁၉၁၄ ခုနှစ်တွင် ပေ ၉၀၀၀ ရှည်သော ကျားစခန်းလိုဏ်မတစ်ခုကို ဖောက်လုပ်ခဲ့ကြသည်။

၎င်းတို့တွေ့ရှိခဲ့ကြသည့် သတ္တုကြောသည် သတ္တုရိုင်းတန် ချိန် ၁၁ သန်းရှိပြီး သတ္တုရိုင်းတစ်တန်လျှင် ငွေပါဝင်မှုနှုန်း ၁၇ ဒသမ ရအောင်စခန့်အထိ ရှိမည်ဟု ဘားမားမိုင်းကော်ပိုရေးရှင်းက ခန့်မှန်းခဲ့သည်။ ထိုအချိန်က ငွေသည် ရှာဖွေတူးဖော်ရခက်ခဲသဖြင့် ရွှေထက် နှစ်ဆခွဲမျှအထိ တန်ဖိုးရှိသည်ဟု ဆိုသည်။

စစ်ကြီးအတွင်းတွင် ဘော်တွင်းကို ဂျပန်များက ဆက်လက် လုပ်ကိုင်ခဲ့ကြပြီး စစ်ပြီးသည့်အခါတွင် ဘားမားမိုင်းကော်ပိုရေးရှင်းက ဆက်လက်လုပ်ကိုင်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဘားမားမိုင်းကော်ပိုရေးရှင်းကို မြန်မာအစိုးရနှင့်ဖက်စပ်လုပ်ကိုင်ခဲ့ကာ ၁၉၆၅ ခုနှစ် တွင် ပြည်သူပိုင်သိမ်းခဲ့သည်။

၁၉၇၉ ခုနှစ်တွင် ဘော်တွင်းမိုင်းအတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် သတ္တုတွင်းတူး မြေအောက်လုပ်သား ၁၉၀၀ ခန့်ရှိပြီး မြေပေါ်လုပ်သား ၈၀၀ ခန့်အထိ ရှိသည် ဟုဆိုသည်။

 

( ၃ ) အမေရိကန်နိုင်ငံ၏ ၃၁ ဦး မြောက် သမ္မတဖြစ်မည့် ဟားဗတ်ဟူးဗားသည် ၎င်းသမ္မတမဖြစ်မီ အသက် ၃၀ အရွယ် ၁၉၀၄ ခုနှစ် ဝန်းကျင်ခန့်က နမ္မတူဘော်တွင်း ဒေသသို့ ရောက်ရှိလာခဲ့ပြီး နမ္မတူဘော်တွင်းဒေသကို သတ္တုလုပ်ငန်းအတွက် စနစ်တကျတည်ထောင်ပေးခဲ့သူအဖြစ် နာမည်ရှိခဲ့သူဖြစ်သည်။

၎င်းသည် အမေရိကန်နိုင်ငံ၏ ၄၅ ဦးမြောက် သမ္မတဖြစ်သည့် ဒေါ်နယ်ထရန့်ကဲ့သို့သော စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဘဝမှ သမ္မတဖြစ်လာသူဖြစ်သည်။ ဒေါ်နယ်ထရန့်ကိုလည်း တချို့က ဒုတိယဟားဗတ်ဟူးဗားဟု တင်စားခဲ့ကြသည်။

အင်္ဂလိပ်တို့ မြန်မာနိုင်ငံကိုသိမ်းပြီးနောက် ဟားဗတ်ဟူးဗားသည် နမ္မတူဘော်တွင်းဒေသသို့ အင်ဂျင်နီယာအဖြစ် ဘော်တွင်းသို့ ရောက်ရှိလာပြီး ဘော်တွင်းမှ မိုင်းများကို တူးဖော်ကာ မိုင်းတွင်းလုပ်ငန်းများကို ပထမဆုံး ပြန်လည်တည်ထောင်ပေးခဲ့သည်။

