စက်မှုတော်လှန်ရေးကြီးများနှင့် မြန်မာနိုင်ငံ (Industrial Revolutions and Myanmar)

စက်မှုတော်လှန်ရေးကြီးများနှင့် မြန်မာနိုင်ငံ (Industrial Revolutions and Myanmar)
Published 20 March 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများသည် ၎င်းတို့၏ တိုင်းပြည်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောစေရေးနှင့် နေထိုင်လျက်ရှိကြသည့် တိုင်းသူ ပြည်သားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်ရပ် တည်စေနိုင်ပြီး အရည်အချင်း စွမ်းအားရှိသမျှ လွတ်လပ်စွာဆောင်ရွက်နိုင်စေရေးအလို့ငှာ အချိန်ကာလအလိုက် အဆင့်အလိုက် ဖြစ်ထွန်း ပေါ်ပေါက်လျက်ရှိသည့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ စက်မှု တော်လှန်ရေးကြီးများ (The 1st, 2nd, 3rd and 4th Industrial Revolution) ၏ အမြင့်မားဆုံးအဆင့်ကို အမီလိုက်နိုင်ရန် ကြိုးစား အားထုတ်လျက် ရှိကြပါသည်။ ယနေ့ မိမိတို့ တိုင်းပြည်နိုင်ငံတွင် တွေ့မြင်နေကြရသည့် အခြေအနေ အကြောင်းအရာများအရ မိမိတို့ တိုင်းပြည်နိုင်ငံသည် မည်သည့် စက် မှုတော်လှန်ရေး အဆင့်ကို ရည်ရွယ်ကာ ဦးတည်ချက်ထားရှိပြီး သွားရောက် ကြပါမည်လဲ။ မည်သည့် အဆင့်တွင် ရောက်ရှိနေပါသလဲ ဆိုသည့် မေးခွန်းများဖြစ်ပေါ်လာစေပါသည်။

စတုတ္ထစက်မှုတော်လှန်ရေး နှင့် ပတ်သက်သည့် နိုင်ငံတကာကွန်ဖရင့် (International Conference on Sustainable Development under the 4th Industrial Revolution (2018 ICOFIS)) ကို ၂၀၁၈ ခုနှစ် ဇွန် ၂၅ ရက် မှ ၂၇ ရက် အထိ အမေရိကန်ပြည်ထောင်စု၊ ဆန်ဟိုဆေးစတိတ်တက္ကသိုလ် (San Jose State University) တွင် ပြု လုပ်ခဲ့ရာ အဆိုပါကွန်ဖရင့်တွင် စာရေးသူသည် စာတမ်းတစ်စောင် တင်သွင်းဖတ်ကြားခွင့် ရရှိခဲ့ပါ သည်။ ကွန်ဖရင့်တွင် ဆန်းသစ်တီထွင်မှု အားကောင်းသော၊ စွန့်ဦး တီထွင်မှု အားကောင်းသောဟု အဓိပ္ပာယ်ရသည့် (Innovative) ဆိုသော စကားလုံးနှင့် အသစ်စတင်ခြင်း၊ ပဏာမခြေလှမ်း၊ လက်ဦးမှု စသည်တို့အဓိပ္ပာယ်ရသော (Initiative) စကားလုံးတို့မှာ ကွန်ဖရင့်ပြုလုပ်နေစဉ်အချိန်ကာလ တစ်လျှောက်လုံး ထပ်ခါတလဲလဲ ကြားသိနေရသည့် အခြေအနေဖြစ်ပါသည်။

