ဖိလစ်ပိုင်ရွေးကောက်ပွဲနှင့် သားစဉ်မြေးဆက် အာဏာချုပ်ကိုင်မှုလမ်းစဉ်

ဖိလစ်ပိုင်ရွေးကောက်ပွဲနှင့် သားစဉ်မြေးဆက် အာဏာချုပ်ကိုင်မှုလမ်းစဉ်
Photo: CNA
Photo: CNA
Published 5 May 2022
မေသုတ

မေလ ၉ ရက်တွင်ကျင်းပမည့် ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲတွင်သာ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်၏ သားဖြစ်သူ ဖာဒီနန် မားကို့စ် ဂျူနီယာသာ အနိုင်ရရှိခဲ့မည် ဆိုပါက သူသည် မားကို့စ်မိသားစုတွင် အာဏာလက်ဝယ်ရှိသည့် တစ်ဦးတည်းသော မားကို့စ် ဖြစ်လာမည်မဟုတ်ဘဲ နောက်ဆုံး မားကို့စ်လည်း ဖြစ်လာမည်မဟုတ်ပေ။

ဆင်းရဲမွဲတေလှသည့် ဖိလစ်ပိုင်နိုင်ငံကို အထက်လွှာမိသားစုများက ကာလကြာရှည် အုပ်ချုပ်ခဲ့ပြီး ၎င်းတို့၏ သားစဉ်မြေးဆက်များကလည်း မဲများဝယ်ခြင်း သို့မဟုတ် ဆူပူ အုံကြွမှုများကို အားထားခြင်းဖြင့် အာဏာကို လက်ဆင့်ကမ်းဆက်ခံခဲ့ကြသည်။

အာဏာရှင် မားကို့စ်ကို ပြုတ်ကျစေခဲ့ပြီး ၎င်း၏ မိသားစုနှင့်အတူ ပြည်ပသို့ ထွက်ပြေးစေခဲ့သည့် လူထုအုံကြွမှုအပြီးတွင် ယင်းစနစ်သည် ဆယ်စုနှစ်များအတွင်း ပိုမိုကျယ်ပြန့် လာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

သားစဉ်မြေးဆက်များက အာဏာအတွက် နိုင်ငံရေးလောကထဲတွင် အမြစ်တွယ် နေမှုသည် ရွေးကောက်ပွဲဆိုင်ရာ ယှဉ်ပြိုင်မှုများကို လျော့နည်းစေခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို အညွန့်ကျိုးစေခြင်းနှင့် သာတူညီမျှမှုမရှိသည့်အခြေအနေတို့ကို ပိုမို ဆိုးရွားစေခဲ့သည်။

“အာဏာရပြီးရင် အဲဒီအာဏာကို ဆက်ပြီး ဆုပ်ကိုင်ထားတာပါ။ သူတို့ အာဏာ ရှိနေလေလေ အဲဒီအာဏာတွေကို ပိုပြီးတည် ဆောက်နိုင်လေလေဖြစ်ပြိီး အင်အားလည်း ကြီးလာလေလေပါပဲ”ဟု မနီလာမြို့တော်ရှိ De La Salle တက္ကသိုလ်မှ ပါမောက္ခ ဂျီလီယို တီဟန်ကီက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်၏ ကိုလိုနီဖြစ်ခဲ့သည့် ၂၀ ရာစု၏ ပထမရာစုဝက်ကာလက အာဏာကို သားစဉ်မြေးဆက်စိုးစံခဲ့သည့် မိသားစုပေါင်း ၃၁၉ စုရှိခဲ့သည်ဟု တီဟန်ကီက ဆိုသည်။

၎င်းတို့ထဲမှ ဒါဇင်နှင့်ချီသည့် မိသားစုများသာ အာဏာကို လက်လျှော့သွားခဲ့သော်လည်း ၂၀၁၉ ခုနှစ်အထိ ယင်းမိသားစု ၂၃၄ စုသည် ကြားဖြတ်ရွေးကောက်ပွဲများတွင် ရာထူးနေရာများ အနိုင်ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

ယင်းမိသားစုများသည် နိုင်ငံရေးပါတီ များအားနည်းနေသည့် အကျင့်ပျက် ဒီမိုကရေစီစနစ်ထဲတွင် ကြီးပွားတိုးတက်နေကြသည်။ မည်သို့ပင်ဆိုစေ အာဏာသည် အမြဲ တမ်းကိုင်စွဲထားနိုင်သည့်အရာမဟုတ်ပေ။ ယင်းမိသားစုဝင်များအကြား ယှဉ်ပြိုင်ရင်း အနိုင်ရရှိသူများရှိသလို ရှုံးနိမ့်သူများလည်းရှိကာ အာဏာပြန်ရရန် နောက်တစ်ကြိမ် ကြိုးပမ်းသူများလည်း ရှိသည်။

