ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ရေး ပုံမှန်ဘဝသစ်

ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ရေး ပုံမှန်ဘဝသစ်
(Photo : channelnewsasia.com)
(Photo : channelnewsasia.com)
Published 8 May 2022
ဒေါက်တာ လွင်သန့်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်မှာ တရုတ်နိုင်ငံဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ကိုဗစ်ကပ်ရောဂါကမ္ဘာမြေပြင်မှာ ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ် မေ ၁ ရက်အထိ ကမ္ဘာပေါ်မှာ ကိုဗစ်ဖြစ်ပွားသူ ၅၁၃ သန်း၊ သေဆုံး ၆ ဒသမ ၂ သန်း၊ မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားသူ ၆ ဒသမ ၃ သိန်း၊ သေဆုံးသူ ၁၉၄၃၄ ဦးရှိခဲ့ပြီဖြစ်ပါတယ်။

အချို့က ကိုဗစ်ကပ်ပြီးသွားပြီ လို့ ယူဆနေပေမဲ့ ပညာရှင်တွေကတော့ သိပ်မသေချာသေးဘူးဆိုပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကိုဗစ် အတည်ပြုလူနာ အချို့နိုင်ငံတွေမှာ တဖြည်းဖြည်း ပြန်များလာနေပါတယ်။ အစိုးရိမ်ရဆုံးက တရုတ်နိုင်ငံဖြစ်ပြီး အသက်ကြီးသူများကြား ရောဂါကိုယ်ခံနိုင်အားမရှိသေးသလို ရောဂါကူးစက်မှုများလာလို့ လော့ဒေါင်းနဲ့ ကိုဗစ်သုညအစီအစဉ်တို့ စွန့်လွှတ်ကာ ကိုဗစ်ကာကွယ်ဆေးများထိုးနှံပြီး ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ရေး ပုံမှန်ဘဝသစ်ကို လက်ခံလာကြရပါတယ်။ ဆိုးဆိုးရွားရွားလည်း ဖြစ်လာနိုင်ပါသေးတယ်။

ကိုဗစ်မျိုးကွဲသစ်အိုမီခရွန်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက် မှာ  တောင်အာဖရိကဘော့ဆွာနာ နိုင်ငံမှာစတင်တွေ့ရှိခဲ့ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှာ စောင့်ကြည့်ရမယ့် မျိုးစိတ်သစ် အဖြစ် ကြေညာခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကာလအတွင်း အကြီးမားဆုံး ကူးစက်မှုလှိုင်း ဒယ်တာ တတိယလှိုင်းထက်အဆ ၂၀ ခန့် ပိုပြင်းထန်တယ်လို့ သိရပါတယ်။ကူးစက်မှုနှုန်း၊ ပျံ့နှံ့နှုန်းမြင့်မားလာပေမဲ့ ရောဂါပြင်းထန်မှု၊ ဆေးရုံ တက်ရမှု၊အောက်ဆီဂျင်ရရှိမှု၊ သေဆုံးမှု နည်းပါးပါတယ်။ ဧပြီလမှာ ရှစ်ရာခိုင်နှုန်းအထိ ပြန်လည်မြင့် တက်လာပြန်ပါတယ်။ အိုမီခရွန်ရဲ့ ဘီအေဝမ်းနဲ့ဘီအေတူးနှစ်ခုပေါင်း အိတ်ခ်ျအီး မျိုးကွဲသစ်ဟာ သြစတြေးလျ၊ ထိုင်း၊ ကနေဒါ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့မှာလည်း တွေ့ရှိလာပြန်ပါတယ်။ လူသားတွေက ကိုဗစ်ကာကွယ်ဆေးကို ယုံကြည်ကြပါတယ်။

