ရာခိုင်နှုန်းယူ၍ ငွေသားလဲလှယ်ခြင်းများ ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်းများအနက် ကုမ္ပဏီ/လုပ်ငန်း ၈၈၂ ခုကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြုခြင်း

ရာခိုင်နှုန်းယူ၍ ငွေသားလဲလှယ်ခြင်းများ ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်းများအနက် ကုမ္ပဏီ/လုပ်ငန်း ၈၈၂ ခုကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြုခြင်း
ကိုဗစ်-၁၉ ချေးငွေ ပဏာမစိစစ်ရေးဆောင်ရွက်နေမှုကို ယခင်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ-ကုန်စည်စက်မှုအသင်းချုပ်)
ကိုဗစ်-၁၉ ချေးငွေ ပဏာမစိစစ်ရေးဆောင်ရွက်နေမှုကို ယခင်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ-ကုန်စည်စက်မှုအသင်းချုပ်)
Published 28 March 2022

၂၀၂၂ ခုနှစ် မတ် ၂၄ ရက်တွင် ပြည်တွင်းရွှေစျေးအနေဖြင့် ၁၆ ပဲ ရည် အခေါက်ရွှေစျေးမှာ ကျပ် ၂၀၅၀၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ၁၅ ပဲရည် ရွှေစျေးမှာ ကျပ် ၁၉၂၉၅၀၀ ဝန်းကျင်ရှိခဲ့သည်။

ပြည်တွင်းရွှေစျေးအနေဖြင့် မတ် ၂၁ ရက်တွင် ၁၆ ပဲရည်အခေါက်ရွှေစျေးမှာ ကျပ် ၂၀၁၉၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ၁၅ ပဲ ရည် ရွှေစျေးမှာ ကျပ် ၁၉၀၀၅၀၀ ဝန်းကျင် ရှိခဲ့သည်။

မတ် ၂၂ ရက်တွင် ၁၆ ပဲရည်အခေါက်ရွှေစျေးမှာ ကျပ် ၂၀၂၆၀၀၀ ဝန်းကျင်၊ ၁၅ ပဲရည်ရွှေစျေးမှာ ကျပ် ၁၉၀၇၀၅၀၀ ဝန်းကျင်ရှိခဲ့သည်။ မတ် ၂၃ ရက်၌ ၁၆ ပဲရည်အခေါက် ရွှေစျေးမှာ ကျပ် ၂၀၃၀၀၀၀ ဝန်းကျင်၊ ၁၅ ပဲရည်ရွှေစျေးမှာ ကျပ် ၁၉၁၀၅၀၀ ဝန်းကျင်ရှိခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ကျပ်  ၂၂၅၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းမှာ စက်တင်ဘာ ၂၉ ရက် တွင် ပြန်လည်ကျဆင်းခဲ့ပြီး ကျပ် ၂၀၇၀၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့သည်။ စက်တင်ဘာ ၂၉ ရက်တွင် ပြည်တွင်းရွှေစျေးမှာ ၁၆ ပဲရည်အခေါက်ရွှေစျေးနှုန်းမှာ ၂၀၇၀၀၀၀ ဝန်းကျင်နှုန်းဖြင့် စျေးပိတ်ခဲ့သည်။

စက်တင်ဘာ ၂၈ ရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၅၁ ဝန်း ကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ တစ်ရက်အတွင်း ကျပ်နှစ်သိန်းကျော် ခုန်တက်ကာ ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်သို့ စံချိန်တင်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာ ၂၈ ရက် တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၂၂၅၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၂၀၁၄၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ သြဂုတ် ၁၃ ရက် တွင် ကျပ် ၁၂၃၇၀၀၀၊  စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀၊ စက်တင်ဘာ ၂၈ ရက်တွင် ကျပ် ၂၂၅၀၀၀၀ စျေးရှိခဲ့သည်။

         

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့်မီဒီယာ ကုမ္ပဏီ/လုပ်ငန်း ၈၈၂ ခုကို  ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူခွင့်ပြု

