သမ္မတနိုင်ငံဝါဒနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား

သမ္မတနိုင်ငံဝါဒနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား
(Photo : Wikimedia)
(Photo : Wikimedia)
Published 8 May 2022
ရဲကျော်စွာ

၁၉၁၇ ခုနှစ် ဆိုဗီယက် မဟာအောက်တိုဘာ ဗော်လ်ရှီဗစ်တော်လှန်ရေးမှစတင်ကာ နိုင်ငံတကာ လက်ဝဲ - လက်ယာ ပဋိပက္ခ၊ နိုင်ငံတကာ ကွန်မြူနစ် - ဆိုရှယ်လစ် လှုပ်ရှားမှုများနှင့် တန်ပြန်လှုပ်ရှားမှုများ၏ ခေတ်သစ်နှင့် ခေတ်ပြိုင် မြန်မာ့နိုင်ငံရေးနှင့် သမိုင်းရေးဖြစ်စဉ်များအပေါ် သက်ရောက်မှုများနှင့် အကျိုးဆက်ရိုက်ခတ်မှုများ       အကြောင်းကို မြန်မာပြည်သူအများစုက ယခင်ကတည်းက ကျယ်ပြန့်စွာ သိရှိထားခဲ့ကြပြီး ဖြစ်သည်။

သို့သော်လည်း အေဒီ ၁၉ ရာ စုခေတ်က မြန်မာတို့၏ အမျိုးသားခုခံရေး စစ်ပွဲများနှင့် ဒုတိယကမ္ဘာစစ် အကြိုကာလ မြန်မာအပါအဝင် အာရှနိုင်ငံများနှင့် အရှေ့တိုင်းနိုင်ငံများ၏ အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုများ၏ “နိုင်ငံရေးမဟာဗျူဟာမြေပုံဖွဲ့မှု” (Political Strate-gic Mapping) အပေါ် နက်ရှိုင်းစွာ လွှမ်းမိုးသက်ရောက်နေခဲ့သော အခြား “မဟာဗျူဟာအဆင့်ဖြစ်စဉ်” (Strategic Level Process) တစ်ခု ဖြစ်သော၊ အမေရိကန် ပြည်ထောင်စုနှင့် ပြင်သစ်သမ္မတနိုင်ငံ အင်ပါယာအတွင်း စတင်ထွန်းကားလာခဲ့သော “နိုင်ငံတကာ သမ္မတနိုင်ငံလှုပ်ရှားမှုများ”( International Republic Movements) ၏ မြန်မာအပေါ် သက်ရောက်မှုများ နှင့် အကျိုးဆက်ရိုက်ခတ်မှုများအကြောင်းကိုမူ မြန်မာတို့အကြားတွင် လူသိနည်းသော အကြောင်းအရာများအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။

အမေရိကန်နှင့် ပြင်သစ်၏ အမေရိကတိုက်များအတွင်း သမ္မတနိုင်ငံလှုပ်ရှားမှုများ

ထိုခေတ်က အမေရိကန်ပြည်ထောင်စုနှင့် “ပြင်သစ်သမ္မတနိုင်ငံ အင်ပါယာ”  (French Republic Empire) တို့သည် နိုင်ငံတကာ သမ္မတနိုင်ငံများ အစုအဝေး၏ ပင်မထိပ်တန်းခေါင်းဆောင်နိုင်ငံများ ဖြစ်ခဲ့ကြသည်။ ၁၇၇၆ ခုနှစ်တွင် အမေရိကန်လွတ်လပ်ရေးစစ်ပွဲ စတင်ခဲ့ပြီး ၁၇၈၄ ခုနှစ်တွင် အမေရိကန်များကဗြိတိသျှအင်ပါယာလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။