တကယ်တမ်းကိုဗစ်ကာကွယ်ဆေးက မျိုးကွဲသစ်တိုင်းမကာကွယ်နိုင်ပါဘူး။ ရောဂါမပြင်းထန်ခြင်း၊ ဆေးရုံမတက်ရခြင်း၊ မသေဆုံးခြင်းတို့ကြောင့် အမေရိကန်၊ ဗြိတိန်၊အစ္စရေးနဲ့ စင်ကာပူမှာ တတိယအကြိမ် ထိုးနှံထားပြီး အစ္စရေး၊ ထိုင်း၊ ချီလီ နိုင်ငံတို့မှာ စတုတ္ထအကြိမ်ထိုးနှံနေပါတယ်။ မြန်မာနိုင်ငံမှာတော့ တတိယအကြိမ် ထိုးနှံနေကြပြီဖြစ်ပါတယ်။ ဖိုင်ဇာကုမ္ပဏီကရက်ပေါင်း ၁၀၀ အတွင်းအိုမီခရွန်ကာကွယ်ဆေး ထုတ်ဖော်နိုင်သလို မိုဒါးနားကုမ္ပဏီကလည်း ၂၀၂၂ ခုနှစ်မေလအတွင်း ကာကွယ်ဆေး အိုမီခရွန်အတွက် ထုတ်လုပ်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ ဖိုင်ဇာက အသက် ခြောက်လမှ အသက်ငါးနှစ်အတွင်း ကလေးငယ်များ ကိုဗစ်ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံဖို့ အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံထားပါတယ်။ လောလောဆယ် ကလေးတွေမှာ ကူးစက်သေဆုံးမှုတွေရှိလာလို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ ပြင်ဆင်လာခြင်းပဲဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများကြား ကိုဗစ်ကာကွယ်ဆေး ထိုးနှံရရှိမှုကလည်း ဆင်းရဲချမ်းသာ နိုင်ငံများကြား တူညီမှု မရှိကြပါဘူး။ အာဖရိကမှာ ကာကွယ်ဆေးတစ်ကြိမ်မျှမထိုးနှံသေးသူတွေ ရှိနေပါသေးတယ်။တရုတ်နဲ့အမေရိကန်ကအာဖရိကကို ကိုဗစ်ကာကွယ်ဆေး တစ်ဘီလျံကျော်စီ လှူဒါန်းမယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေး ညွှန်ကြားရေးမှူးချုပ် (WHO) မှ တက်ဒရော့ခ်က လက်ရှိရောဂါကူးစက် ဖြစ်ပွားနေမှု ရရှိထားတဲ့ ကိန်းဂဏန်းများထက် ပိုများနေတယ်လို့ မတ် ၁၆ ရက်က ပြောကြားထားပါတယ်။ ကိုဗစ်ကြောင့်သေဆုံးမှုကလည်း တစ်ကမ္ဘာလုံး လျော့ကျနေပေမဲ့ မကြာခင်ပြန်လည်မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

အိုမီခရွန် စတင်တွေ့ရှိရာ တောင်အာဖရိကမှာ ဒီဇင်ဘာအတွင်းက ကိုဗစ်စစ်ဆေးမှု တစ်နေ့ ၇၀၀၀၀ နီးပါးရှိခဲ့ပြီး မတ်လမှာ ၂၀၀၀၀ နီးပါးသာ ရှိပါတော့တယ်။

ရောဂါတွေ့ရှိမှုကလည်း ၃၇  ရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းအထိ ကျဆင်းလာလို့ တကယ်ရောဂါဖြစ်ပွားမှု နည်းပါးနေခြင်းဖြစ်ပါတယ်။တရုတ်၊ ထိုင်ဝမ်နိုင်ငံတွေမှာတော့ကိုဗစ်သုညစီမံကိန်းများ စွန့်လွှတ်ကာ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရေး ပုံမှန်ဘဝသစ်ကို လက်ခံလာကြပြီး ကာကွယ်ဆေးများ ပိုမိုထိုးနှံလာကြပါတယ်။ တောင်ကိုရီးယားမှာ ကိုဗစ်တားမြစ်ပိတ်ပင်မှု အချို့လျှော့ချပြီး ခရီးသွားလုပ်ငန်း စတင်လာပါတယ်။

မြန်မာနိုင်ငံမှာလည်း ကိုဗစ်တတိယလှိုင်းမှာ အသေအပျောက်များခဲ့ကြပြီး ကိုဗစ်ကာကွယ်ဆေး ပိုမိုထိုးနှံလာတာနဲ့အမျှ အိုမီခရွန် စတုတ္ထလှိုင်းမှာဖြစ်ပွားနှုန်းများပေမဲ့ ရောဂါပြင်းထန်မှု၊ သေဆုံးမှုနည်း ပါးခဲ့ပါတယ်။ ခုဆိုရင် ပြည်ပလေကြောင်းခရီးစဉ်များ လက်ခံလာတာနဲ့အတူ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများဖွင့်လှစ်ကာ ကိုဗစ်နဲ့ အတူယှဉ်တွဲနေထိုင်ရေး ပုံမှန် ဘဝသစ်ကို လက်ခံလာကြပါတယ်။

