ကမ္ဘာပေါ်တွင် ဒီမိုကရေစီနိုင်ငံများနှင့် အာဏာရှင်နိုင်ငံများအကြား အားပြိုင်နေကြသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ပြောကြားချက်ကို ယူကရိန်းပဋိပက္ခက သက်သေထူရာရောက်နေသည်။ သက်ဦးစံပိုင်စနစ် သို့မဟုတ် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သည့် ရုရှားနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည့် ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အနောက်အင်အားစု ဒီမိုကရေစီနိုင်ငံများက ယူကရိန်းဘက်မှ ရပ်တည်ခဲ့ကြသည်။
ယင်းဖြစ်စဉ်ကို အနီးကပ်ကြည့်ရှုသုံးသပ်ရမည်ဆိုပါက ယူကရိန်းပဋိပက္ခသည် အမေရိကန်နိုင်ငံခြားရေးမူဝါဒအတွက် အထောက်အကူရမည့် သို့မဟုတ် တိကျသေချာသည့် မူဘောင်တစ်ခုအဖြစ် ပြောင်းလဲနိုင်မည်မဟုတ်ပေ။
ယူကရိန်းပဋိပက္ခတွင် ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံများသည် ယူကရိန်းကို ထောက်ခံရန် တန်းစီနေကြသည်မှာ မှန်ကန်သည့် အချက်ဖြစ်သည်။ သို့သော် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသည် ရုရှားကို ရှုတ်ချခြင်းမရှိသကဲ့သို့ ရုရှားအပေါ် ချမှတ်သည့်ပိတ်ဆို့မှုများကို ပူးပေါင်းပါဝင်ရန်လည်း ကတိပြုခဲ့ခြင်းမရှိပေ။
အိန္ဒိယတစ်နိုင်ငံတည်းသာ မဟုတ်ပေ။ အာရှ၏ ဒုတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည်လည်း ရုရှား နှင့် ဆက်ဆံရေးကို ထိန်းထားခဲ့သည်။ အာဖရိကတိုက်တွင် အကြီးဆုံးအောင်မြင်မှုရရှိခဲ့သည့် ဒီမိုကရေစီနိုင်ငံဖြစ်သည် တောင်အာဖရိကနိုင်ငံကလည်း ရုရှားကို ရှုတ်ချရန် ငြင်းဆိုခဲ့ပြီး ရုရှား၏ ကျူးကျော်စစ်ဖြစ်လာစေသည့်အတွက် နေတိုး၏ အင်အားချဲ့ထွင်မှုကိုပင် ဝေဖန်ခဲ့သည်။
လက်တင်အမေရိက၏ အကြီးဆုံးဒီမိုကရေစီနိုင်ငံများဖြစ်သည့် ဘရာဇီးနှင့် မက္ကဆီကိုနိုင်ငံများသည်လည်း ကြားနေနိုင်ငံများအဖြစ် ရပ်တည်ခဲ့ကြပြီး ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီမှ ရုရှားကို ဖယ်ရှားရန် မဲပေး မှုတွင် လက်ရှောင်ခဲ့ကြသည်။
အာရပ်ကမ္ဘာမှ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည့် အီရတ်သည်လည်း ကုလသမဂ္ဂတွင် ရုရှားကို ရှုတ်ချရန် ကြေညာချက်ထုတ်ပြန်ရေးတွင် မဲမပေးဘဲ လက်ရှောင်ခဲ့သည်။ ထို့အတူ ဒီမိုကရေစီနိုင်ငံများတွင် နေထိုင်ကြသူအများစုသည် ယူကရိန်းပဋိပက္ခတွင် မည်သည့်ဘက်ကမှ မပါဘဲ ခြံစည်းရိုးခွထိုင်သည့် အခြေအနေကိုသာ ရွေးချယ်ခဲ့ကြသည်။
ယင်းအခြေအနေအတွက် ဖြစ်နိုင်ခြေ အချက်တစ်ခုမှာ အမျိုးသားအကျိုးစီးပွားကို ထောက်ရှုခြင်းဖြစ်နိုင်သည်။ ကြားနေနိုင်ငံအများစုမှာ ရုရှားနှင့် ဆက်ဆံရေးဖြတ်တောက်ပါက ၎င်းတို့၏ စီးပွားရေး အကျိုးစီးပွားများ ထိခိုက်မည်ကို စိုးရိမ်နေသည့်နိုင်ငံများ ဖြစ်သည်။
ဥပမာပြရလျှင် အိန္ဒိယနိုင်ငံသည် ၎င်း၏ ခေတ်မီလက်နက်ပစ္စည်းအများစုကို ရုရှားထံမှ ဝယ်ယူနေရသည်။ တောင်အာဖရိကနှင့် ဘရာဇီးနိုင်ငံသည်လည်း ရုရှားနှင့် ကုန်သွယ်ရေး များရှိနေပြီး ယင်းကုန်သွယ်ရေးများမှာ အရေးမကြီးသည့်တိုင် သိသာထင်ရှားသည့် အဆင့်တစ်ခုတွင် ရှိနေသည်။
ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံအချို့အတွက်လည်း အာဏာရှင်နိုင်ငံများကို ဆန့်ကျင်မည်ဆိုပါက ၎င်းတို့အတွက် အကျိုးမရှိသည့်အခြေအနေကို သိရှိနားလည်ထားကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ တရုတ်နှင့် ခိုင်မာသည့် စီးပွားရေးဆက်ဆံမှုများရှိနေပြီး ၎င်းတို့ ၏ အိမ်နီးချင်းနိုင်ငံများထဲမှ အာဏာရှင်နိုင်ငံများနှင့်လည်း မဟာမိတ်ဖွဲ့ထားကြသည်။
ကမ္ဘာပေါ်တွင် ကွဲလွဲမှုကို ဘောင်ခတ်ရန် ကောင်းမွန်သည့်နည်းလမ်းတစ်ခုမှာ စည်းမျဉ်းစည်းကမ်းအခြေပြု နိုင်ငံတကာဖွဲ့ စည်းပုံစနစ်ကို ယုံကြည်သည့် နိုင်ငံများနှင့် ယင်းစနစ်ကိုမယုံကြည်သည့် နိုင်ငံများဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ နယ်စပ်များကို အင်အားသုံး၍ ပြောင်းလဲခြင်းမပြုရန် သတ်မှတ်ထားသည့် စံချိန်စံညွှန်းကို တိုက်ရိုက်တိုက်ခိုက်ခြင်းဖြင့် ရုရှားက ၎င်းကိုယ်ကို ကမ္ဘာပေါ်တွင် ကြမ်းတမ်းသည့် ဦးဆောင်နိုင်ငံတစ်ခု အဖြစ် ဖော်ပြလိုနေဟန်ရှိသည်။
ရုရှားအစိုးရသည် စစ်မှန်သည့် အာဏာနိုင်ငံရေးနယ်ပယ်တစ်ခုကို ပြန်လည်ရောက်ရှိရန် ကြိုးပမ်းနေပြီး ယင်းအခြေအနေသည် ဂရိသမိုင်းပညာရှင်ကြီး Thucydides ၏ ပြောကြားချက်များထဲမှ တစ်ခုဖြစ်သည့် “အင်အား ကြီးသူဟာ သူလုပ်နိုင်တာကို လုပ်ပြီး အင်အားနည်းသူကတော့ သူခံရမှာကို မလွဲမသွေ ခံရမှာပါ” ဆိုသည့် ပြောကြားချက်နှင့် တူညီ နေသည်။
အနောက်နိုင်ငံများအနေနှင့် ရုရှား၏ အားထုတ်ကြိုးပမ်းမှုကို ပူးပေါင်းဆန့်ကျင် မည်ဆိုပါက မဟာမိတ်များ အများအပြားလို အပ်မည်ဖြစ်သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေးဗစ်မီလီဘန်းပြောခဲ့ဖူးသလို စည်းမျဉ်းစည်းကမ်းအခြေစိုက် နိုင်ငံတကာ ဖွဲ့စည်းပုံစနစ်အပေါ် အခြေခံသည့် ကွဲပြားခြားနားမှုသည် ဒီမိုကရေစီနှင့် အာဏာရှင်စနစ်အကြား ကွဲပြားခြားနားမှုထက် ပိုမိုကျယ်ပြန့်သည်ဟု ဆိုသည်။
လစ်ဘရယ်ဒီမိုကရေစီစနစ်ကို အပြည့် အဝမကျင့်သုံးသည့် စင်ကာပူနိုင်ငံကို ဥပမာ ထားပြီး ဖော်ပြရမည်ဆိုလျှင် စင်ကာပူသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် တန်ဖိုးများကို အလေးထားလိုက်နာသည်။ ရုရှား၏ ကျူးကျော်မှုအစတွင် စင်ကာပူသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ရုရှား၏ ဗီတိုအာဏာဖြင့် ပယ်ချမှုကြောင့် ချမှတ်ခဲ့ရခြင်းမရှိခဲ့သည့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများတွင် ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းသည် စင်ကာပူနိုင်ငံအတွက် နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ်း ပိတ်ဆို့မှုချမှတ်ရေး ဆုံး ဖြတ်ချက်ဖြစ်သည်။
ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံတို့သည်လည်း သက်ဦးဆံပိုင်ဘုရင်စနစ် ကျင့်သုံးခဲ့ချိန်ကတည်းက အာဏာရှင်နိုင်ငံများကို ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် မပါဝင်ခဲ့သော်လည်း ပိုမိုခိုင်မာကောင်းမွန်ပြီး ပွင့်လင်း သည့် နိုင်ငံတကာစနစ်တစ်ခုတည်ဆောက် ရန် တောင်းဆိုခဲ့ကြသည်။
အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့အတွက် မူ ယူကရိန်း-ရုရှားအရေးတွင် ယင်းမူဘောင်ချမှတ်မှုသည် ၎င်းတို့အတွက် ပိုမိုခက်ခဲမည်ကို တွေးထင်ကြမည်ဖြစ်သည်။ အကယ်၍ နိုင်ငံများအနေဖြင့် ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံများ၏ နယ်နိမိတ်များကို ကျူးကျော်သိမ်းပိုက်ရုံဖြင့် ပြီးသွားမည်ဆိုပါက အိန္ဒိယနှင့် တရုတ်အကြား နယ်စပ်ဒေသ ပြဿနာမှာ ပိုမိုဆိုးရွားလာမည်ကို အိန္ဒိယအစိုးရက သိရှိထားသည်။
ယူကရိန်းပဋိပက္ခမတိုင်မီက ကင်ညာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်က ပြောခဲ့ဖူးသည်။ ယင်းမှာ ကိုလိုနီခေတ်က ရေးဆွဲခဲ့သည့် နယ်စပ်စည်းမျဉ်းများကိုသာ ဆက်လက်ထိန်းထားရန်၊ သို့မဟုတ်ဘဲ နယ် စပ်စည်းများကို အသစ်ရေးဆွဲပါက ပရမ်းပတာအခြေအနေများ ကြုံတွေ့လာနိုင်သည် ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ယူကရိန်းပဋိပက္ခတွင် မူဘောင်တစ်ခု ကန့်သတ်ရေးနှင့်ပတ်သက်ပြီး တရုတ်အပေါ်တွင်လည်း ဖိအားများစွာ သက်ရောက် နေသည်။ သို့သော် တရုတ်သည် စည်းမျဉ်း စည်းကမ်းအခြေပြု နိုင်ငံတကာဖွဲ့စည်းပုံစနစ်အရ အကျိုးအမြတ်အများဆုံးရနေသည့် နိုင်ငံဖြစ်ကာ တည်ငြိမ်ပြီး ငြိမ်းချမ်းနေသည့် အာရှတွင် ၎င်း၏ သြဇာအာဏာမှာ မှန်မှန် တိုးတက်နေသည်။
တရုတ်အစိုးရသည် နိုင်ငံများ၏ အချုပ်အခြာအာဏာကို အင်အားသုံးချိုးဖောက်မှုများကို ဆန့်ကျင်ကြောင်း မကြာခဏ ပြောကြားလေ့ရှိသော်လည်း ယူကရိန်းအရေးတွင်မူ ရုရှားဘက်မှ ရပ်တည်နေဆဲဖြစ်သည်။ထို့ပြင် ယူကရိန်းစစ်ပွဲ မဖြစ်ပွားမီအချိန်က တရုတ်သည် ဖေဖော်ဝါရီ ၄ ရက်တွင် ပေကျင်း အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပခဲ့သည်။
တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထောက်ပြပြီး အမေရိကန်နှင့် မဟာမိတ်နိုင်ငံအချို့က ယင်းအိုလံပစ်ကို မတက်ဘဲ သပိတ်မှောက်ခဲ့သော်လည်း ရုရှားသမ္မတပူတင်က ယင်းအိုလံပစ်ကို တက်ရောက်ခဲ့ကာ တရုတ်သမ္မတ ရှီကျင်းပင်နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို အကန့်အသတ်မရှိတိုးမြှင့်ကြောင်း ကြေညာခဲ့သည်။
ထို့ကြောင့် အနောက်အုပ်စု အထူးသဖြင့် အမေရိကန်အနေဖြင့် ရုရှားနှင့်ပတ်သက်ပြီး ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းအခြေပြု နိုင်ငံတကာဖွဲ့စည်းပုံစနစ်တွင် ပြဋ္ဌာန်းထားသည့်အချက်များကို လက်တွေ့လိုက်နာ ကျင့်သုံးရမည်ဖြစ်သည်။
အထူးသဖြင့် အီရတ်စစ်ပွဲတွင် အမေရိကန်၏ လုပ်ဆောင်ချက်များမှာ နိုင်ငံတကာ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ ထို့ပြင် အမေရိကန်သည် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးတွင် အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း ဘိုင်ဒင်အစိုးရ အဖွဲ့က ရုရှားကို စစ်ရာဇဝတ်မှုများနှင့် စုံစမ်းစစ်ဆေးရန် ဆော်သြခဲ့သည်။ ထို့ပြင် အမေရိကန်သည် တောင်တရုတ်ပင်လယ်တွင် ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေစာချုပ်တွင် အဖွဲ့ဝင်မဟုတ်သည့်တိုင် ယင်းစာ ချုပ်ကို တရုတ်က ချိုးဖောက်သည်ဟု စွပ်စွဲခဲ့သည်။
ထို့ကြောင် အမေရိကန်အနေဖြင့် ၎င်းဦးဆောင်နေသည့် စည်းမျဉ်းစည်းကမ်းအခြေပြု နိုင်ငံတကာဖွဲ့စည်းပုံစနစ်ကို အခြားနိုင်ငံများက လေးစားလိုက်နာရန် ကြိုးပမ်းမည်ဆိုပါ က ၎င်းကိုယ်တိုင် လက်တွေ့ကျင့်သုံး လိုက်နာ ရမည်ဖြစ်ပေသည်။
Ref: Washington post