၁၇၈၉ ခုနှစ်တွင် သမိုင်းဝင် ပြင်သစ်တော်လှန်ရေး ဖြစ်ပွားကာ ဘုရင်စနစ်ကို ဖျက်သိမ်းပြီး “ပထမ ပြင်သစ် သမ္မတနိုင်ငံ” (First French Republic) ကို စတင်တည်ထောင်ခဲ့ကြသည်။

အမေရိကန် ပြည်ထောင်စုနှင့် ပြင်သစ် သမ္မတနိုင်ငံ အကြား “အဂ္ဂမဟာဗျူဟာအဆင့် မဟာမိတ်”(Grand Strategic Alliance) တစ်ခုကို လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။ ထိုမဟာမိတ်အဖွဲ့၏ မူလလျှို့ဝှက်ရည်မှန်းချက်မှာ ဥရောပသက်ဦးဆံပိုင် ဘုရင့်အင်ပါယာများအပါအဝင် ကမ္ဘာတစ်ဝန်းရှိ ဘုရင့်နိုင်ငံများကို ဖျက်သိမ်းကာ သမ္မတနိုင်ငံစနစ် တော်လှန်ရေးများကိုဆင်နွှဲလျက် သမ္မတနိုင်ငံသစ်များကို တည်ဆောက် ထူထောင်ရန် မူလက ရည်ရွယ်ထားခဲ့သည်။

အလယ်အမေရိကဒေသနှင့် တောင်အမေရိကတိုက်တို့တွင် အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပါဝင် သို့မဟုတ် ကြိုးကိုင်ပံ့ပိုးခဲ့သော တော်လှန်ရေးစစ်ပွဲများ၊ ခွဲထွက်ရေး စစ်ပွဲများနှင့် ပြည်တွင်းစစ်များ အောင်မြင်ခဲ့ပြီး စပိန်အင်ပါယာနှင့် ပေါ်တူ ဂီအင်ပါယာတို့၏ ကိုလိုနီပိုင်စားနယ်မြေများ လွတ်လပ်ရေးရကာ “လက်တင်အမေရိက အမျိုးသား သမ္မတနိုင်ငံများ” (Latin Ameri-can National Republics) ပေါ် ပေါက်လာခဲ့ကြသည်။

အလယ် အမေရိကနှင့် တောင်အမေရိကတွင် အသစ်ပေါ်ထွန်းလာသော အမျိုးသားသမ္မတနိုင်ငံများအပေါ် ဥရောပ ဘုရင့်အင်ပါယာများက ဝင်ရောက်စွက်ဖက်မှုကို တားဆီးကာကွယ်ရေး အပါအဝင်၊ အမေရိကန်ပြည်ထောင်စု၏ ရည်မှန်းချက်များအတွက် အမေရိကတိုက်များ၏ အရေးကိစ္စရပ်များအပေါ် အမေရိကတိုက်များ၏ ပြင်ပမှ အခြားအင်ပါယာများ၏ ဝင်ရောက်စွက်ဖက်နိုင်ခွင့်ကို ဆန့်ကျင်၊ ပိတ်ပင်တားမြစ်လိုက်သော “မွန်ရိုး အခြေခံမူဝါဒ စည်းမျဉ်း”(Monroe Doctrine) ကို ၁၈၂၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့သည်။

လက်တွေ့တွင် ကာရစ်ဘီယံ ပင်လယ်နှင့် တောင်အမေရိက ကုန်းမြေပေါ်တွင် ပြင်သစ် သမ္မတနိုင်ငံ အင်ပါယာ၏ တိုက်ရိုက်ကိုလိုနီ နယ်မြေ အချို့ ဆက်လက် တည်ရှိနေမှုကို အမေရိကန် ပြည်ထောင်စုက လုံးဝ အနှောင့်အယှက်မပေးဘဲ သဘောတူညီ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း အခြားတစ်ဖက်တွင် ပြင်သစ် ပဒေသရာဇ်ဂိုဏ်းများက အမေရိကတိုက်များအတွင်း ပြင်သစ် သြဇာခံ “ရုပ်သေးဘုရင်များ” (Puppet Monarchs) ထားရှိခြင်းကိုမူ ပြတ်သားစွာ ပိတ်ပင်တားဆီးထားသော အခြေခံမူဝါဒစည်းမျဉ်းကို အမေရိကန်များက စတင် ကျင့်သုံးခဲ့သည်။