ဒိန်းမတ်နိုင်ငံ လေ့လာမှုအရ ဘီအေဝမ်း ကူးစက်ဖြစ်ပွားခြင်းခံရပြီး နှစ်လအကြာမှာဘီအေတူး ကူးစက်တဲ့အထောက်အထားများတွေ့ခဲ့ကြပါတယ်။ အဆိုပါဖြစ်စဉ်မှာ ရှားပါးပြီး ကိုဗစ်လှိုင်းများ တစ်လုံး နဲ့တစ်လုံးတင်းအားမဖြစ်နိုင်ပါဘူး။နှာခေါင်းစည်းကမ်းချက်များ ရုပ်သိမ်းခြင်း၊ လူစုလူဝေးပြန်လည်ခွင့် ပြုခြင်းစတဲ့ ကာကွယ်ကန့်သတ်မှုများက ဖြေလျှော့လာပေမဲ့ ဗိုင်းရပ်ပိုး ပြန်လည်ခေါင်းထောင်ဖို့ အခွင့်အလမ်းက ရှိနေပြန်ပါတယ်။ ဘီအေဝမ်းနဲ့ ဘီအေတူး ပူးပေါင်းပြီး အိတ်ခ်ျအီး မျိုးစိတ်သစ်ကဘီအေ တူးထက် လေးဆပိုမိုလျင်မြန်ပါတယ်။

တောင်အာဖရိကမှာ ရောဂါ ကာကွယ်ရေး ကန့်သတ်ချက်များ ယခင်အတိုင်း တင်းကျပ်ထားဆဲ ဖြစ်လို့ ဘီအေတူးကူးစက်မှု စတင်နေပေမဲ့ ရောဂါဖြစ်ပွားမှု ယခင်ထက် ကျဆင်းလာနေပါတယ်။ ဥရောပမှာမူကပ်ရောဂါကြီးက ပြီးသွားပြီး အိုမီခရွန်က ပိုလျော့တယ်ဆိုတဲ့ မှားယွင်းယူဆချက် များနဲ့ရောဂါကာကွယ်မှုနည်းလမ်းများ လိုက်ရှာဖို့ ပေါ့ဆလာကြပါတယ်။ အိုမီခရွန်ဟာ ယခင်ဖြစ်ပွားတဲ့ ဒယ်တာမျိုးကွဲထက်ပြင်းထန်မှု လျော့နည်းပေမဲ့ ကူးစက်မှု မြင့်မားပါတယ်။ အမေရိကန်မှာ ဒယ်တာ တတိယလှိုင်းမှာထက် အိုမီခရွန်လှိုင်းမှာ သေဆုံးအရေအတွက် ပိုများနေပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာကစပြီး အမေရိကန် မှာ ၂၀၂၂ ခုနှစ်ဧပြီအထိ သေဆုံးမှု တစ်သိန်းခွဲလျော့ခဲ့ပါတယ်။

ဘီအေတူး၊ အိတ်အီး၊ အိုမီခရွန် စတုတ္ထလှိုင်းမှာ သေဆုံးမှုနဲ့ ဆေးရုံတက်ကုသရမှုအဓိကအဆုံး အဖြတ်ပေးမယ့် အချက်က ကာကွယ်ဆေးထိုးခြင်းဖြစ်ပါတယ်။သြစတြေးလျမှာ ရောဂါဖြစ်ပွားမှု အမေရိကန်ထက် နှစ်ဆပိုတယ်။ကာကွယ်ဆေးထိုးနှံထားခြင်းမှု ၆၅ ရာခိုင်နှုန်းရှိတဲ့အတွက် အမေရိကန်က သေဆုံးနှုန်းပိုပြီး  ၈၂ ရာခိုင်နှုန်း ထိုးနှံပြီးတဲ့ သြစတြေးလျက သေဆုံးမှုနည်းပါးခဲ့ပါတယ်။ ရောဂါပြင်းထန်မှုနဲ့ ဆေးရုံတက်ရမှုလည်း နည်းပါးခဲ့ပါတယ်။

