“မီးက ပုံမှန်မလာတော့ ရေတင်လို့လည်း မရဘူး။ ရေကလည်း မလာတဲ့အချိန်က မလာဆိုတော့ မီးလာရင် ရေမလာ၊ ရေလာရင်မီးမလာတော့ သုံးစရာရေမရှိတော့ဘူး”ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ နေထိုင်သူအများစုအများစု ကြုံတွေ့နေရသည့်ဒုက္ခမှာ မီးပြတ် ရေပြတ်နေသည့် ဒုက္ခဖြစ်သည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၁၃၀၄ မဂ္ဂါဝပ်ခန့် လျော့နည်းမည်ဖြစ်သဖြင့် မတ် ၁၂ ရက်မှ ၁၈ ရက် အတွင်း အချို့နေရာများတွင် အပိုင်းလိုက်၊ အချိန်ပိုင်းအလိုက် လျှပ်စစ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက မတ် ၇ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ပုံမှန်အချိန်တွင် အမြင့်ဆုံး ဓာတ်အားထုတ်လုပ်နိုင်မှုသည် ၄၂၀၀ မဂ္ဂါဝပ်ခန့်ရှိကြောင်း၊ သို့သော်လည်း LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု ၇၅၀ မဂ္ဂါ ဝပ်ခန့်မှာ ဓာတ်ငွေ့စျေးနှုန်းမြင့်တက်နေသဖြင့် ရပ်တန့် ထားရခြင်း၊ ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)- တောင်ငူ ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီဘီ လူးချောင်း (၂)-တီကျစ် ဓာတ်အားလိုင်းများသည် ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းကြောင့် ပုံမှန်ပို့လွှတ်လျက်ရှိသည့် ၂၂၀ မဂ္ဂါဝပ်ခန့်မှာ ပို့ လွှတ်နိုင်ခြင်း မရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိရာ စုစုပေါင်းဓာတ်အား ထုတ်လုပ်နိုင်မှု ၉၇၀ မဂ္ဂါဝပ်ခန့် ဆက်လက်လျော့နည်းနေသဖြင့် ဝန်အားထိန်းညှိခြင်းများ ဆောင်ရွက်၍ အလှည့်ကျဓာတ်အားဖြန့် ဖြူးနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရတနာ၊ ဇောတိကနှင့် ရွှေကမ်း လွန်စီမံကိန်းများနှင့် ကုန်တွင်းဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့ ကိုအသုံးပြု၍ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများဖြင့် ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ်ခန့်ကို နိုင်ငံ တော်ဓာတ်အားစနစ်သို့ ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိပြီး လက်ရှိအချိန်တွင် ရွှေကမ်းလွန်စီမံကိန်းမှ တစ် ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ သန်းပေါင်း ၁၃၀ သန်းကို အသုံးပြု၍ ဓာတ်အား ၆၆၈ မဂ္ဂါဝပ်ခန့် ထုတ် လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ယခုအခါ ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်း သစ်နှစ်တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းသို့ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေ အောက်ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းများကို မတ် ၁၂ ရက်မှ မတ် ၁၈ ရက်ထိ ဆောင် ရွက်မည်ဖြစ် သဖြင့် စုစုပေါင်းဓာတ်အား ၃၃၄ မဂ္ဂါဝပ်ခန့်သာ ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ယင်းထုတ်ပြန်ချက်မတိုင်မီကတည်းက ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားရရှိမှုမှာ ယခင်ကလို မရရှိတော့ဘဲ မီးပြတ်ချိန် ပို၍များလာကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။
“အဲဒီစာမထုတ်ခင်ကတည်းက မီးကပြတ်နေတာပဲ။ မီးဘယ်အချိန်လာရင် ဘယ်အချိန်ပြတ်မလဲဆိုတာကို ကိုယ့်ဘာသာကိုယ် မှတ်ထားရတယ်။ လျှပ်စစ်ဌာနက ဘယ်အချိန်ပြတ်မလဲဆိုတာ လုံးဝမထုတ်ပြန်ဘူး”ဟု သာကေတမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တွင်းနေထိုင်သူများမှာ ဂျိုးဖြူရေ၊ အဝီစိတွင်းရေများကိုသာ အားကိုးနေရပြီး ယင်းရေများကိုလည်း လျှပ်စစ်မီးလာပါက ရေတင်ခြင်းများကို ပြုလုပ်လျက်ရှိရာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားလာ သည့်အချိန်တွင် ရေဒုက္ခမှာ နောက်ဆက်တွဲလိုက်လာသည်ဟု ဆိုရမည်ဖြစ်သည်။
“မီးမလာရင် ရေတင်လို့မရဘူး။ ရေမရှိတော့ အကုန်ဒုက္ခရောက်တယ်။ တချို့တိုက်ခန်းတွေဆို အိမ် သာတက်ဖို့တောင် ရေမရှိတာတွေ ဖြစ်နေတယ်”ဟု မြောက်ဒဂုံမြို့နယ်ရှိ အိမ်ရာတစ်ခုတွင် နေထိုင်သူတစ် ဦးက ပြောကြားသည်။
မီးလာသည့်အချိန်တွင်လည်း ရေစက်များကို စုမောင်းရခြင်းကြောင့် မီးအားမနိုင်သဖြင့် ပျက်စီး ရခြင်းများလည်းရှိနေကြောင်း သိရသည်။
“မီးလာတော့ အကုန်လုံးက ရေစက်ဖွင့်ကြတယ်။ မီးကမမှန်တော့ ရတဲ့အချိန်လေးရေတင်ရတာ။ ဘာဖြစ်လဲဆိုတော့ မီးကိုစုပြုံသုံးရတော့ မီးအားကမနိုင်တော့ဘူး။ တချို့လမ်းတွေဆိုဘရိတ်ကာတွေပြုတ်ကျ၊ ရေစက်တွေကလောင်နဲ့ အဲဒီလိုတွေဖြစ်ကုန်တယ်”လသာမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
တိုက်ခန်းအများစုမှာ ဂျိုးဖြူရေ အသုံးပြုသူများသဖြင့် မီးလာသည့် အချိန်တွင် ရေလာမှသာ အဆင်ပြေ ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
“မီးလာတဲ့အချိန်ရေကလည်း လာဦးမှ။ ရေမလာရင်ဘာမှလုပ်မရဘူး” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရေတင်ပေးရန် မီးစက်အငှားလိုက်သည်ဆိုသော ကြော်ငြာတစ်ခုမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပေါ်ထွက်လာပြီး ရန်ကုန်ဒေသခံများအကြား ရေပန်းစားခဲ့သည်။
