နစက ငြိမ်းချမ်းရေးဖိတ်ခေါ်မှု၊ EAO များ၏ အခန်းကဏ္ဍနှင့် ပြည်တွင်းငြိမ်းချမ်းရေး

နစက ငြိမ်းချမ်းရေးဖိတ်ခေါ်မှု၊ EAO များ၏ အခန်းကဏ္ဍနှင့် ပြည်တွင်းငြိမ်းချမ်းရေး
ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် တိုက်ပွဲရှောင်လာကြသည့် ဒေသခံပြည်သူအချို့ကို၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (Photo Credit -Karen National Union)
ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် တိုက်ပွဲရှောင်လာကြသည့် ဒေသခံပြည်သူအချို့ကို၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (Photo Credit -Karen National Union)
Published 2 May 2022

ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်ကို သေကျေပျက်စီးဆုံးရှုံးသည်အထိ အန္တရာယ်ဖြစ်စေနိုင်သော စစ်လက်နက်ပစ္စည်းများ အရပ်ဘက်တွင် ပျံ့နှံ့လာသည်။

ယင်းအတွက်ကြောင့် မည်သူ တစ်ဦးတစ်ယောက်မျှ ငြိမ်းချမ်းမှု၏ အရသာကို ခံစားရမည်မဟုတ်ပေ။

သို့မဟုတ် မည်သည်တစ်ဦး တစ်ယောက်မျှ စိတ်အေးချမ်းလုံခြုံစွာ ရှင်သန်လှုပ်ရှားနေထိုင်ခွင့်ရရှိ တော့မည်မဟုတ်ပေ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကမူ ယခု ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားသည်။

ဧပြီ ၂၂ ရက်တွင် နကစဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိန့်ခွန်းတစ်ရပ် ထပ်မံပြောကြားသည်။

၇၅ နှစ်ကာလ ကြာပြီဖြစ်သော လွတ်လပ်ရေး၏ အနှစ်သာရများ တိုင်းရင်းသားပြည်သူလူထုများ အပြည့်အဝ မခံစားရသေးခြင်းကို လက်ရှိ ပကတိဖြစ်ရပ်များက ပြဆို နေသည်ဟု နစကဥက္ကဋ္ဌ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထိုသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းအရာမှာ သဘောထားကွဲလွဲမှုများအပေါ် အခြေခံ၍ ဖြစ်ပေါ်လာခဲ့သော တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများကြောင့်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ယင်းအချက်ကို ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီ၏ အနှစ်သာရနှင့် လွတ်လပ်ရေး၏ အနှစ်သာရကို အ ပြည့်အဝခံစားနိုင်မည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“ဒါကြောင့် ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်” ဟု နစကဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ပြောကြားသည်။

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို လက်တွေ့ကျကျ ထိထိ ရောက်ရောက် အကောင်အထည် ဖော်ရန် လိုအပ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်များကို ၎င်းကိုယ်တိုင် တွေ့ဆုံပြီးပါက နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

လိုအပ်ပါက ထပ်မံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲသို့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်ကိုယ်တိုင်နှင့် အဖွဲ့ဝင်နှစ်ဦး တက်ရောက်ရန် ၎င်းက ဖိတ်ခေါ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်မည့်ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို မေ ၉ ရက် နောက်ဆုံးထား၍ ပြန်ကြားပေးရမည်ဖြစ်သည်။

နှစ်ဖက်ညှိနှိုင်း၍ ရက်သတ်မှတ်ကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထုအားလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အရသာကို ခံစားနိုင်ရေး ရိုးသားပွင့် လင်းစွာ ဆွေးနွေးသွားကြမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်တွင် ဧပြီ ၂၇ ရက် မွန်းလွဲပိုင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ ဆက်သွယ်ဆောင်ရွက်နေပြီး တက်ရောက်နိုင်မည့်အခြေအ နေကောင်းများရှိသည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ယင်းကိစ္စအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)  လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ထဲမှ အဖွဲ့ ကိုးဖွဲ့နှင့် ဆက်သွယ်မှုရရှိထားသည် ဟု နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ထို့ပြင် NCA စာချုပ်လက် မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ထဲမှ ရှစ်ဖွဲ့နှင့် ဆက်သွယ်မှုရရှိထားကြောင်းလည်း  ၎င်းက ဆိုသည်။

“တက်ရောက်နိုင်မယ့် အခြေအနေကောင်းများ ရှိနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ကြိုတင်ပြီးတော့ သ တင်းကောင်းပါးလိုပါတယ်” ဟု ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အပြောင်းအလဲကြောင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း အချို့နှင့် တပ်မတော်အကြား ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသည်။

