ကျိုက်မရောမြို့ ရန်မျိုးအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် မေ ၁ ရက် ည ၉ နာရီဝန်းကျင်က လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။
“မနေ့ ည ၉ နာရီအချိန်လောက်မှာ ရန်မျိုးအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ လက်လုပ်မိုင်းပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ ဆိုင်ကယ်နဲ့ လာချသွားတယ်လို့တော့ ကြားသိရတယ်။ လူထိခိုက်မှုတော့ မရှိဘူး” ဟု ကျိုက်မရောမြို့ခံတစ်ဦးက ပြောကြားသည်။
ထို့ပြင် မေ ၁ ရက် ည ၇ နာရီခန့်ကလည်း ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွတံတားအနီးတွင်လည်း သေနတ်ဖြင့် ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများထံမှ သိရသည်။
“မနေ့ညပိုင်းက တံတားဘက်ကနေ သေနတ်သံတွေ ကြားလိုက်ရတယ်။ ဒရုန်းတစ်စင်း လာဝဲနေလို့ဆိုပြီး လိုက်ပစ်တယ်လို့တော့ ပြောသံကြားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ ချောင်းနှစ်ခွတံတားတွင် ပြီးခဲ့သည့် မတ် ၁၉ ရက်က တံတားထိပ်ရှိ ရဲကင်းစခန်းအား အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
အလားတူ ချောင်းနှစ်ခွတံတားအနီးရှိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ ကင်းစခန်းမှာလည်း ဧပြီ ၁၆ ရက် နံနက် ၆ နာရီဝန်းကျင်က ပစ်ခတ်ခံရပြီး အဆိုပါလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ တပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။















