ဆတိုးသွင်းအားစုစျေးနှုန်း အဆမတန်မြင့်တက်မှု အညာတောင်သူတို့ အဆင်ပြေပါ့မလား

ဆတိုးသွင်းအားစုစျေးနှုန်း အဆမတန်မြင့်တက်မှု အညာတောင်သူတို့ အဆင်ပြေပါ့မလား
အညာဒေသ စိုက်ပျိုးရေးလုပ်ငန်းခွင်ကို တွေ့ရစဉ်
အညာဒေသ စိုက်ပျိုးရေးလုပ်ငန်းခွင်ကို တွေ့ရစဉ်
Published 1 May 2022
သက်ထိန်ဝင်း (ပခုက္ကူ)

နှမ်းစမုန်နက် တစ်တင်း ကျပ် ၆၀၀၀၀ ကျော်ကနေ ကျပ် ၈၀၀၀၀ ဝန်းကျင်၊ မြေပဲဆီ တစ်ပိဿာ ကျပ် ၈၀၀၀ လောက် ပေါက်စျေးရှိတော့ စျေးကောင်းတယ်လို့ ဆိုရပါမယ်။ နှမ်း စိုက်တောင်သူတို့ အဆင်ပြေမယ့် စျေးနှုန်း၊ မြေပဲစိုက်တောင်သူတွေ အဆင်ပြေမယ့် စျေးနှုန်းလို့ ထင်စရာရှိပေမဲ့ တကယ့်လက်တွေ့မှာ တောင်သူတို့ အမြတ်ကျန်ဖို့ မလွယ်လှပါဘူး။ သီးနှံစျေးမြင့်ပေမဲ့ စိုက်ပျိုးလုပ်ငန်းသုံး သွင်းအားစုစျေးတွေကလည်း ရပ်တန့်မနေပါဘူး။  လေးဆ ငါးဆလောက်အထိ ခုန်တက်လာတော့ တောင်သူတွေအဖို့ ပေးကားပေး၏ မရရှာဘူး ဆိုသလိုပါပဲ။

နှမ်းတစ်တင်း နှစ်သောင်းကျော် သုံးသောင်း စျေးတက်သလို ဆီတစ်ပိဿာ သုံးထောင်လောက် စျေးတက်ပါတယ်။ သို့ပေမဲ့ သွင်းအားစုတက်စျေးက သီးနှံစျေးတက်တာထက်ပိုပြီး အတက်ကြမ်းပါတယ်။ တောင်သူ အများစုသုံးတဲ့ ပုလဲမြေဆီတစ်အိတ် ကျပ် နှစ်သောင်းကျော်ကနေ တစ်သိန်းကျော်အထိ စျေးတက်သွားသလို အခြားအပင်ဖြစ်အား ဆေးတွေလည်း တစ်အိတ် သုံးသောင်းခွဲစျေး ကနေ ရှစ်သောင်းခွဲလောက်အထိ စျေးတက်သွားပါတယ်။ တောင်သူတွေ သီးနှံကရတဲ့ ငွေထက် စိုက်စရိတ်က ပိုကြီးပိုမြင့်လာတော့ အခက်အခဲတွေလည်း ရှိလာပါတယ်။

နှမ်းတစ်တင်း ကျပ်ငါးသောင်းဝန်းကျင်၊ မြေပဲဆီတစ်ပိဿာ ကျပ်ငါးထောင်ဝန်းကျင်တုန်းက တောင်သူများ သီးနှံရောင်းပြီးတာနဲ့ မြေဆီ ၁၀ အိတ်လောက် ဝယ်စုထားနိုင်ပါတယ်။ မြေဆီတစ်အိတ် နှစ်သောင်းခွဲဆိုတော့ ၁၀ အိတ်ဝယ်ပါမှ နှစ်သိန်းခွဲပဲကျပါတယ်။ ဒီနှစ် နှမ်းတစ်တင်း ကျပ်ခြောက်သောင်းကနေ ကျပ်ရှစ်သောင်း၊ မြေပဲဆီတစ်ပိဿာ ကျပ် ၈၀၀၀ လောက်အထိ ရောင်းရပေမဲ့ မြေဆီ  သုံးအိတ် ဝယ်နိုင်ဖို့တောင် မလွယ်ပါဘူး။ မြေ ဆီတစ်အိတ် တစ်သိန်းကျော်ဆိုတော့ သုံး အိတ်ဝယ်မယ်ဆိုရင်ကို ကျပ် လေးသိန်းဝန်းကျင် ကုန်ကျနေပါပြီ။

