ရုရှား-ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ငြင်းခုံမှုကို ငြင်းခုံခြင်း

ရုရှား-ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ငြင်းခုံမှုကို ငြင်းခုံခြင်း
ဧပြီ ၂၄ ရက်က မာရီယူပိုးမြို့၌ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ပျက်စီးသွားသည့် လူနေအဆောက်အအုံတစ်ခုရှေ့ ပျက်စီးနေသော မော်တော်ယာဉ်တစ်စီးအနီး ကလေးငယ်တစ်ဦး မတ်တတ်ရပ်နေစဉ် (Photo: Reuters)
ဧပြီ ၂၄ ရက်က မာရီယူပိုးမြို့၌ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ပျက်စီးသွားသည့် လူနေအဆောက်အအုံတစ်ခုရှေ့ ပျက်စီးနေသော မော်တော်ယာဉ်တစ်စီးအနီး ကလေးငယ်တစ်ဦး မတ်တတ်ရပ်နေစဉ် (Photo: Reuters)
Published 6 May 2022
နရီမင္း

ယူကရိန်း၌ ဖြစ်ပွဲနေသည့် စစ်ပွဲသည်လည်း အားလုံးသော စစ်ပွဲများကဲ့သို့ပင် ဒုစရိုက်မှုကို မွေးဖွားပေးနေသည်သာ။ ကမ္ဘာ့လုံခြုံရေးအတွက် ပြောပြ၍မရသော ဂယက်ထမှုများနှင့်အတူ ယခုအထိ လူပေါင်းထောင်ချီ သေဆုံးရမှု၊ မြို့ကြီးများ မြို့လုံးကျွတ် ပျက်စီးရမှုနှင့် သန်းနှင့်ချီသော လူများနေရပ်စွန့်ခွာ ထွက်ပြေးရမှုတို့ဆီ ဦးတည်စေခဲ့သည့် ကြောက်ခမန်းလိလိ ဒုစရိုက်မှုကြီးပင်။

သို့သော် ယင်းဒုစရိုက်မှု၏ လက်သည်မှာ မည်သူနည်း။

ယူကရိန်းတို့ မဟုတ်ဟုကား ဆိုနိုင်၏။ ယူကရိန်း၏ အတွေ့အကြုံမရှိသည့် သမ္မတက နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို မရမကတောင်း ဆိုခြင်းသည် ဉာဏ်ပညာအမြော်အမြင်မဲ့မှု ဖြစ်ခဲ့နိုင်ပါသည်။ သို့သော် ယင်းသည် ပြစ်မှုမဟုတ်။ လက်သည်မှာ ရုရှားဖြစ်ကြောင်း သိသာ ထင်ရှားပေလိမ့်မည်။ ၎င်းအပြင် သိသာထင် ရှားလှသည်ဟု မဆိုသာသော်လည်း အမေရိကန်၌ အပြစ်မရှိပေဘူးလား။

အမေရိကန်အစိုးရနှင့် သူ၏ ပရောဟိတ်များက ပူတင်၏ ရုရှားအစိုးရကိုသာ ဒုစရိုက်အလုံးစုံ၏ ရင်းမြစ်အဖြစ် မှတ်ယူထားသည်။ သူတို့က ရုရှားသမ္မတကို ၁၉ ရာစု ရုရှားအင်ပါယာ၌ တွေ့မြင်ရသည့် ရည်မှန်းချက်တို့ကို အတုယူလျက် သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်နှင့် အင်ပါယာရည်မှန်းချက်များ ကိန်းအောင်းနေသူဟုလည်းကောင်း၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သော ယူကရိန်း၏ ကြီးမားသော အစိတ်အပိုင်းများကို ခွဲထုတ်ရန် သို့မဟုတ် ၎င်းပိုင်နက်ထဲ သွတ်သွင်းရန် သွေးထွက်သံယိုစစ်ပွဲတစ်ရပ်ကို ဆင်နွှဲသူအဖြစ်လည်းကောင်း စွပ်စွဲကြသည်။ ယင်းဖြစ်စဉ်၌ ပူတင်သည် ဥရောပကို တည်ငြိမ်မှုပျက်ပြားအောင်နှင့် ကမ္ဘာ့အခင်းအ ကျင်းကို ပြောင်းလဲအောင် ပြုလုပ်နေသည်ဟု သူတို့က အခိုင်အမာ ဆိုကြသည်။

