မြဝတီဒေါနတောင်ကျော်လမ်းမှ ယာဉ်အသွားလာ ရပ်ဆိုင်းထားရခြင်းကြောင့် မြန်မာ့ပို့ကုန် နေစဉ် သိန်းထောင်ချီ ဆုံးရှုံးနေဟုဆို

မြဝတီဒေါနတောင်ကျော်လမ်းမှ ယာဉ်အသွားလာ ရပ်ဆိုင်းထားရခြင်းကြောင့် မြန်မာ့ပို့ကုန် နေစဉ် သိန်းထောင်ချီ ဆုံးရှုံးနေဟုဆို
Published 29 March 2022

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသော မြဝတီ ဒေါနတောင်ကျော်လမ်းတွင် မတ်၂၇ ရက်မှစကာ ယာဉ်အသွားလာ ရပ်ဆိုင်းထားရခြင်းကြောင့် မြန်မာ့ပို့ကုန် နေစဉ်သိန်းထောင်ချီဆုံးရှုံးနေရကြောင်း နယ်စပ်ကုန်သည်များထံမှသိရသည်။

ထိုင်းနိုင်ငံနှင့်ကုန်သွယ်မှုအများဆုံးဖြစ်သော မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တဆင့် ထိုင်းနိုင်ငံသို့ကုန်တင်ပို့ရန်နှင့် ၊ပြည်တွင်းသို့တင်သွင်းရန် အပြင် လူစီးကားများအပါအဝင် နေစဉ်မော်တော်ယာဉ်ကြီးငယ် တစ်ထောင်ကျော်မှာ ဒေါနတောင်ကျော်အာရှလမ်းမှသွားလာနေကြရာမှ မတ်လ ၂၇ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းထားရခြင်းဖြစ်သည်။

ယင်းကဲ့သို့ နယ်စပ်ကုန်သွယ်လမ်းကြောင်းတွင် ပစ်ခတ်မှုများကြောင့် ယာဉ်အသွားအလာ မရသည့်အတွက် မြန်မာလယ်ယာထွက်ကုန်များ ပုတ်သိုး ပျက်စီး ဆုံးရှုံးမှုမှာ တစ်နေ့လျှင် သိန်းထောင်ဂဏန်းထိရှိသည်ဟု နယ်စပ်ကုန်သည်တစ်ဦးကပြောသည်။

"မြဝတီကနေ ထိုင်းဘက်ကိုပို့တဲ့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းတွေဖြစ်တဲ့ ငရုပ်သီးအစိုတွေ၊မြေပဲ၊ ကြက်သွန်တွေက ကြာကြာထားလို့မရဘူး၊ ကြက်သွန်တွေက ဗီယက်နမ်၊လာအိုနိုင်ငံထိပို့တာ၊ ငရုပ်သီးအစိုတွေဆိုလည်း အအေးခန်းနဲ့လာရတာ၊ခုလိုရက်ကြာတော့ စောင့်နေရတဲ့ကော့ကရိတ်မှာ ပုတ်လို့ပစ်လိုက်ရတာတွေရှိတယ်။ ရေသယံဇာတ ဖြစ်တဲ့ ငါး၊ပုဇွန်တို့ ဆိုရင် ပိုဆိုးတာပေါ့ ၊ရေခဲရ်ိုက်ပြီးတော့ နေချင်းအရောက်လာရတာပါ။ခုကနေချင်းမရောက် တော့ဆုံးရှုံးမှုတွေဖြစ်တာပေါ့။တစ်နေ့ကို ဆုံးရှုံးမှုက ကျပ်သိန်းထောင်ကျော်ရှိမယ်လို့ခန့်မှန်းပါတယ်"ဟုနယ်စပ်ကုန်သည်တစ်ဦးကပြောသည်။

မြန်မာ့လယ်ယာထွက်ကုန်ပြောင်းဆန်များမှာလည်း ကုန်ပစ္စည်းသယ်ယူ၍မရသလို ထိုင်းဘက်ကလည်း ဝယ်လက်နည်းနေခြင်းကြောင့် ပြောင်းစျေးကွက် ယိုင်နဲ့လာသည်ဟုဆိုသည်။

ပြည်တွင်းစျေးကွက်သို့တင်သွင်းသည့်အချိုရည််နှင့် စားသောက်ကုန်များအား လိုင်စင်ဖြင့်သာတင်သွင်းရန် လွန်ခဲ့သောနှစ်လက ကန့်သတ်လိုက်ခြင်းကြောင့် တင်သွင်းမှုလျော့ကျလာသော်လည်း အိမ်ဆောက်ပစ္စည်း သံ၊သွတ်၊ဘိလပ်မြေ နှင့် အခြားအရေးတကြီး လိုအပ်သောပစ္စည်းများသာ တင်သွင်းကြသည်ဟုဆိုသည်။

ကုန်တင်ယာဉ်အစီး၃၀၀ ခန့် ပြည်တွင်းသို့ နေ့စဉ် တင်သွင်းနေသော အဆိုပါ ဒေါနတောင်ကျော် ကုန်သွယ်လမ်းတွင် မတ်လ ၂၇ ရက်မှစ၍ အသွားအလာ ရပ်တန့်နေရေပြီး ပြန်ဖွင့်မည့်ရက်ကို စောင့်ဆိုင်းနေရကြောင်း သိရသည်။

Most Read

Most Recent