ပခုက္ကူဒေသတစ်ဝိုက် တောင်သူများ ဧပြီလကုန်ပိုင်းရောက်သော်လည်း  မိုးရွာသွန်းခြင်းမရှိသည့်အတွက် သီးနှံစိုက်ချိန်နောက်ကျမည်ကို စိုးရိမ်နေ

ပခုက္ကူဒေသတစ်ဝိုက် တောင်သူများ ဧပြီလကုန်ပိုင်းရောက်သော်လည်း  မိုးရွာသွန်းခြင်းမရှိသည့်အတွက် သီးနှံစိုက်ချိန်နောက်ကျမည်ကို စိုးရိမ်နေ
Published 25 April 2022
သက်ထိန်ဝင်း

ပခုက္ကူ    ဧပြီ ၂၅

ပခုက္ကူဒေသတစ်ဝိုက် တောင်သူများ မိုးဦးသီးနှံစိုက်ပျိုးရန် ပြင်ဆင်ထားသော်လည်း ဧပြီလကုန်ပိုင်းရောက်သည်ထိ မိုးရွာသွန်းခြင်းမရှိသည့်အတွက် မိုးဦးသီးနှံစိုက်ချိန် နောက်ကျမည်ကို စိုးရိမ်နေကြောင်း တောင်သူများထံမှ သိရသည်။

ပခုက္ကူဒေသတစ်ဝိုက်တွင် မိုးဦးသီးနှံအား ပဲတီစိမ်း၊ ပဲစင်းငုံနှင့် နှမ်းတို့အား အဓိကထားစိုက်ပျိုးကြပြီး ယခုဧပြီလကုန်ပိုင်းမှ မေလလယ်အတွင်း မိုးရွာသွန်းမှသာ အချိန်မီစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

“တောင်သူအတော်များများက ထည်ရေးဝင်ပြီးကြပြီ။ မိုးရွာတာနဲ့ တန်းစိုက်ရုံပဲ။ ပြီးခဲ့တဲ့ မတ်လလယ်လောက်က မိုးတစ်ခါရွာပြီး ထပ်မရွာတော့ဘူး။ အဲဒီတုန်းက နှမ်းနည်းနည်းစိုက်လိုက်သေးတယ်။ မိုးထပ်မရွာတာရယ် အပူချိန်မြင့်လာတာရယ်နဲ့ အဆင်မပြေလိုက်ဘူး။ ပုံမှန်ဆိုရင် သင်္ကြန်ပြီး မိုးရွာတာနဲ့ စိုက်ကြတာ။ ဒီလကုန်လောက်ရွာရင်တော့ စိုက်ရတာ အဆင်ပြေတယ်။ ခုနေမိုးရွာထားရင်တော ့တောင်သူက စိတ်အေးရတာပေါ့” ဟု မြိုင်မြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် စိုက်ပျိုးရာသီတွင် ဧပြီလနှင့် မေလဆန်း မိုးဦးရွာသွန်းပြီးနောက် ဇွန်လကုန်ပိုင်းထိ မိုးထပ်မံမရရှိတော့ဘဲ ဇူလိုင်လဆန်းပိုင်းမှသာ မိုးပြန်လည်ရွာသွန်းခဲ့ပြီး တောင်သူများ အဆင်ပြေခဲ့ကြောင်း သိရသည်။

“မနှစ်က ပဲပင်တွေ ၀ါနေပြီး ပျက်စီးပြီ ထင်ထားတုန်း မိုးရွာလို့ အခြေအနေကောင်းသွားတာ။ ဒီနှစ်တော့ မိုးကဘယ်လိုလာမယ် မသိသေးဘူး။ ခုထိမိုးမရသေးဘူး။ တောင်သူကတော့ ဒီနှစ် မြေသြဇာစျေးကောင်းတဲ့အတွက် အတော်စဉ်းစားပြီး စိုက်ရမယ်။ မြေသြဇာသိပ်မထည့်ရတဲ့ ပဲစင်းငုံကတော့ သေချာပေါက် ပြန်စိုက်မယ်။ ခုနေမိုးရွာရင်တော့ စိုက်ပြီ” ဟု တောင်သူ ကိုစိုးဝင်းကျော်က ပြောကြားသည်။

ယခုနှစ် သီးနှံစျေးကွက်တွင် မြေပဲ ၊ နှမ်းနှင့် ပဲစင်းငုံစျေးများ ပြန်လည်ကောင်းမွန်ခဲ့ပြီး မြေသြဇာစျေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် တောင်သူများ အခက်အခဲကြုံတွေ့ ရကြောင်း သိရသည်။           

Most Read

Most Recent