အခြားတစ်ဘက်၌လည်း ရုရှားအစိုးရနှင့် သူ၏ ပရောဟိတ်များက အမေရိကန် အစိုးရကို နိုင်ငံတကာမသမာမှုမှန်သမျှ၏ ရင်းမြစ်ဟု ရှုမြင်ကြသည်။ အမေရိကန်သည် ယူကရိန်းနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်လျက် ရုရှားနိုင်ငံ၏ လုံခြုံရေး ယိုယွင်းအောင် ယူကရိန်းအစိုးရကို အသုံးချနေသည်ဟု ဆိုသည်။ ၎င်းတို့၏နိုင်ငံနယ်စပ်အထိ ရောက်လာသောနေတိုးအဖွဲ့၏ ချဲ့ထွင်မှုသည် ရုရှားအား နိုင်ငံ၏ အရေးကြီးလှသည့် အကျိုးစီးပွားကို ခုခံကာကွယ်ရန်နှင့် အနောက်တိုင်းက ထောက်ခံထားသော ‘ယူကရိန်းနာဇီများ’၏ ရန်မှ ရုရှားလူမျိုးများကို ကာကွယ်စောင့်ရှောက်ရန်တို့အတွက် ကြားဝင်ရန်မှတစ်ပါး ရွေးချယ်စရာမရှိ ဖြစ်သွားစေသည်ဟု သူတို့က အခိုင်အမာ ဆိုကြသည်။

ထို့ကြောင့် ဤနေရာတွင် မည်သူက မှန်၍ မည်သူက မှားသနည်း။

အဖြေသည် ရှေးဟောင်းပုံပြင်တစ်ပုဒ်ထဲ၌ ရှိနေ၏။ ယင်းပုံပြင်မှာ သူ၏ အိမ်နီးချင်း တစ်ဦးအကြောင်း တိုင်ကြားရန် ရွာသူကြီးထံသွားသည့် လူတစ်ဦးအကြောင်းဖြစ်သည်။ ရွာသူကြီးက ထိုသူကို “အေး၊ မင်း မှန်တယ်”ဟု ပြော၏။ တစ်ဖန်၊ ထိုသူ၏ အိမ်နီးချင်းက ထိုကိစ္စကိုပင် လာရောက်တိုင်ကြားသည့်အခါ တွင်လည်း သူကြီးက “သူလည်း မှန်တာပဲ”ဟု ပြောပြန်သည်။ ထိုအခါ သူကြီး၏ သားက “ဘယ်လိုလုပ် နှစ်ယောက်စလုံး မှန်ရတာလဲ။ တစ်ယောက်ပဲ မှန်ရမှာ မဟုတ်ဘူးလား”ဟု ကန့်ကွက်လေသည်။ သူကြီးက “ငါ့သား၊ မင်းလည်း မှန်တာပါပဲ”ဟု ဆိုလိုက်လေသည်။

သူကြီး ပြောသကဲ့သို့ပင် နှစ်ဖက်စလုံး မှန်နိုင်ကြောင်း သတိပြုမိသည့်နည်းတူ ဤသို့ပင် မျှော်လင့်မိပါ၏။

အမှန်တကယ်၌ ရုရှားသည် ဟန်ဆောင် အကြောင်းပြချက်အတုဖြင့် ကျူးကျော်ဝင် ရောက်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ယူကရိန်း သို့မဟုတ် အမေရိကန်အစိုးရအား မကျေနပ် ချက်တစ်စုံတစ်ရာ ရှိခဲ့ပါမူ ရုရှားအနေဖြင့် ကုလသမဂ္ဂ သို့မဟုတ် နိုင်ငံတကာဥပဒေလမ်းကြောင်းမှ သွားနိုင်သည်သာ။ သူ့တွင် ယင်းကဲ့သို့ အလွန်ထိရောက်အောင် လုပ်နိုင်သည့် သြဇာအာဏာ ရှိထားသည်။ ယင်းအစား သူက စစ်ပွဲကို ရွေးချယ်ခဲ့သည်။ အရိုင်းဆန်၊ ရှေးကျသည့် သမားရိုးကျ နည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