ထိုစဉ်အချိန်အခါက စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် တိုင်းပြည် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ရရှိစေရေးအတွက် အဓိက စိန်ခေါ် မှုမှာ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးကိစ္စရပ်များဖြစ်သည်ဟု စာရေး သူအနေနှင့် ယုံကြည်ယူဆမိသည့် အတွက် စာရေးသူ ရေးသားတင်သွင်းခဲ့သည့် စာတမ်းမှာ ငွေရေး ကြေးရေး၊ ဘဏ္ဍာရေးကိစ္စရပ်များနှင့် သက်ဆိုင်သည့် အကြောင်းအရာ ဖြစ်ခဲ့ပါသည်။ အဆိုပါ စာတမ်းကိုပင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ခန်းမတွင် ထပ်မံ တင်ပြ ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးတင်ပြချက်များကို စကိုင်းနက်ရုပ်သံမှ အကြိမ်ရေ ၁၀၀ နီးပါးခန့် ထုတ်လွှင့်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။ 

စာရေးသူ၏ ယူဆချက် မှန်၊ မမှန်ကို ယနေ့ မိမိတို့တိုင်းပြည် နိုင်ငံတွင် တွေ့ကြုံ ခံစားနေရသည့် အခြေအနေများက သက်သေပြလျက်ရှိနေပါသည်။ 

သို့သော်လည်း စာရေးသူ၏ တင်ပြချက်မှာ စတုတ္ထစက်မှုတော်လှန်ရေးနှင့် ပတ်သက်သည့် နိုင်ငံတကာ ကွန်ဖရင့်အဆင့်နှင့် တိုင်းတာခဲ့သော် အတော်ပင် အဆင်မပြေလှသည်ကိုလည်း ခံစားလေ့လာ သိရှိခဲ့ရပါသည်။

စတုတ္ထစက်မှုတော်လှန်ရေးနှင့်ပတ်သက်သည့် နိုင်ငံတကာ ကွန်ဖရင့်တွင် တင်ပြခဲ့သည့် စာတမ်းများ အနက် မိမိတို့ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စာတမ်းများကို ဖွံ့ဖြိုးပြီး နိုင်ငံများရှိ တက္ကသိုလ်ကြီးများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော နိုင်ငံတကာ လူငယ်ပါမောက္ခများက စိတ်ပါဝင်စားစွာ အားမန်အပြည့်၊ ယုံကြည်ချက်အပြည့်နှင့် သီအိုရီ သဘောတရားများကို အခြေခံပြီး ဖတ်ကြားတင်သွင်းလျက်ရှိကြရာ စာရေးသူမှာ မိမိတို့ တိုင်းပြည် နိုင်ငံ၏အကြောင်းကို နိုင်ငံတကာ ကွန်ဖရင့်တွင် ကြားသိလေ့လာ သိမြင်ခွင့် ရရှိခဲ့ပါသည်။ 

ကွန်ဖရင့် ပြုလုပ်နေသည့် အချိန်အတွင်းမှာပင် စာရေးသူအနေဖြင့် စဉ်းစား တွေးခေါ်ခံစားမိသည်မှာ မိမိတို့တိုင်းပြည်နိုင်ငံ၏ အချုပ်အခြာအဏာကို ရယူထားကြသူများအနေနှင့် တိုင်းပြည်နိုင်ငံ ဖွံ့ဖြိုးစေရေးအတွက် ဖော်ပြပါကဲ့သို့ စိတ်ဝင်စားမှုရှိခဲ့ပါလျှင် မိမိတို့ တိုင်းပြည်နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိသည့် အဆင့်တစ်နေရာကို ရရှိရောက်ရှိနေမည်ဟုလည်း ထင်မြင်ယုံကြည်မိပါသည်။

အောက်ဖော်ပြပါ အချက်များသည် စာရေးသူ၏ ကိုယ်ပိုင် အသိအမြင် သက်သက်ဖြင့် လေ့လာခံစား သိရှိရသည့် အချက်များဖြစ်ပါသည်။ စာဖတ်သူတို့အနေနှင့် လေ့လာ သုံးသပ်ဝေဖန် ပေးကြပါရန် မေတ္တာရပ် ခံအပ်ပါသည်။ မိမိတို့ တိုင်းပြည် နိုင်ငံ ကိုလိုနီ လက်အောက်သို့ ကျရောက်စေခဲ့ရသည့် အကြောင်းရင်း တစ်ရပ်မှာ ကမ္ဘာပေါ်တွင် ဖြစ်ထွန်း ပေါ်ပေါက်စေခဲ့သည့် စက်မှုတော်လှန်ရေးကြီးများနှင့်အညီ လိုက်ပါ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သောကြောင့် ဖြစ်ပါသည်။ 

