အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုကို တည်ဆောက်ခြင်း(Rapport Building)

အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုကို တည်ဆောက်ခြင်း(Rapport Building)
Published 2 May 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

လူဆိုသည့်သတ္တဝါသည် တစ်ဦး တစ်ယောက်တည်း နေထိုင်ပြီး အသက်ရှင်ရပ်တည်နိုင်ရန်မှာ လွန်စွာခက်ခဲပြီး နောက်ဆုံးမဖြစ်နိုင်သည့် အခြေအနေဖြစ်သဖြင့် လူတစ်ဦးနှင့် တစ်ဦး ဆက်သွယ်ပေါင်းသင်းပြီးလျှင် အုပ်စုဖွဲ့နေထိုင်ပြီး အသက်ရှင်ရပ်တည်နေထိုင်ကြရသည့် အခြေအနေဖြစ်ပါသည်။ ထို့ပြင် မျိုးဆက်အသစ်များ ပေါက်ပွားလာစေရေးအတွက်လည်း အနည်းဆုံး မိသားစုအဖြစ် ပေါင်းသင်းနေထိုင်ပြီး ရှင်သန်ရပ်တည်ကြရပါသည်။

လူကိုမဆိုထားနှင့် တိရစ္ဆာန် သတ္တဝါများသည်လည်း တစ်ကောင်တည်းနေထိုင်ခြင်းထက် အုပ်စုဖွဲ့နေ ထိုင်ခြင်းက အသက်ရှင်ရပ်တည်နိုင်ရန် ပိုမိုလွယ်ကူကောင်းမွန်သဖြင့် အုပ်စုဖွဲ့နေထိုင်ပြီး အသက်ရှင်ရပ် တည်နေထိုင်လေ့ရှိကြပါသည်။ သို့သော်လည်း လူနှင့် တိရစ္ဆာန်တို့၏ အဓိကကွာခြားချက်မှာ လူသည် လူအချင်းချင်း ဆက်သွယ်ရာတွင် အလွယ်တကူ သိမြင်နားလည်နိုင်စေရေးအလို့ငှာ ဘာသာစကားများနှင့် စာပေတို့ကို တီထွင်ဖော်ထုတ် အသုံးပြုနိုင်သဖြင့် လူတို့၏ အဆင့်အတန်းမှာ တဖြည်းဖြည်းနှင့် မြင့်မားတိုး တက်လာစေခဲ့ပါသည်။ တိရစ္ဆာန်တို့မှာမူ ကိုယ်အမူအရာနှင့် အသံပြုဆက်သွယ်ခြင်းကိုသာ အသုံးပြုနိုင်သဖြင့် အသိပညာဉာဏ်ပညာအဖြစ် ပြောင်းလဲပြီး ဖွံ့ဖြိုးလာခြင်းမရှိဘဲ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အ တွေ့အကြုံကိုသာ အခြေပြုပြီး အသက်ရှင်ရပ်တည် လာခဲ့ကြပါသည်။

ဤတွင် လူတစ်ဦးနှင့် တစ်ဦး၊ လူတစ်ဖွဲ့နှင့် တစ်ဖွဲ့၊ လူအုပ်စုတစ်ခု နှင့် တစ်ခု၊ လူတို့နေထိုင်လျက်ရှိကြသည့် နယ်ပယ်တစ်ခုနှင့် တစ်ခု၊ တိုင်းပြည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အလွယ်တကူ ဆက်သွယ်နိုင်ခြင်းမှာ အလွန်အရေးကြီးလာပါသည်။ ထိုကဲ့သို့ ဆက်သွယ်ခြင်း၏ အရေးပါမှုကို သိမြင်နားလည်လာသည့် လူများသည် ဆက်သွယ်ရေး ကိရိယာများနှင့် ဆက်သွယ်ရေးအထောက်အကူပြုပစ္စည်းများကို ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန် ထီထွင်ကြံဆပြီး ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိကြရာတွင် ယနေ့အချိန် ကမ္ဘာတစ်ဝန်းလုံးကိုပင် အလွယ်တကူ ဆက်သွယ်နိုင်မည့် အင်တာနက် နည်းပညာ၊ သတင်းအချက်အလက် နည်းပညာ၊ ဆက်သွယ်ရေးနည်း ပညာများကို ဖွံ့ဖြိုးတိုးတက်လာစေရန် ထီထွင်ဖန်တီးထုတ်လုပ်ပြီး အလွယ်တကူ ဆက်သွယ်နိုင်စေရန် စွမ်းဆောင်နိုင်ခဲ့ကြပါသည်။