အဆိုပါ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအနက် ကရင်အမျိုးသားအစည်းအရုံး (KNU)  လက်အောက်ခံ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)၊ တပ်မဟာများနှင့် တပ်မတော်တို့ အကြား ပြင်းထန်သော တိုက်ပွဲများ လက်ရှိအချိန်အထိ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ဧပြီ ၁ ရက်မှ ၁၅ ရက်အထိ ဖာပွန်ခရိုင်၊ KNU တပ်မဟာ (၅) နယ်မြေတွင် တပ်မတော်နှင့် KNLA တို့အကြား ပစ်ခတ်တိုက်ခိုက်မှု ပေါင်း ၁၇၄ ကြိမ် ဖြစ်ပွားခဲ့သည်ဟု KNU က ဧပြီ ၁၉ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် နှစ်ဖက်သေဆုံး၊ ဒဏ်ရာရရှိမှု စာရင်းကိုလည်း ဖော်ပြထားသည်။

ယင်းသတင်းထုတ်ပြန်ချက် နောက်ပိုင်းတွင်လည်း တပ်မတော် နှင့် KNLA တို့အကြား ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း  တပ်မတော်၏ ထိုင်း- မြန်မာနယ်စပ်ရှိ စခန်းအချို့ကို စခန်း သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သည်။

ယင်းစခန်းသိမ်းတိုက်ပွဲများကြောင့် တပ်မတော်က လေကြောင်း ပစ်ကူများဖြင့် ပြန်လည်ပစ်ခတ် တိုက်သည်အထိ တိုက်ပွဲများပြင်း ထန်ခဲ့သည်။

လက်ရှိအချိန်တွင် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနက် တပ်မတော်နှင့် KNU လက်အောက်ခံ တပ်မဟာများအကြား တိုက်ပွဲများ ပိုမိုဖြစ်ပွား နေခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများကြောင့် သိန်းနှင့်ချီသော အရပ်သားများမှာ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်နေရသည်။

ထိုသို့ တပ်မတော်နှင့် KNU လက်အောက်ခံတပ်မဟာများအကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် နစက ဥက္ကဋ္ဌကိုယ်တိုင် တွေ့ဆုံဆွေးနွေးမည့် ငြိမ်းချမ်းရေးဆွေး နွေးပွဲသို့ KNU ခေါင်းဆောင်များ တက်ရောက်ရန်ရှိ၊ မရှိ KNU ပြော ရေးဆိုခွင့်ရှိသူများထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ယင်းနှင့်ပတ်သက်၍ KNU အလုပ်အမှုဆောင်ကော်မတီဝင်  ပဒိုစောသမိန်ထွန်း၏ ပြောကြားချက်အချို့ကို KNU သတင်းနှင့် ပြန်ကြားရေးဌာနက ဧပြီ ၂၃ ရက်တွင် ပြန်လည်ဖော်ပြခဲ့သည်။ 

KNU အနေဖြင့် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ထားပြီး အဆိုပါ မဟာဗျူဟာ၊ နည်းဗျူဟာများ အရ နစကနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ပါက တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရန် မ လိုအပ်ပါက တွေ့ဆုံဆွေးနွေးသွားရန် မရှိကြောင်း KNU အလုပ်အမှု ဆောင်ကော်မတီဝင်  ပဒိုစောသမိန် ထွန်းက ပြောကြားသည်။

“ကျွန်တော်တို့မှာ မဟာဗျူဟာလည်း ချထားပြီးပြီ။ နည်းဗျူဟာလည်း ချထားပြီးပြီ။ အဲဒီ မဟာဗျူဟာ၊ နည်းဗျူဟာအပေါ်မှာပဲ ကျွန်တော်တို့ တစိုက်မတ်မတ် လုပ်တော့မယ်။ အဲဒီတော့ နည်းဗျူဟာထဲမှာ စစ်ကောင်စီနဲ့တွေ့ဖို့ ပါတယ်ဆိုရင်လည်း ကျွန်တော်တို့ တွေ့မှာပဲ။ ကျွန်တော်တို့ရဲ့ နည်းဗျူဟာထဲမှာ စစ်ကောင်စီနဲ့တွေ့ဖို့ အလားအလာ မရှိဘူးဆိုလည်း ကျွန်တော်တို့ မလုပ်ဘဲ နေမှာပဲ” ဟု ပဒိုစောသမိန်ထွန်း က ပြောသည်။

နစက၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်တွင် အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ကြေညာခြင်းခံထားရသည့် PDF ပါဝင်ခြင်းမရှိပေ။

နစက၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်တွင် PDF၊ NUG တို့ မပါဝင်ခြင်းသည် တပ်မတော်က တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် PDF၊ NUG ကို ခွဲခြား၍ PDF၊ NUG အား ဖြိုခွင်းရန် ဆောင်ရွက် ခြင်းဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိသည်။       