ယင်းဒေသများ အတွင်း စပိန်ကိုလိုနီများနှင့် ပေါ်တူဂီကိုလိုနီများ၏ လွတ်လပ်ရေးတိုက်ပွဲများကိုသာ အမေရိကန်နှင့် ပြင်သစ်က ၀ိုင်းဝန်း စစ်ကူပေးခဲ့ကြသည်။

ဥရောပနှင့် မြေထဲပင်လယ် သမ္မတနိုင်ငံ စီမံကိန်းများ

နပိုလီယန်စစ်ပွဲများနှင့် ၁၉ ရာစု ဥရောပ စစ်ပွဲများအတွင်း နိုင်ငံတကာ သမ္မတနိုင်ငံလှုပ်ရှားမှုများကို ၀ိုင်းဝန်း ဆန့်ကျင်တိုက်ဖျက်ရာတွင် အဓိက ဦးဆောင် “အထူးအင် အားကြီးနိုင်ငံများ” (Great Powers) ဖြစ်နေကြသော (၁) ရုရှားအင်ပါယာ၊ (၂) သြစထရို - ဟန်ဂေရီ အင်ပါယာ၊ (၃) ဂျာမန်အင်ပါယာနှင့် (၄) ဗြိတိသျှအင်ပါယာ ဟူသည့် အင်ပါယာ လေးခုအတွင်း “သမ္မတနိုင်ငံစနစ်” (Republic System) သို့မဟုတ် “သမ္မတနိုင်ငံစနစ်နှင့် နီးစပ်သောစနစ်” (Para-Republic System) တစ်ခုခု ကို တည်ဆောက်ရေးကို ဦးတည် သော “လှုပ်ရှားမှုများ” (Movement)၊ “ပြုပြင်ပြောင်းလဲရေးများ (Reformations)၊ “တော်လှန်ရေးများ” (Revolutions)၊ “ပြည်တွင်းစစ်များ” (Civil Wars)၊ “ခွဲထွက်ရေးစစ်ပွဲများ” (Separatist Wars) နှင့် “ပူးပေါင်းကြံစည်လျှို့ဝှက်အရှုပ်တော်ပုံများ” (Coordinated Conspiracies) ကို အမေရိကန်များနှင့်ပြင်သစ်များက သူ့ခေတ်၊ သူ့အခါအလျောက်၊ နှိုင်းယှဉ်ချက်အရ သိသာစွာ ပိုမို ခေတ်မှီ၊ ဆန်းသစ်၊ တီထွင်ထားသော၊ မဟာဗျူဟာ အသစ်များနှင့် နည်းဗျူဟာအသစ်များကို အသုံးပြု၍ လျှို့ဝှက်တစ်မျိုး၊ ဗြောင်တစ်မျိုး၊ နည်းလမ်းပုံသဏ္ဌာန်အမျိုးမျိုးဖြင့် စနစ်တကျ လှုပ်ရှားဆင်နွှဲခဲ့ကြသည်။

နပိုလီယန် စစ်ပွဲများကာလအတွင်း “ဥရောပဘုရင့်နိုင်ငံများ” (European Kingdoms) အကြား အချင်းချင်းရရှိထားခဲ့သော စည်းလုံး ညီညွတ်မှုကို အမေရိကန်နှင့် ပြင်သစ်တို့၏ နိုင်ငံတကာသမ္မတ နိုင်ငံများ စီမံကိန်းအရေး “လူစွန့်စားများ” (Adventurers) က အစိပ်စိပ် အမြွှာမြွှာပြိုကွဲစေရန် စွမ်းဆောင်နိုင်ခဲ့သည်။

