သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးရောဂါ
ဓာတ်ပုံ-ကြည်နိုင်
ဓာတ်ပုံ-ကြည်နိုင်
Published 1 May 2022
ဒေါက်တာလွင်သန့်

သွေးလွန်တုပ်ကွေးရောဂါဟာဒင်ဂီး (dengue) ဗိုင်းရပ်စ် ကူးစက်ခြင်းကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးပိုးသယ်ဆောင်တဲ့ ခြင်ကျား အကိုက်ခံရတာမှတစ်ဆင့် ကူးစက်ပျံ့နှံ့စေပါတယ်။ ခြင်ကျားဟာ အဖြူအစက်များပါပြီး ရေကြည်ရေသန့်မှာသာ အဓိကထားပေါက်ပွားကာ နေ့အချိန်လူအများ ကိုက်ကာရောဂါကူးစက်စေပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ အသက် ၁၅ နှစ်အောက်မှာ အများဆုံးဖြစ်ပွားတတ်ပေမဲ့ အသက်အရွယ်မရွေး၊ ကျားမ မရွေးဖြစ်ပွား လျက်ရှိပါတယ်။ ကျား၊ မ တောရောမြို့ပါ နေရာမရွေးဖြစ်တတ်ပါတယ်။ တစ်နှစ်ပတ်လုံး ရောဂါဖြစ်ပွားနိုင်ပြီး ခြင်ကျားပေါများတဲ့ မိုးရာသီမှာ အများဆုံးဖြစ်ပွားတတ်ပါတယ်။ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင် ကိုက်ခံရပြီး (၄-၆) ရက်အကြာမှာ ရောဂါလက္ခဏာပြနိုင်ပါတယ်။

သွေးလွန်တုပ်ကွေး အဖျားရောဂါမှာ ရုတ်တရက် လက်တလော အဖျားတက်လာခြင်းနဲ့အတူ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံး ကိုက်ခဲခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ မစားချင်၊ မသောက်ချင်ဖြစ်ခြင်းနဲ့ ခန္ဓာကိုယ်မှာ အနီအစက်အပြောက်များ ပေါ်လာခြင်းတို့ဖြစ်တတ်ပါတယ်။ ပုံမှန် ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးရောဂါနဲ့ ကွာခြားမှုမရှိလို့ သွေးလွန်တုပ်ကွေးမှန်း မသိကြပါဘူး။ သွေးပေါင်ချိန် အပေါ်သွေးနဲ့ အောက်သွေးကြား ငါးမိနစ်ကြာ ထားကြည့်ရင် လက်ဖျံမှာ အနီစက်၊ အစက် အပြောက်များ ပေါ်လာတတ်ပြီး အခြားစိုးရိမ်ရတဲ့လက္ခဏာ မရှိပါဘူး။ တုပ်ကွေးဖျားနေပါက သွေးလွန်တုပ်ကွေးရောဂါကို ထည့်စဉ်းစား သင့်ပါတယ်။

သွေးလွန်တုပ်ကွေး (DFH)နဲ့ သွေးလန့်ခြင်း (DSS) တို့ရဲ့စိုးရိမ်ရတဲ့လက္ခဏာတွေက  ခန္ဓာကိုယ်အတွင်း သွေးယိုစီးတဲ့အတွက်ကော်ဖီမှုန့်ရောင်၊ အညိုရောင်အဖတ်၊ အမျှင်များပါတဲ့ အရည်အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း၊ ခန္ဓာကိုယ်တွင်း သွေးခြေဥသလို အနီကွက်များပေါ်ခြင်း၊ ကိုယ်အပူချိန် ရုတ်တရက် ကျဆင်းခြင်း၊ သုံးရက်မြောက်မှာဖြစ်ခြင်း၊ ရုတ်တရက်ဗိုက်အောင့်လာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ (သို့မဟုတ်)အရမ်းမှိန်းလာခြင်း၊ ခြေဖျားလက်ဖျား အလွန်အမင်းအေးစက်ခြင်း၊ သွေးပေါင် အလွန်ကျခြင်း၊ တိုင်းတာမရအောင်ကျခြင်း၊ အပေါ်သွေး၊ အောက်သွေး ခြားနားချက်ဟာ ၂၀ မီလီမီတာမာကျူရီထက် နည်းခြင်း၊ အစာ၊  ရေမဝင်နိုင်လောက်အောင် အဆက်မပြတ် အန်ခြင်းတို့ဖြစ်ပါတယ်။ ကလေးအပူချိန်ကျ ဆင်းလို့မှိန်းရင် အိပ်နေရင်အန္တရာယ်ရှိတဲ့ အခြေအနေပဲဖြစ်ပါတယ်။