သို့သော် PDF၊ NUG တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မပါဝင်ခြင်းသည် ၎င်းတို့အနေဖြင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများနှင့် ရပ်တည်မှု၊ သမိုင်းကြောင်း မတူညီသည့်အတွက်ကြောင့်ဖြစ်သည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် PDF ၊ NUG တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပြီး အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ထိုုသို့ ဆက်လက်ဆောင်ရွက်နေပါက ၎င်းတို့၏ နယ်မြေများ ဆုံးရှုံးနစ်နာရန်ရှိသည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

PDF မပါဝင်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဖြင့်သာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပါက လက်ရှိ မြေပြင်တွင်ဖြစ်ပေါ်နေသော ပစ်ခတ်တိုက်ခိုက်မှုများ အဆုံးသတ်နိုင်မည်မဟုတ်ဟု ပဒို စောသမိန်ထွန်းက သုံးသပ်သည်။                

ထို့ပြင် လက်ရှိစစ်ရေးအခြေ အနေအရ နေရာအနှံ့တွင် သေနတ် သံ၊ ဗုံးသံ ပေါက်နေသော အချိန်ကာ လဖြစ်ပြီး ယင်းအချိန်တွင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ခြင်းသည် တပ်မတော်ဘက်၌ တစ်စုံတစ်ရာအကျပ်အ တည်းရှိခြင်းကြောင့်ဟု ပဒိုစောသ မိန်ထွန်းက သုံးသပ်သည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယား ပြည် နယ်တို့တွင် ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။

ကရင်ပြည်နယ်တွင် KNLA ၊ PDF ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ကယားပြည်နယ်တွင် KNPP ၊ PDF ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဒေသ ကာကွယ်ရေးအဖွဲ့များနှင့် တပ်မ တော်တို့အကြား တိုက်ပွဲများဖြစ်ပွား နေခြင်းဖြစ်သည်။

ယင်းဒေသနှစ်ခုတွင် တိုက်ပွဲများအပြင် တစ်ဖက်နှင့်တစ်ဖက် သူလျှိုဒလန်စွပ်စွဲချက်ဖြင့် အကြမ်း ဖက်သတ်ဖြတ်မှုများလည်း ရှိနေသည်။ 

နစက၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်သည် ဦးသိန်းစိန်အစိုးရ လက်ထက် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်နှင့် ပုံပန်းသဏ္ဌာန်တူသော်လည်း နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ မတူညီသည့်အတွက် အောင်မြင်မှု ရရှိရန် ခက်ခဲနိုင်သည်။

ထို့ပြင် ပိုမိုရှုပ်ထွေးသော နိုင်ငံရေးပြဿနာများကို ပြေလည်မှုရရှိရန် ဖြေရှင်းဆောင်ရွက်ရဦးမည်ဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေမှာ အကောင်းထက် အဆိုးဘက်သို့သာ ဦးတည်နေသည်။

လက်ရှိနိုင်ငံရေးအခြေအနေမှာ တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ရှိနေသကဲ့သို့ တိုင်းဒေ သကြီးများတွင်လည်း  ပစ်ခတ်သတ်ဖြတ်မှုများမှာ နေ့စဉ်ရက်ဆက်ဖြစ် ပွားနေသည်။

အရပ်သားများအတွင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ နေ့စဉ်ဖြစ်ပေါ်နေပြီး နစကအနေဖြင့် ယင်းကိစ္စအား ဖြေရှင်းရန် ပြည်သူလူထုပါဝင်သော ပြည်သူ့လုံခြုံ ရေးစနစ်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်နေသည်။

နစကအနေဖြင့် ပြည်သူ့လုံခြုံ ရေးစနစ်ကို လူအင်အား၊ လိုအပ်သည့် အထောက်အပံ့ ပစ္စည်းအပြည့် အစုံဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစနစ်ပုံပေါ် လာပါက လက်ရှိ ပြည်သူလူထုအ ကြားတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲ မဟုတ်သော အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများ ချုပ်ငြိမ်းသွားမည် ဟု ယူဆထားသည်။

“ပြည်သူပါဝင်တဲ့ ပြည်သူ့လုံ ခြုံရေးစနစ်ကို ပြည်သူပါဝင်တဲ့ အင်အား၊ လိုအပ်တဲ့ အထောက်အပံ့ ပစ္စည်းအပြည့်အစုံနဲ့ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့ ဒီစနစ် ပုံပေါ်လာတာနဲ့အမျှ လက် ရှိအကြမ်းဖက်ဖြစ်စဉ်တွေ လျင်မြန်စွာ ချုပ်ငြိမ်းသွားမည်ဖြစ်ကြောင်း အသိပေးပြောကြား လိုပါတယ်” ဟု ဧပြီ ၂၇ ရက် သတင်းစာရှင်းလင်းပွဲတွင် နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ယင်းစနစ်တွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေး အထောက်အပံ့ပစ္စည်းများသာမက ပြည်သူများကိုယ်တိုင် ပါဝင်မည်ဟု ဆိုသည်။