ခေတ်အဆက်ဆက် အပြန်အလှန် ဆွေမျိုးတော်စပ်ခဲ့သော ဗြိတိသျှနှင့် ဂျာမန်၊ ဗြိတိသျှ နှင့် သြစတြီးယား၊ သြစတြီးယားနှင့် ရုရှား၊ ဂျာမန်နှင့် ရုရှားအင်ပါယာများမှ တော်ဝင်မိသားစုများ အချင်းချင်း၊ ပဒေသရာဇ်များအချင်းချင်း၊ မှူးမတ်များအချင်းချင်း၊ သူကောင်းမျိုးများ အချင်းချင်းအကြားတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား အပြန်အလှန် မယုံကြည်မှုများနှင့် သံသယများ စတင်ပေါ်ပေါက်လာစေရန်၊ ကြီးထွားလာစေရန်နှင့် ဖြေရှင်း၍ မရသောအဆင့်အထိသို့ ရောက်သွားစေရန် အမေရိကန်များနှင့် ပြင်သစ်များက သူမတူအောင် စွမ်း ဆောင်နိုင်ခဲ့သည်။

ထာဝရငြိမ်းချမ်းရေးအတွက် နောက်ဆုံးစစ်ပွဲ (The Last War for Eternal Peace)

အေဒီ ၂၀ ရာစု ခေတ်ဦးပိုင်းတွင်  အမေရိကန်နှင့် ပြင်သစ်မဟာဗျူဟာမှူးများ၏ အစီအမံများ အောက်တွင် ဥရောပ ဘုရင့်အင်ပါယာများ နှစ်ခြမ်းကွဲသွားခဲ့ကြသည်။

ဥရောပအင်ပါယာများ အနက် ဗဟို ဥရောပ ပင်မကုန်းမြေ နှင့် မြေထဲပင်လယ်အရှေ့ခြမ်းတွင် ပိုင်နက် နယ်မြေ အများဆုံး အင်ပါယာ သုံးရပ်ဖြစ်သော ဂျာမန်အင်ပါယာ၊ သြစထရို - ဟန်ဂေရီအင်ပါယာနှင့် တူရကီ အော်တိုမန် အင်ပါယာ သုံးခုကို ဘက်တစ်ဘက်တည်းသို့ ရောက်ရှိသွားစေရန် စနစ်တကျတွန်းပို့ လိုက်ကြသည်။

ထိုခေတ်က ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရေကြောင်းအင်ပါယာ ဖြစ်နေသော ဗြိတိသျှအင်ပါယာနှင့် ဥရောပ - အာရှ (ယူရေးရှား -Eurasia) ကုန်းမြေပေါ်တွင် ပိုင်နက် နယ်မြေ အကြီးမားဆုံးကြည်းကြောင်းအင်ပါယာဖြစ်နေသော ဇာဘုရင်၏ ရုရှားအင်ပါယာ နှစ်ခုကို ဘက်တစ်ဘက်တည်းသို့ရောက်သွားစေရန် အကွက်ဆင်ပေးခဲ့ကြသည်။

ပြင်သစ်သမ္မတနိုင်ငံ အင်ပါယာနှင့် အမေရိကန်ပြည်ထောင်စု နှစ်နိုင်ငံ ကိုယ်တိုင်ကမူ ဗြိတိသျှအင်ပါယာနှင့် ရုရှားအင်ပါယာ၏ အထူး မဟာမိတ်များအဖြစ် စစ်ပွဲအတွင်းသို့ မတူညီသော နှစ်ကာလများ အလိုက် စစ်ပွဲအသစ်၏ မြေပြင်ပေါ်မှ လက်တွေ့ရလဒ်များအပေါ် အခြေပြုကာ စည်းချက်ညှိ၍ ပါဝင်လာခဲ့ကြသည်။