ကုသမှုနည်းလမ်းတွေက ကလေးသွေးပေါင်ချိန်မှန်မှန်ချိန်ခြင်း၊ ကလေးအခြေအနေ စောင့်ကြည့်ခြင်း၊ ကိုယ်ပူချိန်မှာ ပါရာစီတမော တိုက်ကျွေးခြင်း၊ ရေပတ်တိုက်ပေးခြင်း၊ အခြား ကိုယ်ပူကျဆေး၊ အကိုက်အခဲကျဆေးမသုံးစွဲသင့်ခြင်း၊ အဆိုပါဆေးဝါးတွေက သွေးယိုစီးမှုကို ပိုဆိုးစေခြင်းတို့ဖြစ်စေပါတယ်။

အရည်ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်လို့ ဓာတ်ဆားရည်သောက်ခြင်း၊ အသီးအနှံ ဖျော်ရည်သောက်ခြင်းတို့ ပြုလုပ်ရပါတယ်။ နို့ တိုက်မိခင်များ မိခင်နို့ဆက်လက်တိုက်ကျွေး ဖို့လိုအပ်ပါတယ်။ ဖျားနေတဲ့ကလေးကို အစား အသောက်မကျွေးခြင်းမျိုး မပြုသင့်ပါဘူး။ ကလေးစားချင်၊ သောက်ချင်စိတ်ရှိရင် ဘယ်အစာမဆို ကျွေးနိုင်ပါတယ်။

ကလေးကို အညိုရောင်အရည်(ကော်ဖီ)၊ လက်ဖက်ရည်ချောကလက်၊ မိုင်လို (အိုဗာတင်း)တိုက်ကျွေးခြင်း ရှောင်သင့်ပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးများဟာ အစာအိမ်လမ်းကြောင်းတစ်လျှောက် သွေးကြောများမှ သွေးယိုစိမ့်ပြီး အညိုရောင်အန်တတ်လို့၊ ကော်ဖီလိုအညိုရောင်အရည်တိုက် ကျွေးတဲ့အခါ ခွဲခြားရခက်တာကြောင့် ဖြစ်ပါတယ်။

ဒင်ဂီးအဖျားမှာ အောက်ဖော်ပြပါအချက်အလက်များရှိရင် ဆေးရုံတင်သင့်ပါတယ်။ ဆေးရုံနဲ့ အသွားအလာခက်တဲ့နေရာမှာ နေသူများ၊ ပို့ဆောင်ရေးခက်ခဲတဲ့ဒေသမှာနေသူများ၊ သွေးဥမွှားအရေအတွက် ၁၀၀ အောက် ကျနေသူများ၊ သွေးလန့်လက္ခဏာရှိသူများ၊ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယိုစီးတဲ့ လက္ခဏာရှိသူများ၊ အလွန်အမင်းအန်ခြင်း၊ အရည် မသောက်နိုင်ခြင်းတို့ဖြစ်နေသူများ၊ သက်ဆိုင်ရာ တာဝန်ခံဆရာဝန်မှ ဆေးရုံတက်ဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ထားသူများ ဆေးရုံ တင်သင့်ပါတယ်။