အင်တာနက်နည်းပညာ၊ သတင်းအချက်အလက်နည်းပညာ၊ ဆက်သွယ်ရေးနည်းပညာများကို ဖွံ့ဖြိုးတိုးတက်လျက်ရှိနေပါသော်လည်း တိုင်းပြည်နိုင်ငံအတွင်း နေထိုင်လျက်ရှိကြသည့် တစ်နည်းအားဖြင့် တိုင်းပြည်နိုင်ငံတော်အကျိုးကို တာဝန်ယူပြီးဆောင်ရွက်လျက်ရှိကြသည့် လူအချင်းချင်း ထိတွေ့ ဆက် သွယ်ခြင်း ဆက်ဆံခြင်းသည် လွန်စွာအရေးကြီးလှပါသည်။ ထိတွေ့ ဆက်ဆံခြင်းနည်းပါးလေ မလိုလား အပ်သည့် စိန်ခေါ်မှုများ ပြဿနာများ ကြီးထွား ဖြစ်ပေါ်စေမှု များပြားလေဖြစ်ပါမည်။ ဆိုလိုသည်မှာ မည် သည့်ကိစ္စရပ်များတွင်မဆို သက်ဆိုင်သည့် ပါဝင်ပတ်သက်သူအားလုံး (All Stakeholders) ထိတွေ့ ဆက်ဆံနိုင်ရေးသည် မရှိမဖြစ်အရေးကြီးလှပါသည်။

မိမိတို့ တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းကပင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ထွန်းပေါ်ပေါက်စေလျက်ရှိရာ ယနေ့အချိန်အထိဆိုပါလျှင် နှစ်ပေါင်း ၇၅ နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ဖော်ပြပါ လက်နက်ကိုင်ပဋိပက္ခပြဿနာများ ပေါ်ပေါက်စေခြင်း၏ အကြောင်းရင်းများစွာရှိ သည့်အနက် အခြေခံအကြောင်းရင်း တစ်ရပ်မှာ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များအချင်းချင်း တန်းတူရည်တူ ထိတွေ့ဆက်ဆံမှု နည်းပါးခဲ့ခြင်းနှင့် မရှိခဲ့ခြင်းသည်လည်းကြောင့်ဖြစ်သည်ဟု စာရေးသူအနေဖြင့် ယုံကြည်ပါသည်။ တစ်နည်းအားဖြင့် တင်ပြရပါလျှင် တိုင်းပြည်နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အခြေခံကာ သက်ဆိုင်ရာ လူပုဂ္ဂိုလ် အချင်းချင်းအပြန်အလှန် ယုံကြည်မှု နှင့် နားလည်မှုကို မတည်ဆောက် နိုင်ခဲ့ခြင်းများကြောင့် ဖြစ်ပါသည်။