၁၉၈၉ ခုနှစ်တွင် အာဏာရှင်ဟောင်း မားကို့စ် ကွယ်လွန်ခဲ့ပြီးနောက် မားကို့စ်မိသားစုသည် ၎င်းတို့၏ အာဏာလွှမ်းမိုးမှုရှိသည့် Ilocos Norte ပြည်နယ်သို့ ပြန်လည် အခြေချခဲ့ပြီး ဒေသတွင်းရှိ သစ္စာခံများနှင့် ပေါင်းကာ မြင့်မားသည့် ရာထူးနေရာများတွင် ရွေးကောက်ခံရစေရန် ကြိုးပမ်းခဲ့ကြသည်။

လက်ရှိ အသက် ၆၄ နှစ်အရွယ်ရှိသည့် မားကို့စ် ဂျူနီယာဆိုလျှင် သမ္မတရွေးကောက်ပွဲကို အနိုင်ရရှိရန်အလွန်နီးစပ်နေပြီး ဖခင်၏သားစဉ်မြေးဆက် အာဏာပြန်လည်စိုးစံနိုင် မည့်အခြေအနေတွင် ရှိနေသည်။

Ilocos Norte ပြည်နယ်၏မြို့တော် Laoag တွင် မဲဆွယ်စည်းရုံးမှုများပြုလုပ်နေသည့် မားကို့စ်၏အဖွဲ့ကို ထောက်ခံအားပေး သူများပြားခဲ့သည်။ မားကို့စ်ဂျူနီယာ၏ အ ကြီးဆုံးသားဖြစ်သူက ပြည်နယ်ဆိုင်ရာ လွှတ်တော်အမတ်နေရာနှစ်ခုထဲမှ တစ်ခုအတွက် ပထမဆုံးအကြိမ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေသည်။

မားကို့စ်၏ ညီမဖြစ်သည့် အထက်လွှတ်တော်အမတ် အိုင်မီ၏ သားဖြစ်ပြီး ၎င်း၏ တူတော်စပ်သူက ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ရွေးကောက်ခံမည်ဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်သည့် ညီဝမ်းကွဲ၏ ကျန်ရစ်သူ မုဆိုးမကမူ ပြည်နယ်၏ လက်ထောက်အုပ်ချုပ်ရေးမှူးဖြစ်သည်။

မားကို့စ် ဂျူနီယာကမူ ၎င်းတို့ မိသားစုသည် အာဏာကို သားစဉ်မြေးဆက်စိုးစံခြင်း မဟုတ်ကြောင်း အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သော်လည်း Laoag မြို့တော်ဝန် အဖြစ် ဒုတိယသက်တမ်းအတွက် ယှဉ်ပြိုင်နေသည့် ၎င်း၏ ဝမ်းကွဲညီဖြစ်သူ မိုက်ကယ် မားကို့စ် ကီယွန်ကမူ ယင်းပြောကြားချက်ကို သဘောမတူခဲ့ပေ။

“ ဒါတွေ အားလုံးကတော့ မိသားစုလိုက် အာဏာရရှိရေးဖြစ်ပါတယ်”ဟု မားကို့စ်ထံမှ Laoag မြို့တော်ဝန်ရာထူးကို ဆက်ခံရရှိခဲ့သည့် အသက် ၆၇ နှစ်အရွယ် ကီယွန်က  ပြောကြားခဲ့သည်။

“ကျွန်တော်သာ မားကို့စ်တစ်ဦး (မားကို့စ်မိသားစုဝင်) မဟုတ်ခဲ့ဘူးဆိုရင် ဒီရာထူး နေရာမှာ ရှိနေမှာ မဟုတ်ပါဘူး” ဟု ကီယွန် က ပြောကြားခဲ့သည်။

မားကို့စ်များ၏ အာဏာခြေကုပ်ဖြစ်သည့် Ilocos Norte ပြည်နယ်သည် မိသားစု လိုက်အာဏာကြီးစိုးသည့် ပြည်နယ်တစ်ခုဖြစ်သည်ဟု မနီလာမြို့တော်ရှိ Ateneo အစိုးရ ကျောင်းမှ ကျောင်းအုပ် ရော်နယ်မန်ဒိုဇာက ပြောကြားခဲ့သည်။

