ရုရှား-ယူကရိန်းစစ်ပွဲကြောင့် အားကစားနှင့် နိုင်ငံရေးတို့အကြား စည်းခြားထားမှု စံတန်ဖိုးများ ပြိုလဲသွားခြင်း

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် အားကစားနှင့် နိုင်ငံရေးတို့အကြား စည်းခြားထားမှု စံတန်ဖိုးများ ပြိုလဲသွားခြင်း
ဗြိတိန်အစိုးရ၏ ပိတ်ဆို့အရေးယူခံထားရသည့် ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ် (Photo : Getty Images)
ဗြိတိန်အစိုးရ၏ ပိတ်ဆို့အရေးယူခံထားရသည့် ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ် (Photo : Getty Images)
Published 13 March 2022
ပြည့်ဖြိုးအောင်

ကမ္ဘာပေါ်မှာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အပါအဝင် ကဏ္ဍအလိုက် အရာရာတိုင်းက စံနှုန်းတန်ဖိုး များရှိကြပါတယ်။ နိုင်ငံရေးမှာလည်း စံတန်ဖိုးများရှိသလို အားကစားမှာလည်း စံတန်ဖိုးများရှိကြပါတယ်။

အားကစားဟာ နိုင်ငံသားတိုင်းရဲ့ မျိုးချစ်စိတ်ကို မွေးဖွားပေးနိုင်တဲ့ အစွမ်းသတ္တိရှိပြီး နိုင်ငံတကာ အားကစားပြိုင်ပွဲအသီးသီးမှာ မြင်တွေ့နိုင်ပါတယ်။

နိုင်ငံရေးနဲ့ အားကစား သက်ဆိုင်မှုမရှိလို့ ဆိုကြသော်လည်း ရုရှားရဲ့ ယူကရိန်းအပေါ် စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှုကို ကမ္ဘာ့နိုင်ငံအများစုက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခံရပြီးနောက် ရုရှား ရဲ့ အားကစားလောကနဲ့ ပတ်သက်မှုတွေဟာ ထိခိုက်နစ်နာမှုတွေ ရှိလာပြီဖြစ်ပါတယ်။

ရုရှားသမ္မတ ပူတင်က ယူကရိန်းနိုင်ငံကို စစ်ကြေညာပြီး ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံအနှံ့ တိုက် ခိုက်မှုကြောင့် အင်အားကြီး အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံအများစုက ရုရှားအပေါ်အရေး ယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီအရေးယူပိတ်ဆို့တာတွေ အပြင် အားကစားကဏ္ဍမှာလည်း ရုရှားအပေါ်  အရေးယူပိတ်ဆို့တာတွေ ပြုလုပ်လာတာကြောင့် ဘောလုံးအပါအဝင် အားကစားကဏ္ဍအသီးသီးမှာလည်း ထိခိုက်မှုတွေရှိလာခဲ့ပါတယ်။

 

စစ်ပွဲကြောင့် ပိတ်ဆို့ခံခဲ့ရတဲ့ ရုရှားဘောလုံး

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ယူကရိန်းဂန္ထဝင်ဘောလုံးသမား ရှက်ဗ်ချင်ကိုက ရုရှားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်ခြင်းခံနေရတဲ့ မိမိရဲ့နိုင်ငံ ယူကရိန်းဘက်မှ ရပ်တည်ပေးကြဖို့နဲ့ မိမိတို့အနေနဲ့  ငြိမ်းချမ်းရေးကိုသာ အလိုရှိကြောင်း သူရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်အသင်းတွေကလည်း ပွဲစဉ်တွေမှာ ရုရှားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်ခြင်းခံနေရတဲ့ ယူကရိန်းနိုင်ငံဘက်မှ ရပ်တည်ကြောင်းပြသပြီး ငြိမ်းချမ်းရေးကို တောင်းဆိုခဲ့ကြပါတယ်။

အဲဒီနောက်မှာ ရုရှားအပေါ် တုံ့ပြန့်ဖို့ အားကစားလောကမှာ လှုပ်ရှားမှုတွေပြုလုပ်လာပြီး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA) က ရုရှားအသင်းနဲ့ မည်သည့်နိုင်ငံတကာပြိုင်ပွဲမှ ယှဉ်ပြိုင်ကစားမှာ မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သလို ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ကလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ရုရှားအသင်းကိုထုတ်ပယ်ဖို့ တောင်းဆိုခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က  “အနာဂတ်မှာ ရုရှားနဲ့ ဘယ်နိုင်ငံတကာပွဲစဉ်မှ ကစားသွား မှာ မဟုတ်ဘူးဆိုတာ FA အနေနဲ့ အတည်ပြုပါတယ်။ စီနီယာအဆင့်၊ သက်တမ်းအလိုက်နဲ့ မသန်စွမ်းဘောလုံး စ တာတွေအားလုံးပါဝင်ပါတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ဥက္ကဋ္ဌ နိုရယ်လီဂရတ်ကလည်း “အားကစားလောက၊ အထူးသဖြင့် ဘောလုံးလောကအနေနဲ့ ကြားနေလို့မရပါဘူး။ရုရှားကို ထုတ်ပယ်ရင် ဆန့်ကျင်သွားမှာ မဟုတ်ဘူးဆိုတာ သေချာပြောနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အဲဒီ နိုင်ငံနဲ့ ဘောလုံးကစားတာကို ဘယ် လိုကြည့်နေနိုင်မှာလဲ”လို့ ပြောကြားခဲ့ပါတယ်။