“ယူကရိန်း အခက်၊ ရုရှား အချက်”ဟူ သည်ကို ကရင်မလင်က ကောင်းကောင်း သိပါ၏။ ၂၀၁၄ ခုနှစ်အစောပိုင်း၌ ယူကရိန်းနိုင်ငံက အနောက်ယိမ်းသွားခဲ့ပြီးနောက် ယူကရိန်းကို မတည်ငြိမ်အောင် လုပ်ရန် ခရိုင်းမီးယားကို ပိုင်နက်ထဲ သွတ်သွင်းခြင်းနှင့် အရှေ့ပိုင်းပြည်နယ်များတွင် ခွဲထွက်ရေးကို အားပေးအားမြှောက်ပြုခြင်းတို့ဖြင့် ယခုဇာတ်ကို ပျိုးထားခဲ့မှုအား အထောက်အကူဖြစ်စေခဲ့ ခြင်းဖြစ်သည်။

အထူးသဖြင့် ယူကရိန်းသည် ရုရှား၏ အချက်အချာရှိ အထူးနေရာတစ်ခုအား ထိန်း ချုပ်ထားကြောင်းနှင့် သူ့အနေဖြင့် ဤသည်ကို ယင်းအတိုင်း ထိုင်ကြည့်နေမည်မဟုတ်ကြောင်း ရုရှားခေါင်းဆောင်က အခါတစ်ရာမက ရှင်းလင်းစွာ ဖွင့်ဟဖူးခဲ့လှပါပြီ။

လွန်ခဲ့သော နွေရာသီက ဖြန့်ချိခဲ့သည့် ဆောင်းပါးတစ်ပုဒ်၌ သူကိုယ်တိုင် ရှင်းပြထားသည့်အတိုင်း “ရုရှားများနှင့် ယူကရိန်းသား များသည် လူတစ်မျိုးတည်းသာ - (တစ်ရပ်လုံးသည် တစ်ခုတည်းသာ) ဖြစ်သည်”ဟု ပူတင်က ယုံကြည်ပါသည်။ နှလုံးသား၌ ပဒေသရာဇ်စိတ် ကိန်းဝပ်နေသောကြောင့်သာ မဟုတ်မူက ယင်းသည် ချစ်စဖွယ် စိတ်ထားကလေး ဖြစ်ပေလိမ့်မည်။

ယင်းသည် ‘အချစ်ဖြစ်လေဟန်’ အယောင်ဆောင်ထားသော Sadism (ရက်စက်ခြင်းမှာ သာယာမှုရှာသည့် စိတ်ရောဂါ)သာ ဖြစ်လေသည်။ အတိုချုပ်ဆိုရလျှင် ရုရှားအင်ပါယာ ပြန်လည်သက်ဝင်ရေးအတွက် ယူကရိန်းသည် မပါမဖြစ် အရေးကြီးလှပါ၏။

ယူကရိန်းနိုင်ငံ၌ ဖြစ်ပျက်နေသည်တို့သည် ဒီဇိုင်းပုံစံတစ်ရပ်၏ အစိတ်အပိုင်းလည်း ဖြစ်နေသေးသည်။ ရုရှားသည် ဂျော်ဂျီယာ၊ မော်လ်ဒိုဗာနှင့် ကာဇက်စတန်တို့ကဲ့သို့သော ဆိုဗီယက်ယူနီယံဟောင်း၏ အဖွဲ့ဝင် နိုင်ငံများ၌လည်း ဝင်‌ရောက်စွက်ဖက်ခဲ့သေးသည်။ တူညီသည့် အင်ပါယာရည်မှန်းချက် တစ်စိတ်တစ်ဒေသအရပင် ဖြစ်သည်။

ပူတင်က သူ့ဘက်အပိုင်းအတွက် ရုရှား၏သြဇာရပ်ဝန်းအတွင်း ရန်လိုသော အမေရိကန်၏ စွက်ဖက်မှုကို ခုခံကာကွယ်သည့်အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု အခိုင်အမာဆိုထားသည်။ အနောက်တိုင်းက ဦးဆောင်သည့် ‘စည်းမျဉ်းခံ ကမ္ဘာ့အခင်းအကျင်း’ သို့မဟုတ် ကမ္ဘာတစ်လွှား နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်ခြင်းအပါအဝင် အမေရိကန်၏  နိုင်ငံတ ကာဥပဒေကို မနားတမ်း ချိုးဖောက်မှုများကြောင့် ဖြစ်ပေါ်သည့် ဗရုတ်ဗရက်အနေအထားကို ပူတင်က ဝေဖန်ရုံသာမက ပြစ်တင် ရှုတ်ချမှုပင် ပြုလုပ်ခဲ့သည်။

