ပညာတတ်ဟူသည် ...

ပညာတတ်ဟူသည် ...
Published 14 March 2022

“အရွယ်ရောက်ပြီးသူတွေ ပြောတာတွေက ကလေးတွေကို ပညာတတ်စေတာ မဟုတ်ဘူး။ အရွယ်ရောက်ပြီးသူတွေဟာ ဘယ်လိုလူတွေလဲဆိုတာက ကလေးတွေကို ပညာတတ်စေတာပါ။”

ကားလ်ယွန်း (၁၈၇၅ - ၁၉၆၁) ဆွစ်ဇာလန်နိုင်ငံသား စိတ်ရောဂါကုဆရာဝန်နှင့် စိတ်သရုပ်ခွဲပညာရှင်

ပညာတတ်သော လူတစ်ဦးဟူသည် အဘယ်နည်း။ အထူးသဖြင့် တက္ကသိုလ်ကောလိပ် ပရိဝုဏ်အတွင်း အရေးအကြီးဆုံး မေးခွန်းတစ်ခုလည်း ဖြစ်သည်။ တက္ကသိုလ် ကောလိပ်များက လူများကို ပညာတတ်များအဖြစ် ပြောင်းလဲပေးကြသည်။ ဆေးပညာ၊ အင်ဂျင်နီယာပညာနှင့် ဥပဒေပညာ အစရှိသဖြင့် ပညာရပ်အမျိုးမျိုးကို တက္ကသိုလ်ကောလိပ် ပရိဝုဏ်အတွင်း သင်ယူရသူတို့သည် ယင်းကဲ့သို့ သင်ယူခွင့်မရသည့် သာမန်လူများထက် ပညာတတ်ရန် အခွင့်အလမ်းသာလွန်ပေသည်။ ယင်းအတွေ့အကြုံတို့သည် လူတစ်ဦးအား စိတ်ကူးများ၊ အတွေးအမြင်များ၊ စေ့ဆော်မှုများ ပြည့်နေသည့် နတ်ရေကန်တစ်ခုအတွင်းသို့ စိမ်ပေးလိုက်ခြင်း မည်ပေသည်။ သမုဒ္ဒရာအတွင်းသို့ ခုန်ချလိုက်ပြီး ကမ်းခြေအသီးသီးသို့ မျှော်မှန်းကာ လားရာအမျိုးမျိုးသို့ ကူးခတ်သွားခြင်း မည်ပေသည်။ လေ့ကျင့်ခန်းများသည် ဖြစ်တည်မှုနှင့် ပတ်သက်သော ရည်မှန်းချက်ထက်မလျော့သော အရာများနှင့်ပတ်သက်၍ တစ်သက်တာလုံး ရောင်ပြန်ဟပ်နေမည့် အရာများကို လှုံ့ဆော်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ “ကျွန်တော်က ဘယ်သူလဲ”၊ “ကျွန်တော် ဖြစ်လာချင်တာက ဘာလဲ”၊ “အဲဒီလိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲ” ဟူသော မေးခွန်းများကို ကျောင်းသားများက မေးကြမည်ဖြစ်သည်။