ထိုအချိန် ကာလများအတွင်း ဥရောပဘုရင့်နိုင်ငံများမှ နန်းတော်များ၊ ရဲတိုက်များနှင့် စံအိမ်တော်များ အားလုံးတွင် အမေရိကန်များနှင့် ပြင်သစ်များက မတူညီသော ခေါင်းစဉ်အမျိုးမျိုးဖြင့် စနစ်တကျ ကြိုတင် သိမ်းသွင်းထားသော၊ “အတွင်းလူများ”  (Insiders) က သူတို့ကိုယ်တိုင် အမှန်တကယ် ယုံကြည်သက်ဝင်မိနေခဲ့သော အတွေးအခေါ်များ၊ လုပ်ငန်းစဉ်များ၊ ပုဂ္ဂိုလ်ရေးရည်မှန်းချက်များနှင့် “ဆွေမျိုးစု အကျိုးစီးပွားများ” (Clan’s Interest) အတွက် ဥရောပ ဘုရင့်နိုင်ငံများအချင်းချင်း စတင် ဖြစ်ပွားခဲ့သော “ပထမကမ္ဘာစစ်” ( ၁၉၁၄ - ၁၉၁၈ ) ကို မရည်ရွယ်ဘဲ စတင်ဆင်နွှဲမိခဲ့ကြသည်။

ပြင်သစ်များနှင့် အမေရိကန်များက ပထမကမ္ဘာစစ်ကို “ထာဝရ ငြိမ်းချမ်းရေးအတွက် နောက်ဆုံး စစ်ပွဲ” (The Last War for Eternal Peace) အဖြစ် မျှော်မှန်းထားသော၊ မြင့်မားလှသော ရည်မှန်းချက်များဖြင့် ပါဝင် ဆင်နွှဲလာခဲ့ကြသည်။

ထိုအချိန်က ကမ္ဘာကို လွှမ်းမိုး နေသော စနစ်မှာ ကော်ပရိတ် အရင်းရှင်စနစ်လည်း မဟုတ်သလို လစ်ဘရယ် အရင်းရှင် စနစ်လည်း မဟုတ်ခဲ့ပါ။ ထိုခေတ်ကာလက ကမ္ဘာကို အမှန်တကယ် လွှမ်းမိုးနေသောစနစ်မှာ ဥရောပ ဘုရင့်အင်ပါယာများ၏  (၁) ဧကရာဇ်စနစ် (Monarchy)၊ (၂) ပဒေသရာဇ် စနစ် (Feudalism)၊ (၃) မှူးမတ်စနစ် (Aristocracy) နှင့် (၄) သူကောင်းမျိုးလူကုံထံစနစ် (Nobles’ Elitism) လေးရပ်ကို ပေါင်းစပ်ထားသော၊ “ပေါင်းစပ်ကြား ကပြား မျိုးရိုးဆက်ခံ အုပ်စိုးမှုစနစ်” (Hybrid Hierar-chical Ruling System) ကိုသာ ကျင့်သုံး နေခဲ့ကြခြင်း ဖြစ်သည်။

ပထမကမ္ဘာစစ်ကာလအထိ အမေရိကန် နှင့် ပြင်သစ် အပါအဝင် “အစောပိုင်း မျိုးဆက် ခေတ်သစ် သမ္မတနိုင်ငံများ” (Earlier Generation Modern Age Republics) သည် ကမ္ဘာ့ရေးရာများအတွက် အထွေထွေ မလုံခြုံမှုကို ကြီးမားစွာ ခံစားနေခဲ့ရပြီး ပထမကမ္ဘာစစ်ကြောင့် ဥရောပတိုက် အလယ်ကောင်တွင် ဘုရင့် အင်ပါယာများ ပြိုကွဲကာ “ဥရောပ အမျိုးသား သမ္မတနိုင်ငံများ” (European National Repu-blics) ပေါ်ပေါက်လာသည့်အချိန် ကျမှသာ၊ ပြင်သစ်နှင့် အမေရိက ဦးဆောင်ထားသော “သမ္မတနိုင်ငံ များခေတ်” (Era of Republics) ကို ကမ္ဘာမြေအနှံ့သို့ ကျယ်ပြန့်စွာနှင့် စိတ်အေးလက်အေးရှိစွာ ဆက်လက် တိုးချဲ့နိုင်ခဲ့ကြသည်။