ယူကရိန်းနှင့် ဂျော်ဂျီယာနိုင်ငံတို့ကို ၂၀၀၈ ခုနှစ်တွင် နေတိုးအဖွဲ့ဝင် ချက်ချင်းဖြစ် ရေးလမ်းကြောင်းပေါ် တင်ပေးခဲ့ခြင်းနှင့် ယင်းနောက် ယူကရိန်းနိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ရုရှား၏ မဟာမိတ် ဗစ်တာယာနုကိုဗစ်ကို ဖြုတ်ချခဲ့သည့် Maidan Revolution ဟု ခေါ်သော တော်လှန်ရေးကို မီးမွှေးပေးခဲ့ခြင်းတို့အား အတင်းအဓမ္မ လုပ်ဆောင်ခဲ့သည်ဟု ပူတင်က အမေရိကန်ကို စွပ်စွဲခဲ့သည်။ ရုရှားနိုင်ငံနှင့် ရုရှားစစ်တပ်ချည့်နဲ့သွားစေရန် ‘အငှားဗိုက်နှင့် ဓားထိုးခံခိုင်းသော’ စစ်ပွဲတစ်ရပ် ၌ ယူကရိန်းနိုင်ငံကို လက်နက်တပ်ဆင်ပေးခြင်းဖြင့် စစ်ပွဲကြာရှည်အောင် အတ္တကြီးစွာ ပြုမူနေသည်ဟု ယနေ့တွင် ပူတင်က အမေ ရိကန်ကို အပြစ်တင်လိုက်ပြန်သည်။

သို့သော် ယခင်ဆိုဗီယက်ယူနီယံမှ ရုရှား၏ မဟာမိတ်များကိုဆန့်ကျင်သည့် ‘အရောင် တော်လှန်ရေးများ’ကို ရပ်တန့်သွားစေရန် ပူတင်သည် မဆုတ်မနစ် ကြိုးပမ်းသူဖြစ်သည်။

အထူးသဖြင့် ယင်းသည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဟု အမည်တပ်ကာ တရုတ်နိုင်ငံသာမက ပိုမိုကျယ်ပြန့်သော အာရှ၏ နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၌ အမေရိကန်၏ အမြဲမပြတ် အတို့အထောင်လုပ်ခြင်းနှင့် ဝင်ရောက်စွက်ဖက်ခြင်းအား မကျေမနပ်ဖြစ်နေသည့် တရုတ်နိုင်ငံမှ သ ဘောထားတင်းမာသော ခေါင်းဆောင် ရှီကျင်ပင်းနှင့် မဟာမိတ်ပြုသည့် မဟာဗျူဟာကို ပူတင် ရှာဖွေခဲ့သော အချက်ပေါ်တွင် မူတည်နေသည်။

ထို့ထက်ပို၍ အမေရိကန်အား သူဖော်သည့်ဆေး သူ့ပြန်မြည်းခိုင်းရန် ရုရှားသည် အမေရိကန်ရွေးကောက်ပွဲများ၌ ဝင်ရောက် နှောင့်ယှက်ကာ ဒေါ်နယ်ထရန့်  အနိုင်ရရှိခဲ့ပြီး နောက် အနောက်တိုင်းဒီမိုကရေစီများအား ဝေဖန်မှုများကို ခုခံရတော့မည့် လမ်းကြောင်းပေါ်သို့ ပို့ခဲ့သည်။

တစ်နည်းဆိုသော် ပူတင်သည် သူက အမေရိကန် လုပ်သည်ဟု စွပ်စွဲနေသမျှ အရာရာကို လုပ်နေခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပို၍ပင် ရိုင်းစိုင်းပါသေး၏။ ဟုတ်ပါသည်။ အမေရိကန်က ရုရှားကို ဆန့်ကျင်ရန် ယူကရိန်းနိုင်ငံအား အတ္တကြီးစွာ အသုံးပြုခဲ့ပါသည်။ သို့ သော် အမေရိကန်၏ ခြေရှုပ်မှုက ရုရုား၏ ယူကရိန်းနိုင်ငံကို ကျူးကျော်ရခြင်းအတွက် အကြောင်းပြချက်ထက် ပို၍ဆင်ခြေခိုင်ပုံရပါ၏။

