တရုတ်-မြန်မာနှင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ကုန်သွယ်မှုဆောင်ရွက်နေသည့် လုပ်ငန်းရှင်များ တစ်ရက်အတွင်း ဒေါ်လာမှကျပ်ငွေလဲလှယ်မှု ကင်းလွတ်ခွင့်ပြု

တရုတ်-မြန်မာနှင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ကုန်သွယ်မှုဆောင်ရွက်နေသည့် လုပ်ငန်းရှင်များ တစ်ရက်အတွင်း ဒေါ်လာမှကျပ်ငွေလဲလှယ်မှု ကင်းလွတ်ခွင့်ပြု
မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန် တစ်နေရာကို တွေ့ရစဉ်
မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန် တစ်နေရာကို တွေ့ရစဉ်
Published 28 April 2022

တရုတ်-မြန်မာနှင့် ထိုင်း-မြန်မာနှစ် နိုင်ငံနယ်စပ်တွင် ကုန်သွယ်မှုဆောင်ရွက်နေသည့် လုပ်ငန်းရှင်များ တစ်ရက်အတွင်း ဒေါ်လာမှကျပ်ငွေလဲလှယ်မှုမှ ကင်းလွတ်ခွင့်ပြုကြောင်း ဧပြီ ၂၆ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)အရ နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၁၁၊ ပုဒ်မ- ၁၂၊ ပုဒ်မ-၁၃ ပါသတ်မှတ်ပြဋ္ဌာန်ချက်များအရ ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော ဝင်ငွေများကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေ စာရင်းဖွင့်လှစ်၍ အလုပ်လုပ်ရက်တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချရမည်ဖြစ်ကြောင်း ဧပြီ ၃ ရက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ရည်ညွှန်းချက်ပါ အမိန့်ကြော်ငြာစာတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး နှင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အစီအ စဉ်အောက်မှဆောင်ရွက်လျက်ရှိသည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ အကျုံးဝင်ပါဝင်ခြင်း မရှိကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေး အစီအစဉ်အောက်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် ဘဏ်လုပ်ငန်းဆောင်ရွက်ချက် များကို (က) သွင်းကုန်လုပ်ငန်းရှင်များ၏ သွင်းကုန်အတွက် ငွေပေးချေရာတွင် နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီသို့ တင်ပြခွင့်ပြု ချက်ရယူစရာမလိုဘဲ နိုင်ငံခြားငွေဖြင့် ပေးချေမှုများကို Designated Bank ဘဏ်များအနေဖြင့် ဆောင်ရွက်ပေးရန်ဖြစ်သည်။

(ခ) ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့်စည်းမျဉ်းတို့ပါ သတ်မှတ်ပြဋ္ဌာန်း ချက်များအတိုင်း ပို့ကုန်ရငွေများကို နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရေး စိစစ်ဆောင် ရွက်ရန်ဖြစ်သည်။

(ဂ) နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များ အသီးသီးသို့ ပို့ကုန်ရငွေများ ဝင်ရောက် ပြီးနောက် ပို့ကုန်တင်ပို့သူသည် အဆိုပါရငွေကို တစ်လအတွင်း မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်းနှင့် ဘဏ်သို့ရောင်းချခြင်းတို့ကို ဆောင် ရွက်နိုင်ပြီး သုံးစွဲရန်ကျန်သည့်ငွေကို သက်ဆိုင်ရာဘဏ်သို့ မပျက်မကွက် ရောင်းချရန်၊ (AD လိုင်စင်ရဘဏ်က ပို့ကုန်ရငွေဝင်ရောက်ပြီး တစ်လပြည့်မြောက်သည့်နေ့တွင် လက်ကျန်ပို့ကုန်ရငွေကို ကျပ်ငွေဖြင့် ပြောင်းလဲရယူရန်)ဖြစ်သည်။

(ဃ) တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး အစီအစဉ်အောက်မှ ဆောင်ရွက်လျက်ရှိ သည့် နိုင်ငံခြားငွေဆိုင်ရာ ဆောင်ရွက်ချက် များနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေစီမံခန့် ခွဲမှုဌာနသို့ Electronic Reporting System(ERS)၏ Border Trade Module အား အသုံးပြု၍ မပျက်မကွက်ဆက်လက် သတင်းပို့ရန် ဖြစ်သည်။

MIC ခွင့်ပြုထားသည့် FDI လုပ်ငန်း၊ အထူးစီးပွားရေးဇုန်များအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ နိုင်ငံပိုင်/နိုင်ငံသားပိုင် အ ပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းလုပ်ငန်းများ အပါအဝင် အဖွဲ့အစည်းခုနစ်ခုမှ ရရှိ သောနိုင်ငံခြားဝင်ငွေများကို တစ်ရက်အတွင်း ကျပ်ငွေလဲလှယ်ရောင်းချခြင်းမှ ကင်းလွတ်ခွင့်ပြုကြောင်း ဧပြီ ၂၀ ရက်တွင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။

 

 

Most Read

Most Recent