၂၀၁၅ ခုနှစ် မိမိတို့ တိုင်းပြည်နိုင်ငံအတွင်း ရေဘေးနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် စာရေး သူသည် ယာယီဖွင့်လှစ်ထားရှိသော အရေးပေါ် စီမံခန့်ခွဲမှု ဗဟိုဌာန (Emergency Operation Center(EOC)) တွင် တာဝန်ထမ်းဆောင်သည့်အချိန် ကြားသိခဲ့ရသည့် အတွေ့အကြုံကို စာဖတ်သူတို့အား ဝေမျှလိုပါသည်။ ထိုစဉ်အချိန်အရပ် ဘက်နှင့် စစ်ဘက် ဆက်ဆံရေးအကြောင်း ဆွေးနွေးနေစဉ် အမေရိကန်မိတ်ဆွေတစ်ဦးက လက်နက် ကိုင်ပဋိပက္ခများနှင့်ပတ်သက်ပြီး ချဉ်းကပ်သင့်ပုံကို သူ၏အမြင်အား ရှင်းလင်းတင်ပြခဲ့ရာတွင် “အလွန် ထိလွယ် ရှလွယ်ဖြစ်သည့် ကိစ္စရပ်များ သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခများကို ချဉ်းကပ်ဖြေရှင်းရာတွင် အခမ်းအနားကြီးများ၊ ပွဲတော်ကြီးများနှင့် မစတင်သင့်ဘဲ ညနေပိုင်း၊ ညပိုင်းတွင် ပေါ့ပါးလွတ်လပ်စွာ (Informal) ဆွေးနွေးပြောကြားနိုင်မည့် အရက်ဝိုင်းများ၊ စားသောက်ပွဲများနှင့် တစ်ဦးနှင့်တစ်ဦး အချင်းချင်းထိတွေ့ဆက်ဆံခြင်းကို စတင်သင့်ပြီး အားလုံး သဘောတူညီ လက် ခံနိုင်စေမည့်အဆင့် တစ်ဆင့်ကို ရောက်ရှိမှသာလျှင် အခမ်းအနားကြီးများ ပြုလုပ်ဆောင်ရွက်သင့် သည်ဟု ပြောပြပါသည်။”

စာရေးသူ သာမန်နိုင်ငံသား တစ်ဦးအနေဖြင့် အဆိုပြုတင်ပြလိုသည့်အချက်မှာ သဘာဝဘေးကြောင့် ဖြစ်စေ၊ လူတို့ပြု လုပ်သည့်အတွက်ကြောင့်ဖြစ်စေ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပါက ဖြစ်စဉ်ဖြစ်ရပ်များကြောင့် မိမိတို့ နိုင်ငံသားများ တိုင်းရင်းသားများ၏ အသက်များ မည်မျှ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဖြစ်ကြောင်းနှင့် တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ တန်ဖိုးအားဖြင့် မည်မျှ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဖြစ်ကြောင်းကို မှတ်တမ်းမှတ်ရာများ ပြုစုပြီး ထုတ်ပြန်ပေးရန် ဖြစ်ပါသည်။ အတိအကျ ဖော်ပြမည်ဆိုပါကပျက်စီးမှု (Damage) နှင့် ဆုံးရှုံးမှု (Loss) တန်ဖိုးများကို စနစ်တကျ ဖော်ထုတ်လေ့လာ တင်ပြရန် ဖြစ်ပါသည်။  စာရေးသူ၏ အတွေ့အကြုံအရ ၂၀၁၅ ခုနှစ် ရေဘေးနှင့် မြေပြိုမှုများကြောင့် ဖြစ် ပေါ်စေခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များ အတွက်မူ စနစ်တကျ လေ့လာထုတ် ပြန်ခဲ့သည်ကို တွေ့ရှိရပါသည်။