ရုရှား-ယူကရိန်း ပဋိပက္ခတွေကြောင့် ရုရှားဘောလုံးအသင်းအပေါ် အရေးယူပိတ်ဆို့မှုအနေနဲ့ ပွဲစဉ်တွေကို ကြားကွင်းမှာသာ ယှဉ်ပြိုင် ကစားဖို့နဲ့ ရုရှားနိုင်ငံအလံဖော်ပြခြင်း၊ နိုင်ငံတော်သီချင်းဖွင့်လှစ်ခြင်း ခွင့်မပြုဖို့  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကနဦး ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်  ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရုရှား-ပိုလန်ပွဲကို မတ် ၂၄ ရက်မှာ ရုရှားနိုင်ငံမှာ ကျင်းပရမှာဖြစ်ပေမဲ့ ပြိုင်ဘက် ပိုလန်အပါအဝင် ချက်နဲ့ ဆွီဒင်အသင်းတို့ကပါ ရုရှားနဲ့ ယှဉ် ပြိုင်ကစားမှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။

FIFA က ရုရှားအသင်းရဲ့ လာမယ့်ပွဲစဉ်တွေ အိမ်ကွင်းအစား ကြားကွင်းမှာသာကစားဖို့၊ အသင်းနာ မည်ကိုလည်း ရုရှားလို့ အသုံးပြုခွင့် မပေးဘဲ ရုရှားဘောလုံးသမဂ္ဂ (RFU) အဖြစ် ပြောင်းလဲအသုံးပြုဖို့၊ နိုင်ငံအလံနဲ့ နိုင်ငံတော်သီချင်းကိုလည်း အသုံးပြုခွင့်မပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပိုလန်၊ ချက်နဲ့ ဆွီဒင်ဘောလုံးအဖွဲ့ချုပ်တို့က အဲဒီဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ တုံ့ပြန်ကြေညာခဲ့ကြပါတယ်။     

ဒါ့အပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နဲ့ ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) တို့က ရုရှား ကလပ်အသင်းတွေနဲ့ လက်ရွေးစင် အသင်းအားလုံးကို ၎င်းတို့ကြီးမှူးကျင်းပနေတဲ့ ပြိုင်ပွဲအားလုံးမှာ ယှဉ် ပြိုင်ကစားခွင့် ပိတ်ပင်လိုက်ကြောင်း ပူးတွဲကြေညာချက်ကို ထပ်ပြီးထုတ်ပြန်ခဲ့ပါတယ်။

FIFA နဲ့ UEFA တို့ရဲ့ ပိတ်ပင်မှုမှာ ရုရှားအမျိုးသမီးအသင်းလည်း ပါဝင်တဲ့အတွက် ၂၀၂၃ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြင် ၂၀၂၂ အမျိုးသမီးယူရိုပြိုင်ပွဲတွေမှာလည်း ယှဉ်ပြိုင်ခွင့်မရတော့ပါဘူး။

အဲဒီလို FIFA နဲ့ UEFA တို့ ရဲ့ ပိတ်ပင်မှုကို နောက်ထပ်ပြောင်းလဲပြင်ဆင်တဲ့ ကြေညာချက် မထုတ်ပြန်မချင်း သက်ရောက်မှုရှိမှာဖြစ်တာကြောင့် ရုရှားနိုင်ငံရဲ့ကျူးကျော် တိုက်ခိုက်မှုရပ်တန့်မှသာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

UEFA ကလည်း ၂၀၁၂ ခုနှစ် ကတည်းက စပွန်ဆာအဖြစ် လက်တွဲထားတဲ့ ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom နဲ့ စာချုပ်ကိုလည်း ဖျက်သိမ်းလိုက်ပြီး တစ်ရာသီကို ပေါင် သန်း ၄၀ ဝန်းကျင်ရရှိနေပေမဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ရုရှားဘောလုံးအဖွဲ့ချုပ် (RFU) ကတော့ အဲဒီလို ရုရှားလက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းတွေကို ပြိုင်ပွဲအားလုံး ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့တဲ့ FIFA နဲ့ UEFA တို့ရဲ့ ဆုံးဖြတ်ချက်အပေါ် ပြတ်ပြတ်သား သားဆန့်ကျင်ကြောင်းနဲ့ အဲဒီဆုံးဖြတ်ချက်က အားကစားသမား ပီသမှု၊ တရားမျှတစွာယှဉ်ပြိုင်မှု စရိုက် လက္ခဏာတွေကိုဆန့်ကျင်ပြီး နိုင်ငံတကာပြိုင်ပွဲများရဲ့ စံနှုန်းထားနဲ့ ဥပဒေသတွေကို ချိုးဖောက်လွန်းရာ ကျတယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 