ပြောရလျှင် အမေရိကန်နှင့် ရုရှား နှစ်ဘက်စလုံး၏ အနေအထားများ၌ အမှန်တရားအချို့နှင့် အပိုဆာဒါးခပ်များများ ရှိနေသည်မှာ သိသာ၏။ ယင်းတို့အားလုံးသည် ဤကဲ့သို့ ဆန့်ကျင်ဘက်အစွန်းနှစ်ဖက် ရှိနေသော၊ စစ်ပြုနေကြသော ဝန်းကျင်တစ်ရပ်၌ မီဒီယာများ၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ မေးခွန်းများကို ထွက်ပေါ်လာစေ၏။

မည်သို့ပင်ဆိုစေ၊ လွတ်လပ်သော စာနယ်ဇင်းတစ်ခုသည်သာ နိုင်ငံအဆင့်ပြောရေး ဆိုခွင့်ရှိသူကို မေးမြန်းနိုင်ပြီး စစ်ပွဲနှင့်ပတ်သက်သော အချက်အလက်များကို ဖြန့်ဝေနိုင်မည်ဖြစ်သည်။

အာဏာရှင်ဆန်သော ရုရှားနိုင်ငံ၌ အစိုးရက စစ်ပွဲအပေါ် ဝေဖန်သူများအား ခြိမ်းခြောက်ကာ နှုတ်ဆိတ်သွားအောင် လုပ်ထားသည်မှာ အံ့သြဖွယ်မရှိပါ။ သို့သော် အမေရိကန်တွင် ဂျာနယ်လစ်များနှင့် နိုင်ငံသားများက အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒများကို ဝေဖန်သည့် တစ်နိုင်ငံတည်းသားများအား ‘ပူတင်၏ ပေးစာကမ်းစာစား’ လျှို့ဝှက်သူလျှို သစ္စာဖောက်များအဖြစ် ဆောင်ရွက်နေသည်ဟု ယိုးစွပ်လျက် အပြင်းအထန်တိုက် ခိုက်ထိုးနှက်ခြင်းမှာမူ အနည်းငယ် အံ့သြ တုန်လှုပ်ဖွယ်ကောင်းပါသည်။

၀ါရှင်တန် သို့မဟုတ် လန်ဒန်၌ အောင်မြင်မှုကို ရယူနိုင်ရန်အလို့ငှာ အာဏာပိုင်တို့ ပြောသမျှ အတင်းမြေဝယ်မကျ နားထောင်သည့် ဂျာနယ်လစ်များနှင့် မိမိသဘောဆန္ဒ အလျောက် (စိတ်အားထက်သန်စွာပင်) လုပ်ဆောင်သည့် ဂျာနယ်လစ်များ၊ မည်သူတို့က ပိုဆိုးသနည်းဆိုသည်ကား မသေချာ။

သြဇာရှိသော အင်္ဂလို ဆက်ဆွန် ပင်မရေစီး မီဒီယာများစွာတို့က အာဏာပိုင်တို့ အလိုကျ မျက်စိမှိတ် မိုက်မဲစွာ ဘက်လိုက်ခဲ့ကြသည့် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအကြာက ဆိုးရွားလှသည့် ပင်လယ်ကွေ့စစ်ပွဲ သတင်းရေးသားမှုမျိုးကို ကံမကောင်း အကြောင်းမလှစွာပင် ထပ်တစ်ဖန် တွေ့ကြုံနေရပြန်လေပြီ။

အကြောင်းကြောင်းကြောင့်ပင်၊ ဆိုးရွားလှသော အီရတ်စစ်ပွဲနှင့်ပတ်သက်၍ အလုံးစုံ မှားယွင်းခဲ့ကြသည့် ပုလင်းတူဘူးဆို့ တဇောက်ကန်း တစ်ဖက်ပိတ် ဂျာနယ်လစ်များနှင့် (ကိုယ့်ကျ မတိုက်ရဲဘဲ သူများမြှောက်ပေး သက်သက်) စစ်လိုလားသူ ပရောဟိတ်အပေါင်းတို့အနေဖြင့် အမှတ်မရှိတစ်ဖန်၊ အနောက်တိုင်းသြဇာထူထောင်ရေးကို လှုံ့ဆော် ရန်နှင့် ၎င်းတို့အား စစ်ရေးအမြင်များဖြင့် ဉာဏ်အလင်းဖွင့်ပေးရန် လိုအပ်ကြောင်း ခံစားရပြန်လေပြီ။