အထက်ဖော်ပြပါ ပျက်စီးမှုများ နှင့် ဆုံးရှုံးမှုများကို စနစ်တကျ ဖော် ထုတ်ရရှိခဲ့မည်ဆိုပါက ဖြစ်ပေါ်စေခဲ့သည့် အခြေခံအကြောင်းရင်းများကို ရှာဖွေရရှိနိုင်မည်ဖြစ်ပြီး အဆိုပါ အကြောင်းရင်းများကို အခြေခံကာ နောင်တွင် ထိုကဲ့သို့ ပျက်စီးမှုများနှင့် ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်စေခြင်း မရှိနိုင်စေရန် မဟာဗျူနှင့် နည်း ဗျူဟာများကို စနစ်တကျ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။ ထိုကဲ့သို့ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိ သရွေ့မိမိတို့ တိုင်းပြည်နိုင်ငံအတွင်း နေထိုင်လျက်ရှိကြသည့် နိုင်ငံသားများ၊ တိုင်းရင်းသား အပေါင်းတို့၏ အသက်များ ဆက်လက် ပျက်စီး ဆုံးရှုံးနေမည်ဖြစ်သည့်အပြင် တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူပြည်သားများပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများသည်လည်း တန်ဖိုးအတိုင်းအဆ မရှိ ပျက်စီးဆုံးရှုံးနေမည် ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မိမိတို့ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများ လျော့နည်း ပပျောက်စေပြီးလျှင် မိမိတို့၏ နိုင်ငံသားများ တိုင်းရင်းသားများ၏ အသက်များနှင့် အိုးအိမ် စည်းစိမ် ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းများ မဖြစ်ပေါ်စေရန် ကြိုးပမ်းအားထုတ်ရာတွင် သက်ဆိုင်ရာ ပါဝင်ပတ် သက်သူအားလုံး အဖွဲ့အစည်းအားလုံး (All Stakeholders) တို့အကြားတွင် အပြန်အလှန်ယုံကြည်မှုနှင့် နား လည်မှုတည်ဆောက်ရေး (Rapport Building) လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင် ရွက်နိုင်စေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတည်ဆောက်ရေး (Rapport Building) လုပ်ငန်းများ၏ အခြေခံသဘောတရားအချို့ကို တင်ပြပါမည်။ အပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှုကို တည် ဆောက်ရာတွင် အရေးကြီးသည့် အချက်များကို ပုံတွင် ဖော်ပြထားပါသည်။ အသေးစိတ်ကို ရှင်းလင်းတင် ပြခြင်းမပြုတော့ပါ။ ဤတွင် စာရေးသူအနေနှင့် တွေ့မြင်ရသည့်အချက်မှာ ပထမအဆင့်အနေနှင့် လူပုဂ္ဂိုလ် အချင်းချင်းအကြားတွင် စတင်တည် ဆောက်နိုင်ရန် လိုအပ်ပြီး တဖြည်းဖြည်းနှင့် သက်ဆိုင်ပါဝင်ပတ်သက် သူအားလုံး (All Stakeholders) ကို သိမြင်နားလည်စေကာ  အင်စတီကျူးရှင်းများအဆင့်အထိ အပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှုကို တည်ဆောက်နိုင်ရမည် ဖြစ်ပါသည်။

ဒုတိယအနေဖြင့် အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတည် ဆောက်ရေးလုပ်ငန်းများ မစတင်မီ ဖြစ်စဉ်ဖြစ်ရပ် အကြောင်းအရာများ အပေါ်တွင် အခြေခံကာ ကမ္ဘာပေါ်ရှိ တိုင်းပြည် နိုင်ငံများတွင်သော် လည်းကောင်း၊ မိမိတို့ တိုင်းပြည် နိုင်ငံအတွင်း၌သော်လည်းကောင်း ဖြစ်ခဲ့သည်များကို လေ့လာ သင်ခန်း စာများရယူနိုင်စေရေးအလို့ငှာ  မဟာဗျူဟာ နည်းဗျူဟာသဘော တရားများကို အခြေခံကာ သက်ဆိုင် ပါဝင်ပတ်သက်သူအားလုံး (All Stakeholders) တို့အား သိမြင်နားလည်စေသည်အထိ ရှင်းလင်းတင်ပြ သင့်ပါသည်။ စာရေးသူအနေနှင့် ဖြစ်စဉ် ဖြစ်ရပ်တစ်ခုချင်းအတွက် မဟုတ်ဘဲ စာရင်းအင်းပညာတွင် ပါရှိသည့် ဂိမ်းသီအိုရီကို အခြေခံထားရှိသော မဟာဗျူဟာ နည်းဗျူဟာ သဘောတရားများကို တင်ပြပါမည်။

ဂိမ်းသီအိုရီကို အခြေခံထားရှိသည့် မဟာဗျူဟာ နည်းဗျူဟာများ (Strategies) ကို အောက်တွင် ဖော် ပြထားပါသည်။ မိမိတို့ ကိုယ်တိုင်ပါ ဝင်ဆောင်ရွက်လျက်ရှိသည့် ဖြစ်စဉ် ဖြစ်ရပ်များသည် မည်သည့် အခြေ အနေအဆင့်တွင် ရောက်ရှိနေသည်ကို လေ့လာစိစစ်သုံးသပ် ဆုံးဖြတ်ရန်ဖြစ်ပါသည်။