တစ်နည်းအားဖြင့် အထွေထွေ ခေတ်နောက်ကျနေခဲ့ခြင်းကြောင့် ဖြစ်ပါသည်ဆိုသည့်အချက်နှင့် ယနေ့ မိမိတို့တိုင်းပြည် နိုင်ငံ၏ အခြေအနေနှင့် ယနေ့ရောက်ရှိနေရသည့် အဆင့်အတန်းကို ကြည့်ပါကလည်း မိမိတို့ တိုင်းပြည်နိုင်ငံသည် အရှေ့တောင်အာရှတွင် ပင်မကုန်း မြေအကြီးဆုံးနိုင်ငံဖြစ်ပြီး ပင်လယ်ကမ်းရိုးတန်းနှင့် စိုက်ပျိုးမွေးမြူနိုင်သည့် မြေထု၊ ရေထု၊ လေထုနှင့် ရာသီဥတုကို ပိုင်ဆိုင်ထားရှိသည့်အပြင် သဘာဝအရင်းအမြစ်မျိုးစုံ နှင့် မေတ္တာတရားကို အခြေခံကာ ခံစားသိမြင် နားလည်လွယ်သည့် လူသားအရင်းအမြစ်များလည်း တည်ရှိပိုင်ဆိုင်ထားရှိသည့် တိုင်းပြည်နိုင်ငံ ဖြစ်ပါသည်။

သို့သော်လည်း ယနေ့အချိန်အခါ ကမ္ဘာပေါ်ရှိနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ရာတွင် ဖွံ့ဖြိုးတိုးတက်မှု ရှုထောင့်အရ လေ့လာပါက ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) နှင့် လူသားချင်း စာနာထောက်ထားမှု ရှုထောင့်အရ လေ့လာပါက ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ၊ အိုးအိမ်စွန့်ခွာရသည့် မိသားစုများ၊ လူဦးရေများ တည်ရှိ ဖြစ်ပေါ်နေရသည့် တိုင်းပြည် နိုင်ငံ ဖြစ်နေပါသည်။ ဖော်ပြပါအချက်များမှာလည်း ကမ္ဘာပေါ်တွင် ဖြစ်ထွန်း ပေါ်ပေါက်စေခဲ့သည့် စက်မှုတော်လှန်ရေးကြီးများနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိခဲ့သောကြောင့်ဖြစ်သည်ဟု စာရေးသူအနေဖြင့် ယုံကြည်ယူဆမိပါသည်။

ထိုသို့ ဆိုပါလျှင် ယနေ့ အချိန်အခါတွင် မိမိတို့ တိုင်းပြည်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဖြစ်ထွန်းပေါ် ပေါက်စေခဲ့သည့် စက်မှုတော်လှန်ရေးကြီးများနှင့် လိုက်လျောညီထွေစွာ လိုက်ပါဆောင်ရွက်နိုင်ရန် ဦးတည် ကြိုးပမ်းအားထုတ်လျက်ရှိနေပါသလားဆိုသော မေးခွန်းဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် စာရေးသူ၏ ယခု ဆောင်းပါးကို ဖတ်ရှုပြီးချိန်တွင် စာဖတ်သူများကပင် ဖော်ပြပါမေးခွန်းကို ဖြေကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဤတွင် ကမ္ဘာ့ပြောင်းလဲမှု အစီအစဉ်တွင် တည်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေတစ်ရပ်ကို မိမိတို့ တိုင်းပြည်နိုင်ငံ၏ အရင်းအမြစ်များ ပြုန်းတီးခြင်း မဖြစ်ပေါ်စေရေးနှင့် မှန်ကန်စွာ အသုံးပြုနိုင်စေရေးအတွက် တင်ပြပါမည်။

အထူးသဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေးတို့အတွက် အရင်းအမြစ် များခွဲဝေသုံးစွဲထားခြင်းကို တင်ပြပါမည်။ မိမိတို့ တိုင်းပြည်နိုင်ငံသည် နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်ပြီး အရင်းအမြစ် အမြောက်အမြားကို အသုံးပြုကာ တည်ဆောက် ထားရှိပါသော်လည်း ပြည်သူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်များကို လုံခြုံစေရန် နိုင်ငံတော်၏ အရင်းအမြစ်များကို အသုံးပြုခြင်းမှာ နည်းပါးအားနည်းလှပါသည်။ ယနေ့ ကြုံတွေ့နေကြရသည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ တည်ရှိဖြစ်ပေါ်နေစေခြင်းမှာလည်း ဖော်ပြပါအချက်သည် အဓိကဖြစ်သည်ဟု စာရေးသူအနေဖြင့် ယုံကြည် ယူဆပါသည်။

အနည်းငယ် ရှင်းလင်းတင်ပြပါမည်။ လူသတ္တဝါတို့၏ သဘောသဘာဝသည် ၎င်းတို့၏ အသက်အိုး အိမ်စည်းစိမ်များ လုံခြုံရေးကို အဓိကထားရှိပြီး အသက်ရှင်နေထိုင်ကြရပါသည်။ အစိုးရတစ်ရပ်က လိုအပ်မည့် အခွန်ငွေများကို ကောက်ခံစေပြီး အသက် အိုးအိမ်စည်းစိမ်များကို လုံခြုံမှုရှိစေရန် အပြည့်အဝတာဝန် ယူနိုင်ခြင်းမရှိပါက တာဝန်ယူမည့် လက်နက်ကိုင်အဖွဲ့အစည်းကို ဆက်ကြေးပေးဆောင်ပြီး ၎င်းတို့၏ အသက်ရှင် ရပ်တည်နိုင်စေရေး အတွက် ကြိုးပမ်းအားထုတ်ကြရပါသည်။