သို့သော် အနှီ’ထင်မြင်ချက်ပြုလုပ်သူများ’အနေဖြင့် အဘယ့်ကြောင့် စစ်ဘက်နှင့် ထောက်လှမ်းရေးဘက် ဌာနများမှ အချက်အလက်များ သို့မဟုတ် လုပ်ကြံအချက်အလက်များကို ဆက်လက်ဖြန့်ဝေနေရသနည်း။ အဘယ့်ကြောင့် ထပ်ကာထပ်ကာ ဖြန့်ဝေနေရသနည်း။

အမေရိကန်နှင့် အနောက်တိုင်း စစ်ဘက်နှင့် ထောက်လှမ်းရေးဘက် ဌာနများ (အီရတ်နျူကလီးယားလက်နက်များနှင့်ပတ်သက်၍ မမှန်ကန်သည့်အချက်အလက်များ ကို ပေးခဲ့သည့် ဌာနများပင်ဖြစ်)မှ လာသည့် ယူကရိန်း၌ ဖြစ်ပွားနေဆဲ စစ်ပွဲ၏ စစ်ဘက် ဆိုင်ရာအကြောင်းများကို ယင်းဂျာနယ်လစ်များအားလုံးက အမှန်တကယ် သိသည့်အခါ စားပွဲထိုင်ဂျာနယ်လစ်တစ်ယောက်မဟုတ်ခဲ့လျှင် မည်သည့်ဂျာနယ်လစ်မဆို ယူကရိန်း၌ ရုရှားတို့ကို တိုက်ရန် လိုအပ်သည့် လက်နက် အမျိုးအစားနှင့်ပတ်သက်၍ အကြံမပြုသင့်ဘူးလား။

အကြောင်းတရားအစစ်အမှန်ကိုကား မမြင်ကွယ်ရာ၌ ဝှက်ထားလေ၏- သူတို့သည် လူထုကို ဗိုလ်ချုပ်ကြီးများ သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သူများနှင့်ပင် ချိတ်ဆက်မပေး၊ စစ်ပွဲအတွက် အမေရိကန်၏ ထောက်ပံ့မှုကိုသာ ယိုးမယ်ဖွဲ့လျက် လူထုထင်မြင်ချက် သဘောထားကို ယင်းနေရာ၌သာ ပုံသွင်း၍ နေလေသည်။ ယင်းသည် လစ်ဘရယ်ဒီမိုက ရေစီအပေါ် လူထုယုံကြည်မှု လျော့ပါးအောင် ဂျာနယ်လစ်ဇင်အပေါ် ကိုယ်ဒုက္ခကိုယ်ရှာသည့် ပြစ်မှုကျူးလွန်ခြင်းပင် ဖြစ်သည်။

အနောက်တိုင်းအစိုးရအဖွဲ့များက ကိုယ်ကျင့်တရားဆိုင်ရာ ရမ်းကားမှုကို ပြသသည့်အခါ အနှီ’ထင်မြင်ချက်ပြုလုပ်သူများ’က ရုရှားအပေါ် ပိုမိုကြီးမားသော ရမ်းကားမှု ပြုလုပ်ရန်ပင် တောင်းဆိုနေသည်။ အမေရိကန်အစိုးရက ယူကရိန်းနိုင်ငံသို့ စစ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အလွန်ကြီးမားသောထည့်ဝင်မှု (နောက်ဆုံးထည့်ဝင်မှုအရ ဒေါ် လာ ၃၃ ဘီလျံ ရှိ) ပြုသည့်အခါ သြဇာရှိသော မီဒီယာတစ်ခုက အစိုးရအဖွဲ့အား ပို၍ပင် ကြီးမားသော ထည့်ဝင်မှုပြုရန်နှင့် ပို၍ပင် ကြီးမားသော စွန့်စားမှု အန္တရာယ်များကို ခံယူရန် တိုက်တွန်းလေသည်။ နျူကလီးယားစစ်ပွဲသည် စွန့်စားမှု အန္တရာယ်တစ်ရပ်ဖြစ်ကြောင်း အားလုံး ကောင်းကောင်းသိပြီးသား မဟုတ်ဘူးလား။