“ကျွန်တော်တို့ တောင်သူတွေက သီးနှံ ရောင်းပြီးဆိုတာနဲ့ နောက်နှစ်အတွက်စားဖို့  ဆန်၊ စိုက်ဖို့ မြေဆီဆိုတာ ကြိုဝယ်ရတာ။ စိုက်မယ်ဆိုမှ မြေဆီ ထဝယ်လို့မရဘူး။ ကြိုစုရတာ။ မြေဆီ ၁၀ အိတ်ကုန်မယ်ဆိုရင် အနည်းဆုံး ငါးအိတ်လောက်တော့ ဝယ်ထားရတာ။ အရင်တုန်းက နှမ်းစျေးမကောင်းဘူးဆိုတာတောင် မြေဆီက ခုနစ်လုံးလောက်တော့ ဝယ်နိုင်တယ်။ ဒီနှစ် မြေဆီစျေးက အတော်တက်တယ်။ အရင် နှစ်သောင်းခွဲတန်က အခုတစ် သိန်းနှစ်သောင်း ။ ငါးဆ ခြောက်ဆလောက် အထိ တက်သွားတယ်”ဟု မြိုင်မြို့နယ်မှ တောင်သူ ကိုဖိုးကျော်က ပြောပါတယ်။

တောင်သူတွေအနေနဲ့ စိုက်ပျိုးလုပ်ကိုင်တဲ့နေရာမှာ အဆင်ပြေဖို့ဆိုရင် သီးနှံအထွက် ကောင်းရမယ်။ သီးနှံစျေးကောင်း ရရပါမယ်။ အချို့နှစ်တွေမှာ ရာသီဥတုက မိုးနည်းလို့ဖြစ်စေ မိုးများလွန်းလို့ဖြစ်စေ သီးနှံအထွက်လျော့ပြီး အဆင်မပြေတာတွေ ကြုံရပါတယ်။ သီးနှံအထွက်ကောင်းသော်လည်း စျေးကျတာမျိုးလည်း ကြုံရပါတယ်။ လက်ရှိမြေဆီစျေး အဆမတန်မြင့်တက်မှုက တောင်သူတွေအတွက် ပိုပြီးခက်ခဲစေပါတယ်။ စိုက်ပျိုးပြီးလို့ မိုးမကောင်း အထွက်မကောင်းလို့  ပျက်စီးမှုကြုံရင် စိုက်စရိတ်ဆုံးရှုံးမှုက ယခင်ထက် အများကြီးပိုမှာပါ။

နှမ်းစျေး၊ မြေပဲစျေးနဲ့ အခြားသော သီးနှံစျေးတွေ မြင့်တက်နေတယ်ဆိုပေမဲ့ ဒေါ်လာစျေးနှုန်းမြင့်ပြီး ကျပ်ငွေတန်ဖိုးကျဆင်းလို့ သီးနှံစျေးတွေ တက်လာတာလို့ ကုန်သည်တွေက သုံးသပ်ပါတယ်။ ဝယ်လိုအားဝယ်ယူမှု နိုင်ငံတွေက ထူးပြီး ပြောင်းသွားတာမရှိဘဲ သီးနှံစျေးတက်တဲ့ အဓိကအကြောင်းရင်းက ငွေစျေးနှုန်းကြောင့်ပါ။ ဒေါ်လာစျေးမြင့်တက်မှုကြောင့် ကုန်စျေးနှုန်းတွေ တက်တယ်ဆိုပေမဲ့ မြေဆီစျေးကတော့ ထူးထူးခြားခြားကို စျေးမြင့်လွန်းတယ်လို့ ကုန်သည်တွေက သုံးသပ်ပါတယ်။ လက်ရှိမြေဆီစျေးက တောင်သူတွေအတွက် အခက်အခဲဖြစ်စေတယ်လို့လည်း သုံးသပ်ကြပါတယ်။

“တောင်သူ စိုက်ချိန်ရောက်ရင် စိုက်စရိတ်အကုန်လုံး မရင်းနိုင်ဘူး။ တချို့တစ်ဝက်ကို ကြိုဝယ်ထားရတာ။ လိုတဲ့ မြေဆီတို့ အပင်ဖျန်းဆေးတို့ကို သီးနှံပေါ်ချိန်ပေးမယ် ဆိုပြီး အကြွေးဝယ်ရတာ။ အကြွေးဝယ် မရဘူးဆိုရင် ရွာထဲတင် အပြင်တိုးရှာရတယ်။ တချို့လည်း စုထားတဲ့ ရွှေလေးပေါင်ပြီး စိုက်စရိတ် လုပ်ရတယ်။ နှစ်တိုင်း တောင်သူက ဒီလိုနည်း နဲ့ ဖြေရှင်းတာလာဆိုပေမဲ့ ဒီနှစ် မြေဆီစျေး ကတော့ ဘယ်လိုလုပ်ရမယ် မသိဖြစ်နေတာ” ဟု ပခုက္ကူမြို့နယ်မှ တောင်သူကိုသက်ဝင်းက ပြောပါတယ်။

ခန့်မှန်းရခက်တဲ့ ရာသီဥတု အခြေအနေတွေ၊ မြေဆီစျေးကြီးလွန်းတဲ့ အခြေအနေတွေ ကြောင့် တချို့တောင်သူတွေက မြေဆီအသုံးပြုမှု များတဲ့ နှမ်းသီးနှံကို လျှော့စိုက်ဖို့ ပြင်ဆင်နေသလို တချို့လည်း မြေဆွေးတို့၊ နွားချေးတို့ သုံးပြီး စိုက်ပျိုးဖို့ စီစဉ်နေကြပါတယ်။ တချို့လည်း မြေဆီစျေးကြီးပေမဲ့ စွန့်စားပြီး စိုက်ဖို့ ပြင်ဆင်သူတွေလည်း ရှိပါတယ်။