တရုတ်နိုင်ငံဝူဟန်က စတင်တဲ့ ကိုဗစ်ဟာ တရုတ်နိုင်ငံအနှံ့ အိုမီခရွန် စတုတ္ထလှိုင်းကူးစက်နေပြီး ကာကွယ်ဆေးထိုးနှံမှုနည်းပါးတဲ့ လူကြီးအုပ်စုမှာ ရောဂါကူးစက်မှုနဲ့ဆိုးကျိုးတွေတွေ့ရပါတယ်။ ဟောင်ကောင်မှာလည်းအသက် ၈၀ နဲ့ အထက် လူများရဲ့ ၃၀ ရာခိုင်နှုန်း သာ ကာကွယ်ဆေးထိုးနှံထားလို့ အိုမီခရွန်စတုတ္ထလှိုင်းမှာ အသက်ကြီးသူများ ဆိုးဆိုးရွားရွား ခံစားကြရပြီး ဆေးရုံများပြည့်လျှံကာ သေဆုံးမှုလည်း များလာပါတယ်။                     

တရုတ်နိုင်ငံမှာလည်း ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ဆေး ထိုးနှံပြီးချိန်အသက် ၈၀ ကျော်သူ များရဲ့ ၅၁ ရာခိုင်နှုန်းသာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီး ၂၀ ရာ ခိုင်နှုန်းသာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရသေးတယ်လို့ မတ် ၁၈ ရက်က ပီကင်းကျန်းမာရေးအရာရှိ တစ်ဦးက ဆိုပါတယ်။ ဟောင်ကောင်မှာလို ရောဂါကူးစက်မှုက လူကြီးတွေ ကာကွယ်ဆေးထိုးနှံမှု နည်းရင်ရောဂါပြင်းထန်မှု သေဆုံးမှု များမယ်လို့ တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင် ဝမ်ဟီရှန်းက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံက ထိရောက်မှု နည်းတဲ့ပြည်တွင်းကာကွယ်ဆေးများ ထိုးနှံပေးနေတာလည်းပါဝင်ပါတယ်။ ဆိုင်နိုဗက်ကထုတ်တဲ့ ကိုရိုနာဗက် ကာကွယ်ဆေးက ပြင်းထန်တဲ့ရောဂါ မဖြစ်ပွားအောင် အတိုင်းအတာ တစ်ခုအထိ ကာကွယ်နိုင်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ သက်ကြီးရွယ်အို ကာကွယ်ဆေးထိုးနှံခြင်းကို မြန်မြန်ဆောင်ရွက်လေ ဟောင်ကောင်လိုအဖြစ်မျိုး ရှောင်လွှဲနိုင်လေပဲဖြစ်ပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ်အပြင် ထပ်ဆင့်မြှင့် ကာကွယ်ဆေး လိုအပ်ပါတယ်။

ဗီဒီယိုတည်းဖြတ်ခြင်း - ဗီဒီယိုတည်းဖြတ်သူအနေနဲ့ ရုပ်ပုံများ သက်ဝင်လှုပ်ရှားလာအောင်၊ ဖန်တီးပေးရတဲ့ အတတ်ပညာ၊ ဗီဒီယိုတည်းဖြတ်တဲ့ ဆော့ဝဲကို အသုံးပြု နိုင်တဲ့ အတတ်ပညာ၊ ဗီဒီယိုတည်းဖြတ်တဲ့လုပ်ငန်းစဉ်ကိုပိုမိုမြန်ဆန်လာဖို့နဲ့ ဗီဒီယိုများ၊ စီဒီခွေများပေါ်ကူးယူမှု မြန်ဆန်လာရေးအတွက် ကွန်ပျူတာ ဆော့ဝဲများကိုလည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား ဗီဒီယိုထုတ်လုပ်ရေးမှာ စျေးကွက် ဝယ်လိုအားနဲ့အညီ ဗီဒီယိုများကို အချိန်မီထွက်ဖို့ လိုအပ်ပါတယ်။ ဖောက်သည်များလာတာနဲ့အမျှ ကိုယ့်ရဲ့ဗီဒီယိုတည်းဖြတ်မှုစွမ်းရည်ကြောင့် ကိုယ်ရဲ့ကနဦးရင်းနှီးမြှုပ်နှံမှုများမှ အမြတ်အစွန်းအမြောက်အမြား ရနိုင်ပါတယ်။