အလားတူပင်၊ သမ္မတ ဘိုင်ဒင်က ပူတင်ကို ‘စစ်ရာဇဝတ်ကောင်’ဟုခေါ်ပြီး သူ နုတ်ထွက်ရမည်ဟု ပြောသည့်အခါ မီဒီယာပရောဟိတ်များက ပူတင်ကို ‘မကောင်းဆိုးဝါး’၊ ‘မ ကောင်းဆိုးဝါးစစ်စစ်’ဟု ခေါ်ကာပင် ပိုကဲပြလိုက်သေးသည်။ ၎င်းအပြင် ယင်းလွှတ်ခနဲ ထွက်သွားသော စကားမှာ လိုအပ်သည့် ပြစ်တင်ကြိမ်းမောင်းမှုဖြစ်သည်ဟု အခိုင်အမာဆိုလျက် အစိုးရအပြောင်းအလဲ၌ ဘိုင်ဒင်၏ မှတ်ချက်စကားကို ပြန်မရုပ်သိမ်းရန်ပင် အိမ်ဖြူတော်ကို တောင်းဆိုလိုက်သေးသည်။

ယခုဖော်ပြထားသော မည်သည့်အချက်ကမျှ မီဒီယာပရောဟိတ်များအနေဖြင့် ခုခံတွန်းလှန်ရေး၊ လွတ်မြောက်ရေးနှင့် တရားမျှတမှုဆိုင်ရာ သဘောတရားစည်းမျဉ်းနှင့်ပတ်သက်၍ အကြံမပြုရဟု မဆိုလိုပါ။ ပြုရပါမည်။ သို့မဟုတ်ပါက ယင်းဂျာနယ်လစ်များသည် စစ်ပွဲဖြစ်ရပ်ဆိုးများအကြောင်း ၎င်းတို့၏ သတင်းရေးသားမှု၌ အကောင်းဆုံး ပြုလုပ်နိုင်မည်မဟုတ်ပါ။ အနည်းငယ်မျှထက် ပိုရပါ မည်။

စစ်ပွဲဖြစ်လာသည့်အခါ မီဒီယာသည် အလင်းပြရန် (မီးမွှေးရန်မဟုတ်) အတွက် မရှိမဖြစ် လိုအပ်ပါသည်။ အချက်အလက်များ ပို၍ပေးရမည်။ တစ်စုံတစ်ရာကို စန်းတင်မှု နည်းနိုင်သမျှ နည်းရမည်။ စစ်မြေပြင် ဗျူဟာများ မဟုတ်သည့် စစ်ပွဲအပေါ် သုံးသပ်ချက် ပေးရမည်။ ဟုတ်ပါသည်။ ငြိမ်းချမ်းရေးကို မြှင့်တင်ရမည်ဖြစ်ပါ၏။ အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်း မပြုရပါ။

မီဒီယာကို လက်နက်အဖြစ် အသုံးပြုခြင်းသည် ဒီမိုကရေစီအစိုးရတစ်ရပ်အတွက် ထက်စာလျှင် အာဏာရှင်ဆန်သော အစိုးရတစ်ရပ်နှင့်သာ ပို၍ သင့်တော်ပါလိမ့်မည်။ ယင်းကဲ့သို့ အသုံးပြုခြင်းသည် သံတမန်ရေးအခွင့်အလမ်းများကို ချည့်နဲ့သွားစေပြီး ဖြစ်ရမည့်အတိုင်း အချိန်ကျလာသည့်အခါ ငြိမ်း ချမ်းသော ဖြေရှင်းမှုတစ်ရပ်သို့ ရောက်ရှိရန် သို့မဟုတ် ငြိမ်းချမ်းသော ဖြေရှင်းမှုတစ်ရပ်ကို လက်ခံရန် ပို၍ ခက်ခဲသွားစေနိုင်သည်။ ယူကရိန်းနိုင်ငံသားအားလုံး၏ အကျိုးအတွက် ဖြစ်ပါ၏။ လူသားအားလုံး၏ အကျိုးအတွက် ဖြစ်ပါ၏။

Ref: AL jazeera

Most Read

Most Recent