တရုတ်တို့က သတ္တုတူးဖော်ရာတွင် ပေ ၃၀၀ အနက်အောက် အထိ မဆင်းနိုင်ခဲ့သော်လည်း ဟူးဗားကမူ ၁၇၁၄ ပေအထိနက်သော မာမီယံဆင်းတွင်းကြီးကို တူးဖောက်နိုင်ခဲ့သည်။ မာမီယံဆင်းတွင်းကြီး၏ ၆၅၀ ပေလယ်ဗယ်နှင့် ဆက်ရန် ပေ ၉၀၀၀ ကျော်ရှည်သော ဥမင်လိုဏ်ခေါင်း တူးဖောက်ခြင်း၊ ဆင်းတွင်းကြီးကိုအခြေခံ၍ ၁၄ ထပ်ရှိသော လယ်ဗယ်လိုဏ်ခေါင်းများ၊ လိုဏ်ဖြတ်များ တူးဖောက်၍ သတ္တုထုတ်လုပ်ခြင်းကို စတင်နိုင်ခဲ့သည်။

တရုတ်တို့ မသိရှိ မဖော်ထုတ်နိုင်ခဲ့သော သတ္တုသိုက်ကြီးကို ဟူးဗားတို့က ခေတ်မီ နည်းစနစ်များ ပညာရှင်များကို အသုံးပြုကာ ဖော်ထုတ်ခဲ့ကြသည်။

ထိုစဉ်က ဘော်တွင်းသတ္တုတွင်းတွင် ဖိုမင်များ၊ မြေပေါ်လုပ်သားများ၊ မြေအောက်မိုင်းလုပ်သားများ၊ ကြီးကြပ်ရေးမှူးများ၊ အင်ဂျင်နီယာများ၊ မိုင်းချုပ်များဖြင့် အဆင့်ဆင့် တာဝန်ယူကာ သတ္တုများကို ဖော်ထုတ်တူးဖော်ခဲ့ကြသည်ဟုဆိုသည်။ ထိုစဉ်က ဘော်တွင်းသတ္တု မိုင်းတူးဖော်မှုသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကမ္ဘာကျော်မိုင်းတွင်းဖြစ်ခဲ့ပြီး သတ္တုကို တစ်ကျော့ပြန် စတင်တူးဖော်ခဲ့သည့် ၁၉၁၄ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ သတ္တုရိုင်းတန်ချိန် ကိုးသန်းခန့်အထိ ထုတ်ယူနိုင်ခဲ့ကြသည်။

နမ္မတူ နှင့် ဘော်တွင်းအကြားတွင် ကျားစခန်းဟူသော ဘော်တွင်းသတ္တုတွင်း မြေအောက် ၆၅၀ အနက်နှင့် လယ်ဗယ်ညီဖောက်လုပ်ထားသော စခန်းတစ်ခုရှိသည်။

“တချို့က ကျားစခန်းကို ပထမကြားကြားချင်းကတော့ ကြားစခန်းလို့ ထင်နေကြတာဗျ။ နမ္မတူနဲ့ ဘော်တွင်းကြားမှာရှိတော့ ကြားစခန်းလို့ပဲ ထင်ခဲ့တာ။ အမှန်က မဟုတ်ဘူး။ ကျားစခန်းလို့ ခေါ် တာပါ” ဟု နမ္မတူဒေသခံတစ်ဦးက ပြောသည်။

၁၉၀၄ ခုနှစ် မိုးတွင်းနေ့ တစ်နေ့တွင် ဟားဗတ်ဟူးဗားက ထိုနေရာတွင် ကျားခြေရာကို တွေ့ရှိခဲ့ရာမှ ကျားစခန်းဟု အမည်တွင်ခဲ့သည်ဟုဆိုသည်။ ဘော်တွင်းမှ နှစ်မိုင်ခန့်ဝေးကွာသည့် ကျားဥမင် (Tiger Tunnel) ကို ၁၉၀၅ ခုနှစ်တွင် ဟားဗတ်ဟူးဗားက ဖောက်လုပ်ခဲ့ပြီး ၁၉၁၄ ခုနှစ်တွင် ဆက်မိခဲ့သည်။ ထိုစဉ်က ဟားဗတ်ဟူးဗားသည် ဘော်တွင်းမိုင်းချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်သည်။

ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားနေချိန်တွင် နမ္မတူ၌ သတ္တုရိုင်းတူးဖော်ရေးလုပ်ငန်းများ အရှိန်အဟုန်ကောင်းစွာဖြင့် လုပ်ကိုင်နေချိန်ဖြစ်သည်။ ထိုအချိန်က အမြင့်ဆုံးသတ္တုရိုင်း ထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန်ငါးသိန်းကျော် အထိရှိပြီး ပုံမှန်အားဖြင့် တန်ချိန် သုံးသိန်းခွဲကျော်နှင့် တစ်သိန်း အကြားတွင်ရှိကြောင်း သိရသည်။