ဘဏ်လုပ်ငန်း - ဘဏ်လုပ်ငန်း၊ ငွေကြေးစုဆောင်းခြင်း၊ ထုတ်ပေးခြင်းတို့မှာ နိုင်ငံတကာ၌တွင် ကျယ်နေပါတယ်။စျေးဝယ်ကတ်၊ အကြွေးဝယ်ကတ်၊ ဘဏ်ပေး (Bank Pay)၊ ဘဏ်အကောင့် (Bank Account) ဘဏ်နဲ့ အေတီအမ် (ATM) ငွေထုတ်၊ ငွေလွှဲစနစ်တွေက ဘဏ်ပိတ်ထားပေမဲ့ ၂၄ နာရီ လည်ပတ်လို့နေပါတယ်။

ဘဏ်မန်နေဂျာ - ဘဏ္ဍာရေး မန်နေဂျာဟာ အဖွဲ့အစည်းတစ်ခုရဲ့ဘဏ္ဍာရေးအခြေအနေကောင်းမွန်အတွက် လုပ်ကိုင်ဆောင်ရွက်ပေးနေပါတယ်။ သူ့ရဲ့တာဝန်က ဘဏ္ဍာရေး အခြေအနေဆိုင်ရာ အစီရင်ခံစာတင်ပြခြင်း၊ တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုအတွက်ဆောင်ရွက်ပေးခြင်း၊ အဖွဲ့အစည်းများအတွက် ရေရှည်ဘဏ္ဍာရေးရည်မှန်းချက် ပေါက်မြောက်အောင်မြင်ရေး စီမံကိန်း ရေးဆွဲပေးခြင်းတို့ဖြစ်ပါတယ်။ ဘဏ်များ၊ အာမခံကုမ္ပဏီများမှာ စွမ်းရည်မြင့်လေ၊ လစာ ကောင်းကောင်းပေးကာ ခန့်အပ်လာကြပါတယ်။ နေအိမ်ကနေ လုပ်ကိုင်နိုင်ပါတယ်။ ပြည်တွင်း ကုမ္ပဏီများရဲ့ ဘဏ္ဍာရေးအခြေအနေများကို လေ့လာသုံးသပ်အကြံပေးနိုင်ပါတယ်။

ပညာရေး - အီးပညာရေးဟာ နည်းပညာ ပြည့်စုံတဲ့ အနောက်နိုင်ငံတွေမှာ ကိုဗစ်ကာလ ထိုးဖောက် ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ ဆရာနဲ့တပည့် အွန်လိုင်းကတွေ့ ဆုံပြီး ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ သင်ကြားပို့ချနိုင်ပါတယ်။ စာမေးပွဲဖြေ ဆိုနိုင်ပါတယ်။ အတန်းအတက်-အကျ ပြုလုပ်နိုင်ပါတယ်။ ကျူရှင်၊ ဂိုက် သင်ကြားသင်ယူနိုင်ပါတယ်။ လျှပ်စစ်မီး၊ အွန်လိုင်း‌ ကောင်းမွန်မှု၊  လက်ပ်တော့စတဲ့အခြေခံပစ္စည်းများ ဖူလုံဖို့ လိုအပ်နေပါတယ်။

ကျန်းမာရေး - အိမ်ထဲမှာနေ ကာလမှာ ဆရာဝန်၊ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးကုသနိုင်ပါတယ်။ ဆေးခန်း၊ ဆေးရုံဆီသွားစရာမလိုဘဲ ဆရာဝန်ထံဖုန်းဆက် ဗိုင်ဘာ (Viber) ဖွင့်ကာ အပြင်နဲ့ မခြား ကုသမှုယူနိုင်ပါတယ်။ အထွေထွေရောဂါကုဆရာဝန်များက အင်တာနက်အွန်လိုင်းကနေ ဗီဒီယိုဖိုင်နဲ့ဖြစ်ပွားနေတဲ့ရောဂါ အမျိုးအမည်ကိုရှာဖွေသတ်မှတ်ပေးပြီး လိုအပ်တဲ့ညွှန်ကြားမှုများပေးကာ သာမန်ဖျားနာမှုမှ သွေးတိုး၊ နှလုံး သွေးကြော၊ ဆီးချိုရောဂါအထိ ကုသပေးနိုင်ပါတယ်။