စာရေးသူအနေဖြင့် စာတမ်း စာစောင်များတွင် လေ့လာ တွေ့မြင်နေရသည့်အချက်များအရ ၁၉၄၅ ခုနှစ် နောက်ပိုင်းတွင် တိုင်းပြည် နိုင်ငံ တစ်နိုင်ငံအား ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားစေရန် အိမ်နီးချင်းနိုင်ငံများမှ စစ်ရေးအရ ဝင်ရောက်သိမ်းပိုက်ခွင့် မပြုဆိုသည့် အချက် နှင့် တိုင်းပြည် နိုင်ငံတစ်နိုင်ငံ၏ အစိတ်အပိုင်းများ ကွဲထွက်ခွဲထွက်စေပြီး တိုင်းပြည်နိုင်ငံအသစ်များ ဖြစ်ထွန်းပေါ်ထွက်လာစေခြင်းကိုမူ ခွင့်ပြုထားသည် ဆိုသည့် အချက်တို့ ဖြစ်ကြပါသည်။ ဖော်ပြပါအချက်များအပေါ်တွင် အခြေခံကာ မိမိတို့ တိုင်းပြည် နိုင်ငံအတွက် အမျိုးသား အကျိုးစီးပွားများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေး အလို့ငှာ တိုင်းပြည်နိုင်ငံ၏ အရင်း အမြစ်များအား အသုံးပြုရာတွင် မည်သည့်အချက်များ မဖြစ်မနေပါဝင်ရမည်ကို ရွေးချယ်သတ်မှတ်နိုင် ရန် အရေးကြီးလှပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ သဘာဝအရင်းအမြစ်များနှင့် လူသား အရင်းအမြစ်များ ကောင်းမွန်စွာ တည်ရှိနေပါသော်လည်း ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ရခြင်း၊ ယနေ့ မိမိတို့တိုင်းပြည် နိုင်ငံ၏ စိန်ခေါ်မှုများဖြစ်သည့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) အဖြစ်သို့ရောက်ရှိနေရခြင်းနှင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ၊ အိုးအိမ် စွန့်ခွာ နေရသည့် အိမ်ထောင်စုများ၊ မိသားစုများ၊ လူဦးရေများ တည်ရှိ ဖြစ်ပေါ်နေရခြင်းသည် ကမ္ဘာပေါ်တွင် ဖြစ်ထွန်း ပေါ်ပေါက်စေခဲ့သည့် စက်မှုတော်လှန်ရေးကြီးများနှင့် လိုက်လျောညီထွေ အမီလိုက်ပါနိုင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် အထက်ဖော်ပြပါ အခြေအနေအချက်များကို သိမြင် နားလည်စေပြီး စက်မှုတော်လှန်ရေးကြီးများအရ ဖြစ်ပေါ်ပြောင်းလဲရမည့် သဘောတရားများကို အခြေခံကာ လိုက်ပါပြောင်းလဲ ဆောင်ရွက်နိုင်စေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ ကမ္ဘာပေါ်တွင် ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် စက်မှုတော်လှန်ရေးကြီးများအကြောင်း အကျဉ်းချုပ်ကို တင်ပြပါမည်။ စက်မှုတော်လှန်ရေးကြီးများနှင့် ပတ်သက်သည့် သဘောတရားများနှင့် သမိုင်းဖြစ်စဉ်အသေးစိတ်ကို ယခုဆောင်းပါးအဆင့်ဖြင့် အပြည့်အစုံတင်ပြရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် ပုံတွင် ဖော်ပြထားသည့် အတိုင်း ခန့်မှန်း ခုနှစ်များနှင့် အဓိက ဦးတည်အသုံးပြုသည့် စက်မှုလုပ်ငန်း သဘောတရားများကိုသာ တင်ပြပါမည်။

ပထမစက်မှုတော်လှန်ရေးကြီးသည် ၁၇၆၅ ခုနှစ်ခန့်တွင် စတင် ပေါ်ပေါက်ခဲ့ပြီး ရေနွေးငွေ့အင်ဂျင်များကို အသုံးပြုကာ လူနှင့် တိရစ္ဆာန် တို့၏ လုပ်အားများနေရာတွင် စက်များကို အစားထိုး အသုံးပြုလာနိုင်ခြင်း ဖြစ်ပါသည်။

ဒုတိယ စက်မှုတော်လှန်ရေးကြီးသည် ၁၈၇၀ ခုနှစ်ခန့်တွင် စတင် ပေါ်ပေါက်ခဲ့ပြီး လျှပ်စစ်နှင့် လောင်စာဆီ စွမ်းအင်များကို အသုံးပြုကာ ကုန်ပစ္စည်းများကို အလုံးအရင်းဖြင့် ထုတ်လုပ်လာနိုင်ခြင်း ဖြစ်ပါသည်။

တတိယ စက်မှုတော်လှန်ရေးကြီးသည် ၁၉၆၉ ခုနှစ်ခန့်တွင် ပေါ်ပေါက်ခဲ့ပြီး အီလက်ထရွန်နစ်နှင့် သတင်းအချက်အလက် နည်းပညာများကို အသုံးပြုကာ ကုန်ပစ္စည်းများကို အလိုအလျောက် ထုတ်လုပ်လာ နိုင်ခြင်း ဖြစ်ပါသည်။ 