“ကျွန်တော်တို့ တိုက်ခန်းက စုပြီး ရေမောင်းပေးမယ့်သူကိုငှားရတယ်။ သူကမီးစက်နဲ့ ရေတင်ပေးတာ။ တစ်နာရီကို ကိုးထောင်ပေးရတယ်။ ဆီဖိုးကျတော့ သပ်သပ်ပေးရတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တွင်းနေထိုင်သူများနှင့် ဆင်ခြေဖုံးမြို့နယ်များတွင်နေထိုင်သူများအတွက် လိုက်လံဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း မီးစက်ဖြင့် ရေမောင်းပေးသည့် လုပ်ငန်းကိုလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
“ဝေးတဲ့မြို့နယ်ဆိုရင်တော့ ကားခထပ်ပေးရမယ်။ မြို့နယ်နီးရင်တော့ ပြသာနာမရှိဘူး။ ဆီဖိုးကတော့ စက်ငှားတဲ့သူကပေးရတာ။ ကျွန်တော်တို့က စက်ငှားခအနေနဲ့ပဲ ယူတာ။ မီးစက်က ခဏခဏမောင်းရင်လည်း အဆင်ပြေတာမဟုတ်ဘူး။ စက်ထိတယ်။ တစ်ရက်ကို ငါးနာရီလောက်ကတော့ မောင်းရတယ်” ဟု မီးစက်အငှားလိုက်ဝန်ဆောင်မှုပေးသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သောက်သုံးရေလိုအပ်ချက်ရှိသဖြင့် အကူအညီတောင်းခံမှုများ ရှိနေသဖြင့် လိုက်လံကူညီပေးနေရကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြော ကြားသည်။
“အခုအကူအညီတောင်းတာက ရန်ကုန်တိုင်းထဲက မြို့နယ်တွေ တော်တော်များလာတယ်။ ဒီရက် ပိုင်းမှာပဲပေါ့”ဟု ဦးထွန်းထွန်းဦးက ပြောကြားသည်။
ရှင်သန်ရေးကူညီမှုအသင်းမှာ ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရေလှူဒါန်းခြင်းများပြုလုပ်လျက်ရှိရာ ယခင်နှစ်များက နွေရာသီတွင် ဒလ၊ သုံးခွ၊ ခရမ်း စသည့်မြို့နယ်များသို့ သောက်သုံးရေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။
“အရင်တုန်းက အဲဒီမြို့နယ်တွေကိုပဲ သွားလှူရတယ်။ ဒီနှစ်ကတော့ အဲဒီနေရာတွေကိုတောင် မသွားနိုင်ဘဲ ရန်ကုန်မြို့တွင်းစည်ပင်နယ်နိမိတ်ခေါ်မှာပေါ့။ အဲဒီနေရာတွေပေါ့။ ဒီနှစ်က အဲဒီနေရာတွေ လိုအပ်မှုများတယ်”ဟု ဦးထွန်းထွန်းဦးက ပြောကြားသည်။
လူမှုကူညီရေးအသင်းများအတွက် အဓိကအခက်အခဲမှာ စက်သုံးဆီစျေး မြင့်တက်မှုကြောင့် ရေလိုအပ်မှု တောင်းခံသည့်နေရာများကို အကုန်ကူညီနိုင်ခြင်းမရှိကြောင်း ဦးထွန်းထွန်းဦးက ပြောကြားသည်။
မတ် ၈ ရက်တွင် ရန်ကုန်စက်သုံးဆီစျေးကွက်အတွင်း ရောင်းချနေသည့် စက်သုံးဆီ စျေးနှုန်းများမှာ ၉၅ တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် ၂၃၂၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၃၅ ကျပ် ရှိကြောင်း သိရသည်။
မတ် ၃ ရက်မှ စတင်ကာ စက်သုံးဆီ စျေးနှုန်းမှာ ခုန်တက်လာခဲ့သည်ဟု ဆိုရမည်ဖြစ်ပြီး ယင်းနေ့ တစ်ရက်တည်း ကျပ် ၁၀၀ ကျော် မြင့်တက်ခဲ့သည်။
မတ် ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီစျေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ကျပ် ၁၉၁၀ မှ ၁၉၂၀ ကြားတွင်ရှိပြီး ၉၅ တစ်လီတာလျှင် ၁၉၆၅ကျပ်မှ ၁၉၇၅ ကြားတွင် ရှိသည်။ ဒီဇယ်မှာလည်း တစ်လီတာလျှင် ၁၉၂၅ ကျပ် ရှိပြီး ပရီမီယံဒီဇယ်မှာ တစ်လီတာ လျှင် ၁၉၃၅ ကျပ်သို့ ရောက်ရှိခဲ့သည်။