ရှေ့နေနှင့်အွန်လိုင်းတရားရုံး - အကြံပေးရှေ့နေဟာ စီးပွားရေး လုပ်ငန်း (သို့မဟုတ်) ကုမ္ပဏီအတွက် ဥပဒေဆိုင်ရာအကြံပေးဖို့ဖြစ်ပါတယ်။ အကြံပေးရှေ့နေအနေနဲ့ ဥပဒေလောကမှ အတွေ့အကြုံများ နဲ့ပညာရေးဆိုင်ရာအရည်အချင်း များရှိဖို့လိုအပ်ပါတယ်။နိုင်ငံရေး သိပ္ပံဘွဲ့၊ ဥပဒေဘွဲ့နဲ့ နိုင်ငံခြားဘာသာ (အင်္ဂလိပ်စာ၊ ကိုရီးယားစာ၊ ဂျပန်စာ) များ သင်ယူနိုင်ပါတယ်။

ကိုဗစ်ကာလမှာ တရားရုံးဆီ သွားလာစရာမလိုဘဲ အွန်လိုင်းမှ တစ်ဆင့် (Virtual) စနစ်နဲ့တရားစီရင်နိုင်ပါတယ်။ ရှေ့နေများ လျှောက်လဲချက်ပေးနိုင်ပါတယ်။ တရားသူကြီးများ၊ အိမ်(သို့မဟုတ်)တရားရုံးကနေ ဗီဒီယို (Virtual) စနစ်နဲ့ စီရင်နိုင်ကြတယ်။

ကိုဗစ်ရောဂါကာလ ကမ္ဘာ့နေရာအနှံ့အပြားရောဂါကူးစက် ပျံ့နှံ့သေဆုံးမှု များလာတာနဲ့အမျှ “လူသားတို့ ကိုဗစ်နှင့် အတူယှဉ်တွဲ နေထိုင်ခြင်း ဆိုတဲ့ပုံမှန်ဘဝသစ်”ကို ကျယ်ပြန့်စွာ သုံးစွဲလာကြပါတယ်။ ကိုဗစ်ရောဂါလက္ခဏာတွေက ချောင်းခြောက်ဆိုးခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ပြည့်အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အနံ့မရခြင်း၊ အိပ်မရခြင်း၊နုန်းခွေခြင်း၊ အသက်ရှူ မဝခြင်း၊ သတိလစ်ခြင်း၊ သွေးဆိပ်တက်ခြင်း၊ အင်္ဂါများ ရောင်ရမ်းကာ သေဆုံးတဲ့အထိဖြစ်စေပါတယ်။ ကိုဗစ်စည်းမျဉ်းများဖြစ်တဲ့ နှာခေါင်းစည်းတပ်ခြင်း၊ လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် ၂၀ ကျော် ကြာ ဆေးကြောခြင်း၊ လူတစ်ဦး နဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေကောင်းလေသန့်ရရှိအောင် စီစဉ်ခြင်း၊ ကိုဗစ် ကာကွယ်ဆေး နှစ်ကြိမ်ထပ်ဆင့်မြင့် ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံထားမှသာ ကိုဗစ်ကူးစက်မှုမှကာကွယ်နိုင်ပါမယ်။

ကိုဗစ်က ကမ္ဘာမြေပေါ်မှာ ၄-၅  နှစ် ကြာရှိနေဦးမှာဆိုတော့ လူတိုင်း ကိုဗစ်စည်းမျဉ်းနဲ့အတူ ယှဉ်တွဲနေထိုင်ကာ နေထိုင်မှုဘဝ အသစ်အရ လှုပ်ရှားနေထိုင်လာပြီ ဆိုရင်တော့ ကိုဗစ်ခံနိုင်ရည်ရှိလာပြီး ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရမှု၊ သေဆုံးမှုများလည်း လျော့လာနိုင်ပါတယ်။ ဥရောပသုတေသီတွေပြောသလို ကိုဗစ်ကပ်ဆိုးကြီးပြီးသွားပြီဆိုတာ မဖြစ်နိုင်သေးဘဲ ကာကွယ်ဆေး မထိုးနှံ ရသေးတဲ့(ဥပမာအာဖရိက)နေရာမှမျိုးကွဲသစ်များနှစ်စဉ်ပေါ်လာနိုင်ပြီး ကာကွယ်ဆေးထပ်ဆင့်မြှင့် ထိုးနှံဖို့လိုအပ်မှာဖြစ်ပါတယ်။ တုပ်ကွေးလို ခံနိုင်ရည်ရှိလာရင်တော့ ကိုဗစ်ကာကွယ်ဆေးမထိုးနှံရတော့ပါဘူး။