ယင်းစနစ်ကို အိမ်နီးချင်းနိုင်ငံ များဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့က ကျင့်သုံးနေသကဲ့သို့ ဒေ သတွင်းနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင် နှင့် ဗီယက်နမ်နိုင်ငံတို့ကလည်း ကျင့်သုံးနေပြီး ကမ္ဘာတွင် နိုင်ငံပေါင်း ၃၉ နိုင်ငံခန့်က ယင်းစနစ်ကို ကျင့်သုံးနေ သည်ဟု ၎င်းင်းက ဆိုသည်။

မကြာသေးမီကာလအတွင်းက သွေးသောက်အဖွဲ့ဟူသော အဖွဲ့တစ်ခု  ထွက်ပေါ်လာပြီး ယင်းအဖွဲ့သည် NUG အမာခံများ၊ တပ်မတော် ဆန့်ကျင်သူများနှင့် သတင်းမီဒီယာများကို ပစ်မှတ်ထား၍ အကြမ်းဖက် သတ်ဖြတ်မှုများ ဆောင်ရွက်လာသည်။

အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများ ဆောင်ရွက်လာသော သွေးသောက်အဖွဲ့သည် ၎င်းတို့နှင့် မည်သို့မျှ ဆက်စပ်ပတ်သက်မှုမရှိကြောင်း သတင်းမီဒီယာအချို့တွင် နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားသည်။

တပ်မတော်တွင် တရားဝင်ဖွဲ့ စည်းထားသည့်  အဖွဲ့အစည်းအနေဖြင့်  ပြည်သူ့စစ်အဖွဲ့အစည်းသာရှိပြီး ယင်းအဖွဲ့အစည်းသည် ဥပဒေစည်းမျဉ်း၊ စည်းကမ်းများအရ နယ်မြေတစ်ခု၊ ဒေသတစ်ခုတွင် လုံခြုံရေးအရ လိုအပ်ပါက ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပိုင်ခွင့်ရှိသည်ဟု နစက ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၇ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“အစိုးရအနေနဲ့ကတော့ ပြည်သူလူထုရဲ့ နယ်မြေခံ ဒေသလူထုရဲ့ တောင်းဆိုချက်နဲ့အညီ ကျွန်တော်တို့အနေနဲ့ တရားဝင်ဖွဲ့စည်းခွင့်ရှိတဲ့ ပြည်သူ့စစ်များ ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါတယ်။ ကျန်တဲ့အဖွဲ့အ စည်းများနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဖွဲ့စည်းဆောင်ရွက်လျက် မရှိပါဘူး။ ဒါကို တိတိလင်းလင်း ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ အရပ်ဘက်တွင် ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်ကို သေကျေပျက်စီး ဆုံးရှုံးစေနိုင်သည့် စစ်ဘက်ဆိုင်ရာ လက်နက်ပစ္စည်းများ ကိုင်ဆောင်ထားသော PDF နှင့် သွေးသောက် အဖွဲ့နှစ်ခု ရှိလာပြီဖြစ်သည်။

ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ် လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အစွမ်းကုန် ကြိုးစားဆောင်ရွက်နေသည်ဟု နစကဘက်က မကြာခဏ ထုတ်ဖော် ပြောဆိုမှုများ ရှိနေသော်လည်း အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခံရမှု များကြောင့် လူသေဆုံးမှုများမှာ နေ့စဉ်နီးပါး ဖြစ်ပေါ်နေသည်။

ဘက်ကင်းပြီး အေးချမ်းစွာ အသက်မွေးဝမ်းကျောင်းလိုသည့် အရပ်သားပြည်သူလူထုမှာ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ်များကြောင့် နေ့စဉ်နှင့်အမျှ မလုံခြုံမှုကို ခံစားနေရသည်။

နစကအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ဆွေးနွေးခြင်းဖြင့် လုံလောက်သော အခြေအနေရှိ၊ မရှိကို လက်ရှိ ဖြစ်စဉ်များအပေါ် ချိန်ထိုးကာ စဉ်းစားဆုံးဖြတ်သင့်သည်။

လက်ရှိအချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် သေနတ်ပစ်ခတ်သံများနှင့် ဗုံးပေါက်ကွဲသံများမှာ  နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး ယင်းအချက်က ပြည်တွင်း ငြိမ်းချမ်းရေး၊ အရပ်သားလုံခြုံရေး နှင့် အလှမ်းဝေးကွာနေဆဲဖြစ်သည်ကို မီးမောင်းထိုးပြနေသည်။

Most Read

Most Recent