စတုတ္ထစက်မှုတော်လှန်ရေးကြီးသည် ယနေ့အချိန် စာရေးသူ၏ အထက်ဖော်ပြပါ အတွေ့အကြုံအရ ၂၀၁၈ ခုနှစ်တွင်ပေါ်ပေါက်ခဲ့ပြီး အင်တာနက်နှင့် ပတ်သက်သည့်ကိစ္စရပ်များ (Internet of Things (IoT), ဉာဏ်ရည်တု နည်းပညာများ (Artificial Intelligent (AI) တွင် အခြေခံသည့် (Big Data, Cloud, Cyber Physical Systems,…) စသည်တို့ကို အသုံးပြုကာ နည်းပညာရပ်အသစ်များ (New Technologies) ကို အသုံးပြု အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်းပင် ဖြစ်ပါသည်။

ဒုတိယအနေဖြင့် ယနေ့ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများ၏ အခြေအနေကို လေ့လာကြည့်မည် ဆိုပါက နိုင်ငံအများစုမှာ စက်မှုတော်လှန်ရေးကြီးများ တည်ရှိဖြစ်ပေါ်သည့် အခြေအနေ အချိန်အခါ နှင့်အညီ လိုက်ပါ ပြောင်းလဲနိုင်စွမ်းရှိသည့် နိုင်ငံကြီးများ ဖြစ်ကြသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ စာဖတ်သူများအနေနှင့် သတိပြုစေလိုသည့်အချက်မှာ စက်မှုတော်လှန်ရေးကြီးများနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်မည်ဆိုပါက သဘာဝအရင်းအမြစ်များသည်ပင် တိုင်းပြည် နိုင်ငံ တစ် နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိက မကျတော့သည့် အခြေအနေကို တွေ့မြင်နိုင်မည် ဖြစ်ပါသည်။

တတိယအနေဖြင့် မိမိတို့ တိုင်းပြည် နိုင်ငံသည် မည်သည့် အခြေအနေ၊ မည်သည့် အဆင့်တွင် ရောက်ရှိ နေပါသနည်း ဆိုသည့် မေးခွန်းကို စဉ်းစား လေ့လာရန်ဖြစ်ပါသည်။ ဖော်ပြပါမေးခွန်း၏ တိကျသော အဖြေကို ရရှိနိုင်စေရန်မှာ သုတေသနကို အချိန်ပေးပြုလုပ်ရန် လိုအပ်ပါသည်။ စာရေးသူအနေနှင့် ထိုကဲ့သို့သော သုတေသနရလဒ်မျိုး ထုတ် ပြန်ထားသည်ကို မတွေ့မြင်ဖူးဘူးပါ။ ထို့ကြောင့် ပုံတွင်ဖော်ပြထားချက်များကို အခြေခံကာ စာဖတ်သူတို့နှင့်အတူ စဉ်းစား အဖြေရှာကြည့်ရန် အောက်ဖော်ပြပါမေးခွန်းများကို လေ့လာပါမည်။

(က) ပထမ စက်မှုတော်လှန်ရေးမတိုင်မီကာလသည် လူနှင့်တိရစ္ဆာန်တို့၏ လုပ်အားများကို အသုံးပြုကာ ထွန်ယက်စိုက်ပျိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်း စသည့် လုပ်ငန်းအမျိုးအစားများဖြစ်ကြပါသဖြင့် မိမိတို့ တိုင်းပြည် နိုင်ငံတွင် လူနှင့် တိရစ္ဆာန်တို့၏ လုပ်အားများကို အသုံးပြလျက်ရှိသော လုပ်ငန်းများ တည်ရှိဖြစ်ပေါ်နေပါသလား။ စာရေးသူ၏ အတွေ့အကြုံ သိမြင်ရသည်များအရဆိုပါလျှင် တိုင်းပြည်နိုင်ငံ၏ နေရာဒေသ အများအပြား တွင် တည်ရှိ ဖြစ်ပေါ်လျက်ရှိနေပါသည်။