ရုပ်ရှင်၊ ဂီတ၊သဘင်၊ စာနယ်ဇင်းနှင့်မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာအကူအညီပေးအပ်နိုင်ရေးအတွက် ချေးငွေထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/လုပ်ငန်းများအနက် ကုမ္ပဏီ/လုပ်ငန်း ၈၈၂ ခုကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြုလိုက်ကြောင်း ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီက  သတင်းထုတ်ပြန်ချက် (၂/၂၀၂၂) တွင် ဖော်ပြထားသည်။

အဆိုပါလုပ်ငန်းများတွင် နတ်ဆိုင်းလုပ်ငန်းများ၊ လူရွှင်တော်အဖွဲ့များ၊ ကန္နားစီးဒေဝါ၊ မင်္ဂလာဆိုင်းအဖွဲ့များ၊ ဇာတ်သဘင်အဖွဲ့များ စသည်ဖြင့် ကုမ္ပဏီ/လုပ်ငန်း ၈၈၂ ခု ပါဝင်သည်။

ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ချက် (၁/၂၀၂၂)တွင် ကိုဗစ်-၁၉ ရန်ပုံငွေမှ ပထမအသုတ် ချေးငွေခွင့်ပြုပေးရန် စိစစ်အတည်ပြုသည့် ကုမ္ပဏီ/လုပ်ငန်းအချို့မှာ ဖော်အဲဗားဂရု(ပ်)ကုမ္ပဏီလီမိတက်၊ မင်္ဂလာကုမ္ပဏီလီမိတက်၊ ထူးကူးသန်းရောင်းဝယ်ရေးကုမ္ပဏီလီမိတက်၊ ရိုင်ရယ်အေ့မီဂါကုမ္ပဏီလီမိတက် (Royal Age Mega Co.,Ltd)၊ ဖော်ကျူးရုပ်သံလွှင့်ကုမ္ပဏီလီမိတက်၊ မွန်းမြန်မာမီဒီယာကုမ္ပဏီလီမိတက်၊ ပါရာဒိုင်ဆိုစီးနီးမား(စ်)ကုမ္ပဏီလီမိတက် (Paradiso Cinemas Co.,Ltd)၊ အင်(န့်)တီဂရယ်(လ်) အင်တာနေရှင်နယ်လီမိတက်၊ မန္တလေးကြော်ငြာလုပ်ငန်းကုမ္ပဏီလီမိတက်၊ ဘိုဘိုအင်(န်)တာတိန်းမန့်မြန်မာ ဂရု(ပ်) ကုမ္ပဏီလီမိတက်၊ မိုင်မာတီမီဒီယာဂရု(ပ်)ကုမ္ပဏီလီမိတက်၊ စိန်ဌေးရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး၊ ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေး၊ နိယျာသနခရီယေးတစ်ကွန်တင့်ကုမ္ပဏီလီမိတက် (Niyayama Creative Content Co.,Ltd)၊ တော်ဝင်မြင့်မိုရ်ကုမ္ပဏီလီမိတက် (Tawwin Myint Mo Co.,Ltd)၊ နှစ်သစ်ဦး ကုမ္ပဏီလီမိတက် Hnit Thit Oo Co.,Ltd၊ ရက်(ဒ်)ရေးဒီးယန့်စတူဒီယိုကုမ္ပဏီလီမိတက်၊ မီဒီယာမောကုမ္ပဏီလီမိတက် (Media Mall Co.,Ltd)၊ အမ်- ပေါ့ပ်မြန်မာကုမ္ပဏီ၊ အက်ဒီဟုမ်းဗီဒီယိုထုတ်လုပ်ဖြန့်ချိရေး၊ ပါ၀ါနိုင်းဗီဒီယိုထုတ်လုပ်ရေး၊ ကျော်နှင်းဆီဗီဒီယိုတည်းဖြတ်လုပ်ငန်း၊ ရင်းမ်လိုက်(ဖ်)စတိုင်ကုမ္ပဏီလီမိတက်၊ ဧရာအဆင့်မြင့်ရုပ်ရှင်ရုံအမှတ်(၂)၊ မီကီဝေးမီဒီယာMilky Way မီဒီယာ)၊ မြန်မာတယ်လီအေးပက်(စ်)ကုမ္ပဏီလီမိတက်၊ ရွှေပြည့်စုံရုပ်ရှင်ထုတ်လုပ်ရေး (Shwe Pyi Sone Co.,Ltd) စသည်တို့ဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသော ရုပ်ရှင်၊ဂီတ၊ သဘင်၊ စာနယ်ဇင်းများနှင့် မီဒီယာများကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ကိုဗစ်- ၁၉ ရန်ပုံငွေမှကျပ် ၁၅ ဘီလျံ ထုတ်ချေး မည်ဖြစ်ကြောင်းနှင့် ချေးငွေများ လျှောက်ထားနိုင်ကြောင်း ကိုဗစ် -၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါချေးငွေများကို  (၁)ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်သံ၊ အသံလွှင့်စသည်တို့ ရိုက်ကူးခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ချိခြင်း၊ ပြသခြင်းဆောင်ရွက်သည့်လုပ်ငန်းများ၊ (၂)တေးဂီတဝိုင်းများ၊ ထုတ်လုပ်သူများ၊ ဖြန့်ချိသူများ၊ (၃)ဇာတ်သဘင်၊ အငြိမ့်ဖျော်ဖြေမှုလုပ်ငန်းများ၊ (၄) စာနယ်ဇင်းပုံနှိပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း ဆောင်ရွက်သည့်လုပ်ငန်းများတွင် အကျုံးဝင်ကိုက်ညီသော ရုပ်ရှင်၊ဂီတ၊ သဘင်၊ စာနယ်ဇင်းများနှင့် မီဒီယာများကို ချေးယူခွင့်ပြုမည်ဟု သိရသည်။