၁၉၄၂ ခုနှစ် အင်္ဂလိပ်တို့ ဆုတ်ခွာသွားချိန်အထိ စုစုပေါင်း ထုတ်လုပ်မှု တန်ချိန်မှာ ကိုးသန်း နီးပါးအထိရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့၏ မူလခန့်မှန်းခြေ သတ္တုသိုက် ပမာဏ ၈၂ ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင်ခဲ့သည်ဟုဆိုသည်။

ဘော်တွင်းမိုင်းကို တရုတ်တို့က ၁၄၁၂ ခုနှစ်မှ ၁၈၆၈ ခုနှစ်အထိ၊ အနောက်နိုင်ငံသားတို့က ၁၉၁၄ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ တူးဖော်ခဲ့ကြပြီး ၁၉၆၅ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ မြန်မာ့ဘော်တွင်း ကော်ပိုရေးရှင်းက  တာဝန်ယူတူးဖော်ခဲ့ကြသည်။

၂၀၁၀ ခုနှစ်တွင်တော့ ဘော်တွင်းမိုင်းကို ပုဂ္ဂလိကကုမ္ပဏီသို့ လွှဲပြောင်းခဲ့ကာ ယနေ့အထိ သတ္တု တူးဖော်ခြင်းလုပ်ငန်းကို လုပ်ကိုင်နေသည်ဟုဆိုသည်။ သို့သော်လည်း ယခင်ကကဲ့သို့ သတ္တုတွင်း ရွှေခေတ်ကိုတော့ မရောက်ခဲ့။

 

( ၄ ) ၁၉၆၅ နှစ်လွန်ကာလများ တွင် နမ္မတူဘော်တွင်းဒေသသို့ မြေလတ်နှင့် မြေပြန့်ဒေသတို့မှ ဒေသခံ အများအပြား သတ္တုတွင်းတွင် အလုပ်လုပ်ကိုင်ကြရန် ရောက်လာခဲ့ကြသည်။ ဘော်တွင်းမိုင်းအတွင်း လူမှုဘဝများကို မိသားစုအလိုက် ကျင်လည်ခဲ့ကြသည်။

“ကျွန်တော်က မုံရွာနယ်ဘက်ကနေ နမ္မတူကို ရောက်လာတာ။ ကျွန်တော့်ဇနီးကလည်း အညာဘက်ကပဲ။ ကျွန်တော်တို့ ဒီဒေသမှာ သတ္တုတွင်းလုပ်သားနဲ့ သတ္တုတွင်းမှာ ဝန်ထမ်းလာလုပ်ကြရင်းဆုံခဲ့ကြတာပေါ့။ ကျွန်တော်တို့ သတ္တုမိုင်းတွင်းမှာပဲ ဝန်ထမ်းလုပ်ရင်း နမ္မတူမှာ အခြေချဖြစ်တော့တယ်။ နေရပ်ဇာတိကို သိပ်မပြန်ဖြစ်ကြတော့ဘူး။ ကျွန်တော်တို့လိုပဲ တခြားနယ်တွေကနေ နမ္မတူဘော်တွင်းဒေသကို ရောက်လာပြီး အခြေချနေထိုင်ခဲ့ကြသူတွေများတယ်။ အခုတော့ သတ္တုတွင်းဝန်ထမ်းဘဝနဲ့ ပင်စင်ယူခဲ့ပြီး အဲဒီပင်စင် လစာလေးနဲ့ပဲ နေထိုင်နေရတယ်” ဟု သတ္တုတွင်းဝန်ထမ်းဟောင်း ပင်စင်စားတစ်ဦးက ပြောသည်။