ဆေးရုံဆေးခန်းကို အချိန်မီမရောက်ရှိရင် နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အသက်ဆုံးရှုံးနိုင်ပါတယ်။ သက်ဆိုင်ရာဆေးရုံမှ တာဝန်ခံဆရာဝန်ရဲ့ ခွင့်ပြုချိန်မတိုင်သေး ဘဲဆင်းပါက ဆိုးကျိုးဖြစ်ကာ ကလေးကိုထိ ခိုက်နိုင်ကြောင်း မိဘ (သို့မဟုတ်) မိသားစုဝင်တွေ သတိပေး ပြောကြားထားသင့်ပါတယ်။ ဆေးရုံဆင်းပြီးပါက တစ်ပတ်လောက် အနားယူသင့်ပါတယ်။ ကျောင်းအလုပ်ခွင်ချက်ချင်း မလွှတ်သင့်ပါဘူး။

သွေးလွန်တုပ်ကွေးရောဂါဟာ ယနေ့အချိန်အထိ ကာကွယ်ဆေး၊ ကုသဆေးမရှိသေးတဲ့ ရောဂါပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသွေး လွန်တုပ်ကွေး ဟုတ်၊ မဟုတ်အတည်ပြုရာမှာ  ရောဂါလက္ခဏာများ၊ လူနာစမ်းသပ်မှုများနဲ့ သာ အတည်ပြုပါတယ်။ ဆိုခဲ့သလို အပေါ် သွေးနဲ့ အောက်သွေးကြား အလယ်မှတ်မှာ ငါးမိနစ်ကြာ သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ စမ်းသပ်ကြည့်ရင် လက်ဖျံမှာ အနီ၊ အစက် အပြောက် ပေါ်လာခြင်းရှိ၊ မရှိစစ်ဆေးခြင်းဖြစ်ပါတယ်။

ကာကွယ်နှိမ်နင်းရေးလုပ်ငန်းက အကောင်းဆုံး ရောဂါကာကွယ်နည်းလမ်းပဲ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါများကို လက္ခဏာများကို ကျန်းမာရေးအသိပညာပေးခြင်း၊ မသွန်နိုင်၊ မလှဲနိုင်တဲ့ ရေဆည်၊ ရေကန်များမှာ ပိုးလောက်လန်းသတ်ဆေး (abate)ဆေးခတ်ခြင်း၊ ကျောင်းများမှာ သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနဲ့ ခြင်ကျားကင်းစင်တဲ့ ကျောင်းများ ထူထောင်ခြင်း၊ ခြင်မကိုက်အောင် မြက်၊ ချုံဖုတ်၊ အရိပ်များနေပါက အလင်းဖွင့်ခြင်း၊ ပိုးလောက်လန်းစစ်ဆေးခြင်း၊ ရေများ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်စေခြင်း၊ စနေ၊ တနင်္ဂနွေရက်များမှာ အိမ်တွင်းဆောင်ရွက်ပြီး တနင်္လာနေ့မှာ ကျောင်းမှာတင်ပြခြင်း၊ ကျောင်းမှာ တစ်ပတ်တစ်ကြိမ် နာရီဝက်အချိန်ပေးကာ ပိုးလောက်လန်းရှာဖွေစေခြင်း၊ ရေလှယ်ခြင်း၊ သွန်ခြင်း၊ တစ်ပတ်အတွင်း နောက်ဆုံး ကျောင်းတက်ရတဲ့နေ့ (သောကြာ)မှာ သောက်ရေအိုးနဲ့ အခြားအိုးများ ပွတ်တိုက်ဆေးကြောကာ ကျောင်းပိတ်ရက်မှာ မှောက်ထားခြင်း ပြုသင့်ပါတယ်။