 

ရာခိုင်နှုန်းယူ၍ ငွေသားလဲလှယ်ခြင်းများနှင့် ပတ်သက်၍  ကြပ်မတ်ဆောင်ရွက်မည်      

ရာခိုင်နှုန်းယူ၍ ငွေသားလဲလှယ်ခြင်းများနှင့်ပတ်သက်၍ ရွှေနှင့်ငွေကြေးစောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီကကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌဦးဆောင်ပြီး သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ တက်ရောက်၍ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လပတ် ဘဏ္ဍာနှစ်ချုပ်ပိတ်လအတွင်း သက်ဆိုင်ရာ အစိုးရဌာနများ၏ ငွေစာရင်းသို့ အခွန်အခများ အချိန်မီ ရောက်ရှိရေးအတွက် ဘဏ်များအနေဖြင့် CBM-Net ၏ Fund Transfer ကို အသုံးပြု၍လည်းကောင်း၊ Cheque/PO များ အသုံးပြု၍လည်းကောင်း၊ လွှဲပြောင်းစာရင်းရှင်းလင်းခြင်းနှင့် စပ်လျဉ်း၍ အခက်အခဲမရှိဆောင်ရွက်နိုင်ရေးအတွက်  မတ် ၂၂ ရက်က ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ခဲ့ကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေမှ  ယခုလသည် ဘဏ္ဍာနှစ်ချုပ်ပိတ်လ ဖြစ်သည့်အတွက် နိုင်ငံတော်မှရရှိမည့်ဝင်ငွေများဖြစ်သည့် အခွန်အခများအား သက်ဆိုင်ရာအစိုးရဌာနများ၏ ငွေစာရင်းသို့ အချိန်မီရောက်ရှိရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များအချင်းချင်း CBM-Net မှတစ်ဆင့် Fund Transfer နည်းဖြင့် လွှဲပြောင်းမှုများအတွက် ပမာဏများကန့်သတ်ထားခြင်းမရှိပါ၍ ဘဏ်များအနေဖြင့် အခွန်ထမ်းပြည်သူများ လာရောက်ပေးသွင်းသည့်အခွန်များအား သက်ဆိုင်ရာဘဏ်စာရင်းသို့ Fund Transfer နည်းဖြင့် လွှဲပြောင်းသည့်အခါ အပြည့်အဝဆောင်ရွက်ပေးရန်၊ အကယ်၍အခွန်ထမ်းပြည်သူများမှ ပမာဏကြီးမားသော လွှဲပြောင်းမှုများဖြစ်ပါက ဘဏ်အနေဖြင့် မိမိ၏ Customer နှင့်  ညှိနှိုင်း၍ လွှဲပြောင်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန်၊ နှစ်ချုပ်ပိတ်လဖြစ်သည့်အတွက် ဘဏ်များအနေဖြင့် မိမိဘဏ်၏ Customer များအား နောက်ဆုံးစာရင်းရှင်းလင်းပေးမည့်နေ့ရက်ကို ကြိုတင်အသိပေးထားရန် အဆိုပါအစည်းအဝေးတွင် ပြောကြားသည်။