(က) အနိုင်-အရှုံး (Win-Lose) အခြေအနေ၊ (ခ) အရှုံး-အနိုင် (Lose-Win) အခြေအနေ၊ (ဂ) စေ့စပ်ညှိနှိုင်း သဘောတူညီချက်ရရှိခြင်း အခြေအနေ (Compromise)၊ (ဃ) အရှုံး-အရှုံး (Lose-Lose) အခြေအနေ၊ (င) အနိုင်-အနိုင် (Win-Win) အခြေအနေ။

နောက်ဆုံးအဆင့် (င) အနိုင်-အနိုင် (Win-Win) အခြေအနေကို ရောက်ရှိသည်အထိ ကြိုးပမ်းအား ထုတ်နိုင်ရမည်ဖြစ်ပါသည်။ သို့မဟုတ်ပါက နိုင်ခြင်းနှင့် ရှုံးခြင်း အဆင့်တွင်သာ သံသရာ လည်ပတ်နေမည် ဖြစ်ပါသည်။

တတိယအနေဖြင့် အင်တာ နက်စာမျက်နှာများတွင် ဖော်ပြထားသည့် ဟားဗက် (The Havard) ၏ ဆွေးနွေး ညှိနှိုင်းအဖြေရှာရာတွင် အသုံးပြုသင့်သောမူများ (Principles) ကို တင်ပြပါသည်။

(၁) Separate the People from the Problem - ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိသည့် စိတ်ခေါ်မှု ပြဿနာ များမှ အချို့သော လူပုဂ္ဂိုလ်ကြီးများအား သီးသန့်ခွဲခြားထားရှိစေခြင်း။ (၂) Focus on Interests not Position- ဆွေးနွေးညှိနှိုင်းအဖြေရှာရာတွင် ရာထူးအဆင့်အတန်းကို ရည်ညွှန်းခြင်းမပြုဘဲ အကျိုးစီးပွား ကိုသာအခြေပြုခြင်း။ (၃) Invent Options for Mutual Gain- အပြန်အလှန်နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်း ရရှိစေရန်အတွက် စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်များကို တီထွင်ထားရှိခြင်း။ (၄) Insist on Using Objective Criteria - ရည်ရွယ်ချက်များအရ သတ်မှတ်ထားရှိသည့် အတိုင်းအတာ၊ တိုင်းတာနိုင်သည့် ကိရိယာများအသုံးပြု ခြင်းကို ခိုင်ခိုင်မာမာ မလျှော့တမ်း ရပ်တည်ခြင်း စသည်တို့ ဖြစ်ကြပါသည်။

အထက်ဖော်ပြပါအချက်များ ကို အသုံးပြုကာ မိမိတို့ တိုင်းပြည်နိုင်ငံရှိ ပဋိပက္ခများ လျော့နည်းပပျောက် စေရေးကို အောင်မြင်စေရန် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြရပါလျှင် မိမိတို့ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးချိန်ကတည်း က ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများလျော့ နည်းပပျောက်စေပြီးလျှင် မိမိတို့၏ နိုင်ငံသားများ တိုင်းရင်းသားများ၏ အသက်များနှင့် အိုးအိမ်စည်းစိမ် ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းများ မဖြစ်ပေါ်စေရန် ကြိုးပမ်းအားထုတ်ရာတွင် သက်ဆိုင်ရာ ပါဝင်ပတ် သက်သူအားလုံး အဖွဲ့အစည်းအားလုံး (All Stakeholders) တို့အကြားတွင် အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတည်ဆောက်ရေး (Rapport Building) လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးကို အောင်မြင်စွာ ပြု လုပ်နိုင်ကြပါစေကြောင်း ရေးသား တင်ပြအပ်ပါသည်။

 

Most Read

Most Recent