မတ် ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီစျေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ကျပ် ၁၇၈၀၊ ၉၅ တစ်လီတာလျှင် ၁၈၃၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၇၆၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၇၇၅ ကျပ်သာရှိခဲ့သည်။
ယင်းကြောင့် စက်သုံးဆီစျေးနှုန်းများမှာ တစ်ရက်အတွင်းမှာပင် အနိမ့်ဆုံး ကျပ် ၁၃၀ ကျော်မြင့်တက် လာခဲ့ခြင်းဖြစ်သည်။
မတ် ၁၂ ရက်တွင် စက်သုံးဆီ စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၀၀၀ ရောက်ရှိနေပြီး ယခင်ရက်များထက် စျေးနှုန်းကျ ဆင်းလာခဲ့သည်ဟု ဆိုရမည်ဖြစ်သော်လည်း စက်သုံးဆီစျေးနှုန်းမှာ ယခင်ထက်များစွာမြင့်တက်နေဆဲ ဖြစ်သည်။
စက်သုံးဆီစျေးနှုန်းများမှာ ရန်ကုန်တိုင်းဒေသကြီးမှာ အနိမ့်ဆုံးဖြစ်ပြီး အခြားဒေသများမှာ ရန်ကုန်တိုင်း ပေါက်စျေးထက် များစွာမြင့်တက်လျက်ရှိသည်။
“ခါတိုင်းဆို စက်သုံးဆီက တစ်လီတာမှ လေးငါးရာပေါ့။ တစ်ဂါလန်မှ နှစ်ထောင်၊ နှစ်ထောင့်ငါးရာပေါ့။ ပြီးခဲ့တဲ့နှစ်အထိ ကျွန်တော်တို့အသင်းဆိုရင် အရင်တုန်းက ရေအလှူကို အခမဲ့အကူအညီပေးနိုင်တယ်။ ဒီနှစ်ကျတော့ ဆီစျေးက တအားတက်လာတော့ စရိတ်မျှပေးစနစ်နဲ့ လုပ်လိုက်ရတယ်။ ကျွန်တော်တို့ ရေ ကားက ဂါလန် ၃၂၀၀ ဆံ့တယ်။ အဲဒီ ကားတွေထွက်ရင် ခန့်မှန်းခြေ လေးဂါလန်ခွဲ၊ ငါးဂါလန်လောက်ကုန် တယ်။ နောက်ပြီး ရေစုပ်စက်နဲ့ တွန်းပြီးတော့မှတင်ရတော့ ဓာတ်ဆီက တစ်ဂါလန်လောက်ကုန်တယ်။ အား လုံးပေါင်းရင် ငါးဂါလန်ခွဲလောက် ကုန်တယ်။ အဲဒီအတွက် တတ်နိုင်သမျှ စရိတ်မျှပေး လုပ်ခိုင်းရတယ်။ တအားနွမ်းပါးတဲ့ လမ်းတွေဆိုရင်တော့ အခမဲ့ပေးတယ်။ နည်းနည်း ပြေလည်တဲ့လမ်းတွေဆိုရင်တော့ တတ်နိုင်သမျှ ကူညီကြဖို့ အလှူခံရတာပေါ့။ တစ်ရက်ကို ဂါလန် ၃၂၀၀ ကားက လေးငါးခေါက်သွားရတယ်။ နှစ်စီးဆိုတော့ ၁၀ ခေါက်လောက် သွားရတယ်။ တစ်ခေါက်သွားရင် ငါးသောင်းခွဲ ခြောက်သောင်း လောက်ကျတယ်။ တစ်ရက်ကို ခြောက်သိန်းလောက်ကျတော့ နေ့တိုင်းလည်း မကူနိုင်ဘူးဖြစ်နေတယ်” ဟု ဦးထွန်းထွန်းဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ခန့်မှန်းတွက်ချက်မှုအရ လူဦးရေ ခုနစ်သန်းနီးပါး နေထိုင်လျက်ရှိပြီး ယင်းတို့အနက် တိုက်ခန်းများ၊ အိမ်ရာများတွင် နေထိုင်သူများလည်းရှိကြောင်း သိရသည်။
ယင်းကြောင့် ရေလိုအပ်ချက်မှာ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ သုံးရေ မရရှိသဖြင့် ချွေတာနေရကြောင်း ရန်ကုန်မြို့ခံများက ပြောကြားသည်။