နိုင်ငံအတွင်းရှိ ပြည်နယ်အုပ်ချုပ်ရေးမှူး စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို သြဇာကြီးမားသည့် မိသားစုဝင်များက လွှမ်းမိုးချုပ်ကိုင် ထားသည်။ ယင်းသည် ၂၀၀၄ ခုနှစ်က ၅၇ ရာခိုင်နှုန်းရှိခဲ့ရာမှာ ၈၀ ရခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ယင်းမိသားစုများကို  Fat Dynasties ဟု ခေါ်သည်။ မိသားစုတစ်စုထဲမှ မိသားစုဝင်နှစ်ဦးနှင့် အထက်သည် တစ်ချိန်တည်းမှာပင် အာဏာကို လက်ဝယ် ရရှိထားလျှင် ယင်းမိသားစုများကို Fat Dynasties ဟု ခေါ်သည်။

လက်ရှိတွင် နိုင်ငံရေးမိသားစုများသည် အောက်လွှတ်တော်၏ နေရာစုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းကို ရယူထားပြီး ယင်းသည် ၄၈ ရာခိုင်နှုန်းရှိခဲ့သည့် ၂၀၀၄ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် မြင့်တက်လာခြင်းဖြစ်သည်။ မြို့တော်ဝန်ရာထူးနေရာ စုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းကိုလည်း နိုင်ငံရေးမိသားစုများက ထိန်းချုပ်ထားပြီး ယင်းသည် ၂၀၀၄ ခုနှစ်က ၄၀ ရာခိုင်နှုန်းရှိခဲ့ရာမှ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

အထက်လွှတ်တော်အမတ်နေရာ ၁၂ နေရာအတွက် ရေပန်းစားနေသည့် ကိုယ်စား လှယ်လောင်းများအနက် သုံးဦးသည် လွှတ်တော်ထဲတွင် ဆွေမျိုးများရှိနေသည်။

ထို့ပြင် ရာထူးမှထွက်ခွာတော့မည့် လက်ရှိသမ္မတ ရိုဒရီဂိုဒူတာတေး၏ သမီးဖြစ်သူ သည်လည်း နိုင်ငံ၏ ဒုတိယအမြင့်ဆုံးရာထူးဖြစ်သည့် ဒုသမ္မတနေရာအတွက် မားကို့စ်နှင့် အတူ တွဲဖက်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေသည်။ ဒူတာတေး ကိုယ်တိုင်ကလည်း သူ့အလုပ်များပြီးဆုံးသွားပြီဖြစ်ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။

“ ကျွန်တော့်သမီးက ဒုသမ္မတရာထူးနေရာအတွက် ဝင်ပြိုင်နေတယ်။ သားကတော့ လွှတ်တော်အမတ်နေရာဝင်ပြိုင်နေပြီး နောက်ထပ်သားတစ်ဦးကတော့ မြို့တော်ဝန် နေရာဝင်ပြိုင်နေပါတယ်။ ကျွန်တော် စိတ်ချမ်းသာသွားပါပြီ” ဟု ဒူတာတေးက ပြောကြားခဲ့သည်။

အခြားနိုင်ငံများတွင်လည်း အာဏာကို ဆုပ်ကိုင်ထားသည့် နိုင်ငံရေးမိသားစုများရှိနေသော်လည်း ဖိလစ်ပိုင်နိုင်ငံသည် အာဏာ ဆုပ်ကိုင်ထားသည့် နိုင်ငံရေးမိသားစုအရေ အတွက် အများဆုံးနိုင်ငံစာရင်းတွင် ပါဝင်နေသည်။ မျိုးဆက်သစ်များအတွက် နိုင်ငံရေး လောကထဲတွင်နေရာရစေရန် ပြင်ဆင်မှုသည် ယင်းမိသားစု၏ အသက်ရှင်ရပ်တည် ရေးကဲ့သို့ မရှိမဖြစ် အရေးကြီးသည့်ကိစ္စဖြစ်ပြီး ယင်းလုပ်ဆောင်မှုများသည် ဘောလုံးကလပ်အသင်းများနှင့် ဆင်တူနေသည်ဟု ကျွမ်းကျင်သူတစ်ဦးဖြစ်သူ မာ့ခ်သွမ်ဆန်က ပြောကြားခဲ့သည်။

“ ဖိလစ်ပိုင်နိုင်ငံရေးလောကထဲမှာ ခင်ဗျားသာ ဘာစီလိုနာ ဒါမှမဟုတ် ပီအက်စ်ဂျီ လိုအသင်းကြီးဖြစ်နေမယ်ဆိုရင် ခင်ဗျားရဲ့ မျိုးဆက်သစ်အတွက် ကောင်းကောင်းပျိုး ထောင်ပေးရပါလိမ့်မယ်”ဟု ဟောင်ကောင် တက္ကသိုလ်မှ အရှေ့တောင်အာရှ သုတေသန စင်တာမှ ညွှန်ကြားရေးမှူး သွမ်ဆင်က ပြောကြားခဲ့သည်။

Ref : AFP