ဘော်တွင်းသတ္တုမိုင်းလုပ်ငန်းများကို ၂၀၁၀ ပြည့်နှစ်ဇန်နဝါရီ ၅ ရက်တွင် ပုဂ္ဂလိကကုမ္ပဏီသို့ လွှဲပြောင်းခဲ့ပြီး မိုင်းတွင်းဝန်ထမ်းများနှင့် သတ္တုတွင်းဝန်ထမ်းများကို လျှော့ချလိုက်ခြင်းကြောင့် ဘော်တွင်းတွင် အစဉ်အဆက်အခြေချ နေထိုင်ခဲ့ကြသည့် သတ္တုတွင်းလုပ်သားများနှင့် ဝန်ထမ်းမိသားစုအများအပြားမှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြသလို အချို့မှာ အခြားနယ်များသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြ ရတော့သည်။

“ကျွန်တော်တို့ မိသားစုက အရင်တုန်းကတော့ ဘော်တွင်းမှာ ဝန်ထမ်းလုပ်ကြတာပေါ့။ ၂၀၁၀ နောက်ပိုင်းမှာတော့ ဝန်ထမ်းတွေ လျှော့ချလိုက်တော့ တော်တော်များများက အလုပ်လက်မဲ့ဖြစ်သွားတယ်။ ဒီတောဒီတောင်နဲ့ ဒီမိုင်း တွင်းကြီးထဲမှာပဲ ဘဝကိုမြှုပ်နှံခဲ့ကြတဲ့ ကျွန်တော်တို့တစ်တွေအဖို့ တော့ ဖြေဆည်ရာ မရတော့ဘူးပေါ့။ တော်တော်များများ ဒီနယ်မြေကို စွန့်ခွာကြဖို့ ခက်ခဲကြပါ တယ်။ ဒီမိုင်းတွင်းကို သံယောဇဉ်ကလည်း အတော်ကြီးသကိုး။ အခုတော့လည်း ဒီနယ်ကလူတွေက မူဆယ်ဘက်မှာလည်း တော်တော်များများ ရောက်ကုန်တယ်။ တချို့လည်း စုမိဆောင်းမိထားတာလေးနဲ့ ခြစ်ကုတ်ပြီး နမ္မတူမှာပဲ အခြေချနေထိုင်ကြတယ်။ တချို့တွေလည်း တရုတ်နယ်စပ်ဘက် အလုပ်သွားလုပ်ကြတော့တယ်။ မိုင်းတွင်းမှာ လုပ်တဲ့ တချို့တလေသော ဝန်ထမ်းတွေကတော့ ကုမ္ပဏီရဲ့လုပ်ငန်း လိုအပ်ချက်အရ အလုပ်ပြန်ခန့်တာ တွေလည်းရှိပါတယ်” ဟု  ဘော်တွင်းတွင် သတ္တုတူးဖော်ခြင်းလုပ်ငန်းကို မိသားစုအလိုက် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ နမ္မတူနှင့်ဘော်တွင်းတို့တွင် နှစ်ပေါင်းများစွာ သတ္တုမိုင်းတွင်းကို အခြေပြု နေထိုင်ခဲ့ကြသည့် ဘဝများစွာရှိခဲ့သည်။ သတ္တုမိုင်းတွင်းကြီးကို အမှီသဟဲပြုပြီး အောင်မြင်သူများလည်း ရှိခဲ့သည်။ ကျရှုံးသူများလည်းရှိခဲ့သည်။

သည်တစ်နှစ် ဘော်တွင်းဘက်ကိုရောက်တော့ ဘော်တွင်း လမ်းကို တိုးချဲ့ဖောက်လုပ်နေသည့် စက်ယန္တရားများကို တွေ့သည်။ တောင်တွေဖောက်ပြီး လမ်းတွေ ချဲ့ထွင်နေသည်ကို မြင်ခဲ့ရသည်။ ၁၀ နှစ်ကျော်ကြာမျှ တိတ်တဆိတ် ရှိနေခဲ့သော သတ္တုမိုင်းကြီးသည် အခုတော့ လှုပ်လှုပ်ရှားရှား ဖြစ်လာ ဟန်ရှိနေချေတော့သည်။ ယခင်ကကဲ့သို့ သတ္တုတွင်း ရွှေခေတ်ကို ရောက်နိုင်မလားဆိုသည်ကတော့ မပြောတတ်တော့ချေ။ 

မှီငြမ်း - မြသန်းတင့်၏ “လွမ်းမောဖွယ် ကမ္ဘောဇ”

-ဆင်တဲဝမြတ်ဖုန်း၏ “ဓာတ်သတ္တုတောထဲ တိုးဝင်ခြင်း”