တစ်ဦးချင်း လုပ်ဆောင်သင့်တာက ခြင်ကိုက်မခံရအောင် အကျႌလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ပြီး အိပ်တဲ့အခါတိုင်း၊ နေ့ည မရွေး ခြင်ထောင်နဲ့အိပ်ခြင်း၊ ဖြစ်နိုင်ရင် ခြင်ဆေးစိမ်ခြင်ထောင်နဲ့ အိပ်စက်ခြင်း၊ ခြင်မကိုက်ဆေးလိမ်းခြင်း၊ အိမ်များမှာ ခြင်လုံဆန်ခါ တပ်ဆင်ခြင်းပြုလုပ်သင့်ပါတယ်။ ခြင်ဆေး ခွေထွန်းခြင်း၊ မီးခိုးမှိုင်းတိုက်ခြင်း၊ ခြေဆေး စပရေးဖျန်းခြင်းတို့မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားနိုင်လို့ မပြုလုပ်သင့်ပါဘူး။

သွေးလွန်တုပ်ကွေးရောဂါဟာ ရောဂါပိုးရှိတဲ့ ခြင်ကျားကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခြင်းပဲဖြစ်ပါတယ်။ အကောင်းဆုံးကာကွယ်နည်းမှာ ခြင်ကျားမကိုက်အောင်နေထိုင် ခြင်း၊ ခြင်ကျား မပေါက်ပွားနိုင်အောင်ပြုလုပ် ခြင်းတို့ ဖြစ်ပါတယ်။ မိုးရာသီသာမက ဘယ်အချိန်မဆို ကလေးဖျားနာရင်၊ သွေးလွန်တုပ် ကွေးအန္တရာယ်ကို သတိပြုသင့်ပါတယ်။ အသက်အန္တရာယ်ရှိရောဂါဖြစ်ပေမဲ့ အလွယ်တကူကာကွယ်နိုင်လို့ သွေးလွန်တုပ်ကွေးသံ သယရှိပါက ဆေးရုံဆေးခန်းတွေမှာ ချက်ချင်း ပြသသင့်ပါတယ်။

သွေးလွန်တုပ်ကွေးဟာ ယခင်ဖြစ်ဖူးတဲ့သူများ၊ နောက်တစ်ခါဖြစ်ရင် ပိုဆိုးတတ်တာကြောင့် အထူးသတိထားဖို့  လိုအပ်ပါတယ်။ ရောဂါတစ်ခုတည်းမှာပင် နှစ်ခါပြန်ဖြစ်နိုင်တဲ့အတွက် ပထမတစ်ခါဖြစ်ပြီးလို့ သဘောထားပြီး ပေါ့ဆမရတဲ့ရောဂါဖြစ်ပါတယ်။ နေအိမ်မှာ  ရေတင်ကျန်နိုင်တဲ့ စွန့်ပစ်ပစ္စည်းအားလုံးကို စနစ်တကျစွန့်ပစ်သင့်ပါတယ်။ အိမ်ပတ်ဝန်းကျင်မှာ ခြင်မခိုအောင်းနိုင်အောင် တာယာဟောင်း၊ ပန်းကန်ကွဲဟောင်း၊ အုန်းမုန့်ခွက် ဟောင်း၊ သံဘူးဟောင်းတို့ ရေမဝင်အောင် စနစ်တကျ စွန့်ပစ်သင့်ပါတယ်။ အိမ်ပတ်ဝန်းကျင် သန့်ရှင်းသင့်ပါတယ်။ ရေစည်ရေအိုးများ ဖုံးအုပ်ထားသင့်ပါတယ်။ ပိုးလောက်လန်းစစ်ဆေးဖို့ လာရောက်တဲ့အဖွဲ့နဲ့ ပူးပေါင်းကာ ခြင်ဆေးဖျန်းခြင်း (DDT, Malathion) ဖျန်းခြင်း ဆောင်ရွက် လုပ်ကိုင်သင့်ပါတယ်။

Most Read

Most Recent