ပထမ စက်မှုတော်လှန်ရေး မတိုင်မီကာလ အခြေအနေဆိုသည်မှာ ယဉ်ကျေးစွာ ပြောဆိုပါက ရှေးဦး လူ့အဖွဲ့အစည်း (Primitive Society) အဆင့်ဖြစ်ပါသည်။ ပြင်းထန်သည့် စကားလုံး စကားရပ်များကို အသုံးပြုရမည်ဆိုပါက တိရစ္ဆာန် သာသာ လူ့အဖွဲ့အစည်းဖြစ်ပါသည်။ အမြင့်မားဆုံးအခြေအနေမှာ ဝမ်းရေးဖူလုံရုံမျှ လူနေမှု အဆင့်အတန်း (Subsistence Level) ဖြစ်ပါသည်။ စာရေးသူ တစ်ဦးတည်း၏ အမြင်သက်သက်ဖြင့် မိမိတို့ တိုင်းပြည် နိုင်ငံရှိ ပြည်သူ ပြည်သားများ၏ အသက်မွေးဝမ်းကျောင်းဘ၀ အခြေ အနေကို တိုင်းတာရာတွင် သတင်းအချက်အလက် အလွယ်တကူ လျင်မြန်စွာ ရရှိစေရေးအတွက် အောက် ပါအတိုင်း ကောက်ယူ တိုင်းတာရန် အဆိုပြုပါသည်။

ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ဖွံ့ဖြိုးမှု အထောက်အကူပြု ရှုထောင့်အရ တိုင်းတာပါက ဆင်းရဲ နွမ်းပါးမှု (Poverty) ဖြင့် တိုင်းတာပြီး လူသားချင်း စာနာထောက်ထားမှု ရှုထောင့်အရ တိုင်းတာလျှင် ထိ ခိုက်ခံစားလွယ်ခြင်း (Vulnerability) ဖြင့် တိုင်းတာလေ့ရှိရာ ပထမစက်မှုတော်လှန်ရေး၏ အသီးအပွင့်များကို ခံစားရခြင်းမရှိဘဲ လူနှင့် တိရစ္ဆာန်များ၏ လုပ်အားများကို အခြေခံကာ အသက်မွေးဝမ်းကျောင်းပြုလျက်ရှိသည့် အိမ်ထောင်စုများ၊ လူဦးရေကို တိုင်းတာနိုင်မည်ဆိုပါက တိုင်းပြည် နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် အစီအစဉ်များ ရေးဆွဲချမှတ် ဆောင်ရွက်ရာတွင် လွန်စွာ အသုံးဝင်စေမည့်အပြင် ပြည်သူ ပြည်သားများမှာလည်း အလွယ်တကူ သိမြင် နားလည်ပြီး လိုက်ပါဆောင်ရွက်နိုင်စေမည် ဖြစ်ပါသည်။

(ခ) ပထမစက်မှုတော်လှန်ရေးကြီး၏ သတ်မှတ်ချက်အရ ရေနွေးငွေ့အင်ဂျင်များကို အသုံးပြုကာ လူနှင့် တိရစ္ဆာန်တို့၏ လုပ်အားများနေရာတွင် စက်များကို အစားထိုး အသုံးပြုလာနိုင်ပါပြီလား။ စာရေးသူ၏ အတွေ့အကြုံ သိမြင်ရသည်များအရဆိုပါလျှင် လုပ်အားနေရာအားလုံးတွင် အစားထိုးနိုင်ခြင်း မရှိသေးပါ။

(ဂ) ဒုတိယ စက်မှုတော်လှန်ရေးကြီး၏ သတ်မှတ်ချက်အရ လျှပ်စစ်နှင့် လောင်စာဆီ စွမ်းအင်များကို အသုံးပြုကာ ကုန်ပစ္စည်းများကို အလုံးအရင်းဖြင့် ထုတ်လုပ်လာနိုင်ပါပြီလား။ စာရေးသူ၏ အတွေ့အကြုံ သိမြင်ရသည်များအရ ဆိုပါလျှင် တစ်နိုင်ငံလုံးကို လွှမ်းခြုံ ပြည့်စုံသည့် လျှပ်စစ်စွမ်းအား မရရှိနိုင်သေးပါ။ 