“မြေဆီစျေးကြီးတော့ မန်ကျည်းရွက် ဆွေးတို့၊ နွားချေး၊ ဆိပ်ချေးတို့ဝယ်ပြီး ယာထဲထည့် ထည်ရေးဝင်ထားတယ်။ ကျွန်တော်တို့ကတော့ နှမ်းစိုက်တော့ စိုက်မယ်။ လျှော့စိုက်မယ်။ နှမ်းက စျေးကောင်းတယ်ဆိုပေမဲ့  မြေဆီ များများထည့်စိုက်ရတော့ လက်ရှိမြေဆီစျေးနဲ့ အများကြီး မစိုက်ရဲဘူး။ စျေးလည်း ပြန်ကောင်း၊ မြေဆီလည်း သိပ်မလိုတဲ့ ပဲစင်းငုံတော့ ပြန်စိုက်မယ်။ တော်တော်များများ ဒီနှစ် ပဲစင်းငုံ ပြန်စိုက်ကြမှာပါ”လို ့ မြိုင်မြို့နယ်မှ တောင်သူ ကိုစိုးဝင်းက ပြောပါတယ်။

မြေဆီစျေးနှုန်း မြင့်တက်မှုတွေကြောင့် လတ်တလော အကျိုးအမြတ်ခံစားရမှု လျော့ကျခဲ့တဲ့ တောင်သူတွေ ရှိပါတယ်။ လက်ရှိစျေးကွက်ထဲကို ကြက်သွန်တောင်သူတွေ လာရောက်ရောင်းချနေကြပြီး စျေးနှုန်းကတော့ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၇၀၀ ဝန်းကျင် ရှိပါတယ်။ လက်ရှိပေါက်စျေးဟာ ပုံမှန်နှစ် တွေမှာဆိုရင် တောင်သူ အမြတ်ရတဲ့ နှစ်ပါ။ သို့ပေမဲ့ မြေဆီစျေးနှုန်း မြင့်တက်တော့ စိုက်စရိတ်ပါ မြင့်တက်လာပြီး ပုံမှန် တစ်ပိဿာ အရင်း ကျပ် ၃၀၀ က ဒီနှစ် ကျပ် ၅၀၀ လောက် ရောက်သွားပါတယ်။

“ကြက်သွန်စျေးက မကောင်းတော့ ကျွန်းတောင်သူရော၊ ချောင်းစိုက်သမားရော ဘယ်သူမှ အဆင်မပြေဘူး။ အဓိကက မြေဆီ စျေးကြီးလွန်းတာကြောင့်ပဲ။ တောင်သူက အသေးရော အကြီးရော ထုတ်လုပ်မှုစရိတ် တစ်ပိဿာ ၅၀၀ လောက် အနည်းဆုံး ကုန်တယ်။ ဒါပေမဲ့ စျေးက မကောင်းဘူး။ တချို့ ရက်တွေဆိုရင် တစ်ပိဿာ ကျပ် ၄၀၀ ကျော်ရှိ တာ။ အခုရက်ပိုင်းမှ ထိပ်စတစ်ပိဿာ ၇၀၀ လောက် ဖြစ်သွားတာ။ တောင်သူက အကြီးစမြတ်တယ်ဆိုရင်တောင် အသေးစတွေက တစ်ပိဿာ ကျပ် ၂၀၀ လောက်အထိရှိတော့ ရှုံးနေပြီ။ အကုန်လုံးပြန်တွက်ရင် တောင်သူက ရှုံးတယ်။ သွင်းအားစုစျေးကြီးတာကတော့ တောင်သူအတွက် အတော်ကိုထိတယ်”လို့ ပေါက်မြို့နယ်မှ တောင်သူ ကိုဖိုးတိုးက ပြောပါတယ်။

ရာသီဥတု၊ သီးနှံအထွက်နှုန်းကို ပူပန်ရ၊ သီးနှံစျေးကောင်းဖို့ ပူပန်ရတဲ့ တောင်သူတွေအတွက် နောက်ထပ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတာက မြေဆီစျေးနှုန်းကြီးမြင့်မှု၊ တာဝန်ရှိသူတွေ အနေနဲ့ တောင်သူများ အဆင်ပြေစေဖို့ဆိုရင် လက်ရှိမြေဆီစျေးတွေသည် ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းတွေလားဆိုတာကို စိစစ်ဖို့ လိုအပ်ပြီး တောင်သူများ လက်လှမ်းမီတဲ့ မြေဆီ စျေးနှုန်းဖြစ်အောင် ဆောက်ရွက်ဖို့ လိုအပ်နေပါတယ်။

Most Read

Most Recent