ပထမကမ္ဘာစစ်၏ ရလဒ်များ

ပထမကမ္ဘာစစ်အတွင်း ဂျာမန် အင်ပါယာ၊ သြစထရို- ဟန်ဂေရီ အင်ပါယာ၊ တူရကီ အော်တိုမန် အင်ပါယာနှင့် ရုရှားအင်ပါယာများ အတွင်း ဧကရာဇ်စနစ်၊ ပဒေသရာဇ်စနစ်၊ မှူးမတ်စနစ်၊ သူကောင်းမျိုး လူကုံထံ စနစ်များကို အကြွင်းမရှိ၊ ဆန့်ကျင် တော်လှန်ဖျက်သိမ်းခဲ့သော၊ ပြည်တွင်းတော်လှန်ရေးများ ဖြစ်ပွားပြီး ဘုရင်စနစ်များ ချုပ်ငြိမ်းခဲ့သည်။ သမ္မတနိုင်ငံစနစ်များ ပေါ်ပေါက်လာသည်။    

ပြိုကွဲသွားသော ဥရောပ ဘုရင့် အင်ပါယာများ၏ လက်အောက်ခံ ဥရောပကိုလိုနီများ လွတ်လပ်ရေး ရရှိလာက ပိုလန်သမ္မတနိုင်ငံ၊ ချက်ကိုစလိုဗက်ကီးယား သမ္မတနိုင်ငံ အစရှိသော ဥရောပအမျိုးသား သမ္မတနိုင်ငံသစ်များ ပေါ်ပေါက်လာခဲ့သည်။

ပထမကမ္ဘာစစ်ကြောင့် “ဥရောပမျိုးနွယ်အင်ပါယာများအကြား နောက်တစ်ကြိမ် ကမ္ဘာစစ်တစ်ခု ထပ်ဖြစ်နိုင်စွမ်းရှိသေးသည်” ဟုသော ယူဆချက်တစ်ခုက အာရှ၊ အာဖရိကမှ ကိုလိုနီနှင့် ကိုလိုနီတစ် ပိုင်းနိုင်ငံများမှ ပြည်သူများထံသို့ စီးဆင်းဝင်ရောက်သွားခဲ့သည်။ ထိုယူဆချက်က အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုများအတွက် စိတ်ဓာတ်တက်ကြွစေရန် အားပေး မြှင့်တင်ပေးခဲ့သည်။

ဗြိတိသျှအင်ပါယာအတွင်း ပြုပြင်ပြောင်းလဲမှုများ

ဘုရင်စနစ်ကို ဆက်လက်ကျင့် သုံးနေသေးသော်လည်း ဗြိတိသျှ အင်ပါယာအတွင်း ကြီးမားလှသော နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲ ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပေါ်ပေါက်လာခဲ့သည်။

ဗြိတိသျှပါလီမန်အတွင်း ရှေးရိုးစွဲ တိုရီမှူးမတ်တို့၏ လက်တွင်းမှ နောက်ဆုံးလက်ကျန် အာဏာများသည် ခေတ်သစ်အရင်းရှင်စနစ်ကို လိုလားသော လစ်ဘရယ်မှူးမတ်များ လက်ထဲသို့ ကျရောက်သွားခဲ့ ကြသည်။

အိန္ဒိယနှင့် မြန်မာအပါအဝင် ကိုလိုနီနိုင်ငံများအတွင်း “ပူးတွဲ အုပ်ချုပ်ရေး” (Diarchy)၊ “ပြည်တွင်းရေးရာ ကိုယ်ပိုင်အုပ်ချုပ်ရေး” (Home Rule) နှင့် “အမျိုးသား လွတ်လပ်ရေး” (National Freedom) ကို ဦးတည်သော လှုပ်ရှားမှုများ အရှိန်အဟုန် ပြန်လည်မြင့် တက်လာခဲ့သည်။