လောင်စာဆီ စွမ်းအင်များကို အသုံးပြုသည့် စက်ကိရိယာများ၊ မော်တော်ယာဉ်များကို တွေ့ရှိရသော်လည်း ကုန်ပစ္စည်းများကို အလုံးအရင်းဖြင့် ထုတ်လုပ်လာနိုင်သည့် လုပ်ငန်းများ အမြောက်အမြား မတွေ့ မြင်ရပါ။ 

တတိယ စက်မှုတော်လှန်ရေးကြီးနှင့် စတုတ္ထစက်မှုတော်လှန်ရေးကြီးများကိုမူ နှိုင်းယှဉ်တင်ပြခြင်း မပြုတော့ပါ။ အထက်ဖော်ပြပါ အခြေအနေများအရ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံ၏ အခြေအနေ အဆင့်အတန်းကို စာရေးသူအနေဖြင့် ဒုတိယစက်မှုတော်လှန်ရေးကြီး၏ အလွန်ကာလတွင် ထားရှိပါသည်။  

စာဖတ်သူများ အနေဖြင့်လည်း လေ့လာ ဆန်းစစ်ပြီး အဆင့် သတ်မှတ် ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ တိုင်းပြည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ အထူးသဖြင့် အုပ်ချုပ်ရေးအာဏာကို ရယူထား ကြသူများအနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံ မည်သည့်အဆင့်တွင် ရောက်ရှိနေသည်ကို တရားဝင်ထုတ် ပြန်သင့်သည်ဟု ယူဆပါသည်။ သို့မှသာ ယနေ့ ရောက်ရှိနေသည့် အခြေအနေမှ မည်သည့်အချိန်၊ မည် သည့်ကာလတွင် မည်သည့် အဆင့်သို့ အရောက်သွားမည် ဆိုသည်ကို ပြည်သူ ပြည်သားများအနေဖြင့် ရှင်း ရှင်းလင်းလင်း သိမြင်နားလည်စေပြီး အတူတကွ လိုက်ပါဆောင်ရွက်နိုင်စေမည် ဖြစ်ပါသည်။

နိဂုံးချုပ်အနေနှင့် တင်ပြရပါလျှင် သဘာ၀ အရင်းအမြစ်များနှင့် လူသား အရင်းအမြစ်များ ကောင်းမွန်စွာ တည်ရှိနေပါသော်လည်း ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ရခြင်း၊ ယနေ့ မိမိတို့ တိုင်းပြည်နိုင်ငံ၏ စိန်ခေါ်မှုများဖြစ်သည့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) အဖြစ်သို့ ရောက်ရှိနေရခြင်းနှင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ၊ အိုးအိမ်စွန့်ခွာ နေရသည့် အိမ်ထောင်စုများ၊ မိသားစုများ၊ လူဦးရေများ တည်ရှိဖြစ်ပေါ်နေရခြင်းတို့သည် ကမ္ဘာပေါ်တွင် ဖြစ်ထွန်း ပေါ်ပေါက်စေခဲ့သည့် စက်မှုတော်လှန်ရေးကြီးများနှင့် လိုက်လျောညီထွေ အမီလိုက်ပါနိုင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်ဟု ယုံ ကြည်ပါသည်။ ထို့ကြောင့် အထက်ဖော်ပြပါ အခြေအနေအချက်များကို သိမြင်နားလည်စေပြီး စက်မှုတော်လှန်ရေးကြီးများအရ ဖြစ်ပေါ် ပြောင်းလဲရမည့် သဘောတရားများကို အခြေခံကာ လိုက်ပါပြောင်းလဲ နိုင်စေရေးကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။