တက္ကသိုလ်ကောလိပ်တို့ဟူသည် ယင်းမေးခွန်းများကို အထပ်ထပ်မေးနေခြင်းသာဖြစ်သည်။ ပညာတတ်သော ဘဝတစ်ခုသည်လည်း ယင်းမေးခွန်းများကို လုပ်ငန်းခွင်အတွင်း၊ မိသားစုအတွင်းနှင့် စိတ်ပိုင်းဆိုင်ရာကဏ္ဍအတွင်း ဆက်လက်မေးနေစေရန်သာဖြစ်သည်။ ပညာတတ်တစ်ဦးဟူသည် မိမိနှင့်ပတ်သက်၍ အလေးအနက် တွေးတတ်သော၊ မိမိကိုယ်မိမိ ကောင်းစွာ သတိပြုတတ်သော လူတစ်ဦးဖြစ်သည်။ ပညာတတ်သော လူတစ်ဦးသည် အရာများစွာတို့ကို သိသကဲ့သို့ မိမိမသိသေးသော အရာများစွာရှိကြောင်းကိုလည်း သဘောပေါက်သူဖြစ်သည်။ ပညာတတ်အောင် ပြုလုပ်ခြင်းသည် ကမ္ဘာလောက၏များစွာသော အစိတ်အပိုင်းနှင့် ပတ်သက်၍ နှိမ့်ချမှု ပြုစေရန်ဖြစ်ပြီး ပါရမီအမြင့်မားဆုံး သူ၌ပင်လျှင် အကန့်အသတ်များရှိကြောင်း သိရှိစေသည်။ တက္ကသိုလ်ကောလိပ် ပညာရေး၏အခြေခံသည် ကမ္ဘာကြီး မည်မျှကျယ်ပြောကြောင်းနှင့် ယင်း၌ပါဝင်သည့်အရာများအကြောင်း သိမြင်စေရန်ဖြစ်သည်။ ပညာတတ်သောသူသည် အရာရာ၌ ကျွမ်းကျင်သူဖြစ်ကြောင်း မိမိကိုယ်မိမိ မတွေးရုံမက ယင်းတို့အနက် တစ်စိတ်တစ်ပိုင်းကိုပင် မိမိကျွမ်းကျင်သည်ဟု ထင်မထားပေ။ သူသည်ကျယ်ပြောလှသော အရာ၏ အချို့သောအရာများကို သိမြင်နိုင်ရန် ကြိုးပမ်းပြီး လုပ်သင့်လုပ်ထိုက်သော လမ်းကြောင်းများကို ရေးဆွဲကာ ခရီးစဉ်ကပေးသည့် ရေရှည်တည်တံ့သော တန်ဖိုးများ၏ အဓိပ္ပာယ်ကို ရှာဖွေသည်။

ဦးတည်ရာမဲ့ ပြန့်ကျဲနေသော၊ ပြိုင်ဆိုင်မှု ပြင်းထန်သော ကမ္ဘာကြီး၌ လူတစ်ဦးအနေဖြင့် လိုက်လံရှာဖွေရန်အတွက် အဓိပ္ပာယ်များနှင့် တန်ဖိုးများနှင့်ပတ်သက်၍ ရင်းမြစ်များကို ပေးခြင်းသည် တက္ကသိုလ်ကောလိပ် ပညာရေးဖြစ်သည်။ သမုဒ္ဒရာဥပမာအရ ပြောရလျှင် မြင့်မားသည့် ပညာရေးမရှိသော ဘဝသည် ကောင်းစွာမမြင်ရဘဲ ရေထဲ၌ ကူးခတ်နေခြင်းနှင့် တူ၏။ ပို၍ ပို၍ မြင်လာရစေရန်အတွက် ပညာရေးက အကူအညီပေးနိုင်သည်။ ပျမ်းမျှသဘောအရ ပညာတတ်လျှင် ဝင်ငွေမြင့်မားနိုင်သော်လည်း တက္ကသိုလ်ကောလိပ် ပညာရေးဟူသည် ဝင်ငွေရှာရန် ပါ၀ါမြင့်မားရေးမဟုတ်ပါ။ တက္ကသိုလ်ကောလိပ်ဟူသည် စူးစမ်းရှာဖွေရေးနှင့် ကြီးပြင်းရင့်ကျက်ရေးဖြစ်သည်။ ဉာဏ်ပညာတို့နှင့် အသိဉာဏ် တို့အတွက် ပြင်းထန်သော လေ့ကျင့်ခန်းသာဖြစ်သည်။ ပညာတတ်သူတစ်ဦးသည် နေရာတကာ၌ စမတ်ကျနေမည် မဟုတ်သော်လည်း ပိုမိုချမ်းသာ ကြွယ်ဝသူနှင့် မိမိဝန်းကျင်ရှိ အရာများနှင့်ပတ်သက်၍ ပို၍ရှုပ်ထွေးသော အရာများကို နားလည်သဘောပေါက်သူ ဖြစ်နိုင်သည်။

လူသားတို့၏ အတွေ့အကြုံနှင့်ပတ်သက်သော အရောင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနှင့် အရွယ်အစားအမျိုးမျိုးတို့ကို ကောင်းမွန်စွာ သိမြင်လျက် ယင်းမှနေ၍ အကျိုးကျေးဇူးရရှိအောင် ပြုလုပ်ရန်အတွက် ပညာတတ်သော လူတစ်ယောက်ဖြစ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 မတ်လ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော် 

Most Read

Most Recent