မြန်မာသမ္မတနိုင်ငံစနစ်

ပထမကမ္ဘာစစ်အတွင်း နိုင်ငံတကာသမ္မတနိုင်ငံဝါဒီအင်အားစုများ၏ အောင်ပွဲများကြောင့် မြန်မာအမျိုးသားရေးလှုပ်ရှားမှုအတွင်း အမျိုးသားဘုရင်စနစ်ကို လိုလားသူများ၏ ဂိုဏ်းခွဲများ အင်အားကျဆင်းသွားကာ အမျိုးသားသမ္မတနိုင်ငံစနစ်ကို လိုလားသူများ၏ ဂိုဏ်းခွဲများကသာ ဆက်လက်အင်အား ကြီးထွားလာခဲ့ကြသည်။

နောင်တစ်ချိန် ဒုတိယကမ္ဘာစစ် ( ၁၉၃၉-၁၉၄၅ ) အတွင်း  ဂျပန် (နိပွန်) အင်ပါယာက ဗြိတိသျှအင်ပါ ယာ လက်အောက်မှ မြန်မာပြည်ကို (၁၉၄၂ - ၁၉၄၅) ကာလအတွင်း သုံးနှစ်တာ ယာယီ လွတ်မြောက်နေ စေချိန်တွင်ဂျပန်မှူးမတ်များက “သီပေါမင်း၏မိသားစု” မှ “ထိပ်တင်တော်ဘုရားကြီး” ကို မြန်မာပြည်သစ်၏ “စည်းမျဉ်းခံဘုရင်” (Constitutional Monarch) အဖြစ်ထားရှိရန် ကြိုးစားညှိနှိုင်းခဲ့သော်လည်း ဒေါက်တာဘမော်နှင့် သခင်မြအပါအဝင် ဆင်းရဲသားပါတီနှင့် ဒို့ဗမာအစည်းအရုံးမှ မြန်မာနိုင်ငံရေးသမားများက လက်မခံဘဲ ငြင်းဆန်ခဲ့ကြသောကြောင့် စစ်ကာလ ဂျပန်လက်အောက်ခံ မြန်မာနိုင်ငံကို အခြားသော ဂျပန်ထိန်းချုပ်ခံ နိုင်ငံများဖြစ်သော ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား တို့ကဲ့သို့ပင် “အမျိုးသားသမ္မတနိုင်ငံစနစ်” ကိုသာ ကျင့်သုံးပေးခဲ့ရသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် အင်္ဂလန်ရွေးကောက်ပွဲတွင် အနိုင်ရရှိလာသော ဗြိတိသျှအလုပ်သမားပါတီ အစိုးရသစ်၏ လက်အောက်တွင် မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ လွတ်လပ်ရေး ရရှိလာချိန်တွင် မြန်မာနိုင်ငံကို သမ္မတနိုင်ငံတစ်ခုအဖြစ် ဆက်လက်ထူထောင်ခဲ့ပြီး ပြင်းထန်လှသော လက်ဝဲ-လက်ယာ နိုင်ငံရေး ပဋိပက္ခများ နှင့် လူမျိုးရေး-ဘာသာရေး ပဋိပက္ခများကို ဂိတ်ဆုံးအထိ ပေါက်ကွဲထွက်လာ‌စေရန် လမ်းဖွင့်ပေးလိုက်သော “လောကီသမ္မတနိုင်ငံ” (Secular Republic) တစ်ခုအဖြစ် ၁၉၄၈ ခုနှစ်တွင် ခေတ်သစ်မြန်မာနိုင်ငံကို စတင်အုတ်မြစ်ချခဲ့ကြသည်။