ထို့ပြင် ဘဏ်များအနေဖြင့် PO ရောင်းချမှုများတွင် Customer များ၏ Old Account မှဖြစ်စေ၊ New Account မှဖြစ်စေ ရောင်းချပေးရန်၊ စျေးကွက်တွင် ငွေသားယူ စာရင်းပြောင်း၍ PO ဝယ်ယူခြင်းများ၊ ရာခိုင်နှုန်းယူ၍ ငွေသားလဲလှယ်ခြင်းများနှင့် ပတ်သက်၍ ရွှေနှင့်ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နိုင်ငံခြားငွေ တရားမဝင်ကိုင်ဆောင်ခြင်း၊ စျေးကစားခြင်း၊ ဘဏ်အပ်ငွေများကို ရာခိုင်နှုန်းဖြင့် လဲလှယ်ပေးသူများ အစရှိသူတို့အား အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ငွေကြေးစျေးကွက် တည်ငြိမ်မှုကို ထိခိုက်စေနိုင်သော ဆောင်ရွက်မှုများဖြစ်သည့် နိုင်ငံခြားငွေကြေးများကို တရားမဝင်ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့အရောင်းအဝယ်ပြုလုပ်ခြင်း၊ စျေးကစားခြင်းပြုလုပ်သူများ၊ အိမ်ခြံ မြေနှင့် မော်တော်ယာဉ်ကဲ့သို့ အခြေပစ္စည်းများအား ရောင်းဝယ်ပြီး ပိုင်ဆိုင်မှုလွှဲပြောင်းရာတွင် ဗဟိုဘဏ်၏ ငွေပေးချေမှုကန့်သတ်ချက်အတိုင်း လိုက်နာမှုမရှိသူများ၊ ဘဏ်များတွင်အပ်နှံထားသည့် ငွေသားထုတ်ယူရာ၌ ရာခိုင်နှုန်းယူပြီး ငွေသားထုတ်ပေးခြင်း၊ ဘဏ်ပြင်ပတွင် ငွေသားလက်ဝယ်ထိန်းသိမ်းထားသူများက ဘဏ်အကောင့်တွင် အပ်နှံထားသည့် ကျပ်ငွေများကို ရာခိုင်နှုန်းယူ၍ငွေသားလဲလှယ်ထုတ်ပေးခြင်းတွင် ပါဝင်ပတ်သက်သူများကို သိရှိပါက ကော်မတီသို့ အသိပေးတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ရွှေ နှင့်ငွေကြေးစျေးကွက် တည်ငြိမ်ရေးအတွက် ထိန်းကျောင်း ကြပ်မတ်နိုင်ရန် အဆိုပါကော်မတီကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

ရွှေနှင့် ငွေကြေးစျေးကွက် စောင့်ကြည့် ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုး၊ ရွှေစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ရဲမှူးချုပ် မျိုးသူစိုး အစရှိသူတို့ ပါဝင်သည်။

Most Read

Most Recent