အားကစားနဲ့နိုင်ငံရေးတို့အကြား စည်းခြားထားမှု စံတန်ဖိုးများ ပြိုလဲသွားခြင်း

ယူကရိန်းနိုင်ငံကို ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားအပေါ် နိုင်ငံအရေးအရ အရေးယူပိတ်ဆို့ရာမှာ ဗြိတိန်အစိုးရရဲ့ အရေးယူပိတ်ဆို့မှု ထဲမှာ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်လည်းပါဝင်လာပါတယ်။

ဒါဟာ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်က ရုရှားသမ္မတပူတင်နဲ့ နီးစပ်သူဖြစ်တာကြောင့် ဗြိတိန်အစိုးရက ၎င်းရဲ့ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့အရေးယူမှုစာရင်းမှာ ထည့်သွင်းခဲ့တာဖြစ်ပြီး ချယ်လ်ဆီး အသင်းအတွက်တော့ ထိခိုက်ဆုံးရှုံးမှုတွေက တော်တော်လေးကြီးပါတယ်။

အေဘရာမိုဗစ်ချ်အနေနဲ့ ချယ်လ်ဆီးအသင်းကို ပြန်လည်ရောင်းချဖို့ စီစဉ်နေတာကို ရပ်ဆိုင်း ထားရမှာဖြစ်သလို လက်မှတ်ရောင်းချမှု၊ ကစားသမားခေါ်ယူမှုအပြင် အမှတ်တရပစ္စည်း အရောင်းဆိုင်ကိုပါ ပိတ်ထားလိုက်ရပါပြီ။

ဒါ့အပြင် ကစားသမားသစ်ခေါ် ယူခွင့်ရမှာမဟုတ်သလို အသင်းမှာရှိတဲ့ ကစားသမားနဲ့ ဝန်ထမ်းတွေကို စာချုပ်သက်တမ်းတိုးခြင်း၊ ရောင်းချခြင်းတွေလည်း ပြုလုပ်ခွင့်ရတော့မှာမဟုတ်ပါဘူး။ ချယ်လ်ဆီးအသင်းရဲ့ လာမယ့်ပွဲစဉ်တွေအတွက် လက်မှတ်ရောင်းချခွင့်ရတော့မှာမဟုတ်ဘဲ တစ်ရာသီစာလက်မှတ်ဝယ်ယူ ထားသူတွေသာ ကြည့်ရှုခွင့်ရတော့မှာဖြစ်ပြီး အဝေးကွင်းပွဲစဉ်တွေလည်း လိုက်ပါကြည့်ရှုခွင့်ရမှာ မဟုတ်ဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတယ်။

ဒါ့အပြင် ဗြိတိန်အစိုးရက ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို အရေးယူပိတ်ဆို့မှုစာရင်း ထည့်သွင်းကြောင်း ကြေညာခဲ့ပြီးနောက် Three မိုဘိုင်းကုမ္ပဏီက ချယ်လ်ဆီးအသင်းနဲ့ ရင်ဘတ်စပွန် ဆာစာချုပ်ကို ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံ ရက်ဒင်းမြို့အခြေစိုက် Three UK ဟာ ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှု ပေးတဲ့ကုမ္ပဏီဖြစ်ပြီး ၂၀၂၀- ၂၀၂၁ ရာသီမှစတင်ကာ ချယ်လ်ဆီးအသင်းကို အကျႌရင်ဘတ်စပွန်ဆာပေးခဲ့ တာဖြစ်ပြီး စာချုပ်တန်ဖိုးက တစ်နှစ် ပေါင်သန်း ၄၀ ဖြစ်ပါတယ်။

ဒါကြောင့် ချယ်လ်ဆီးအသင်းဟာ  လာမယ့်ပွဲစဉ်တွေမှာ စပွန်ဆာမပါတဲ့အကျႌ ဝတ်ဆင်ရတော့မှာဖြစ်သလို အဲဒီအမှတ်တံဆိပ်ကို အကျႌအပြင် ဘောလုံးကွင်းနှင့် အခြားနေရာတွေမှာ ဖော်ပြမှုကိုပါ ရပ်ဆိုင်းထားရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းရဲ့လုပ်ငန်းတွေ ဆက်ပြီး လည်ပတ်နေဖို့ အထူးလိုင်စင်အနေနဲ့ ခွင့်ပြုပေးထားတာဖြစ်ပြီး ပွဲစဉ်တွေကို ပုံမှန်အတိုင်း ယှဉ်ပြိုင်ကစားဖို့၊ ဝန်ထမ်းနဲ့ ကစားသမားတွေကို လစာပေးချေဖို့ ခွင့်ပြုထားပါတယ်။

ဒါပေမဲ့ ဝင်ငွေရလမ်းအားလုံး ရပ်ဆိုင်းသွားပြီဖြစ်သလို အသုံးစရိတ်ကိုလည်း အိမ်ကွင်းပွဲစဉ်တွေ အတွက် ပေါင်ငါးသိန်းနဲ့ အဝေးကွင်း ပွဲစဉ်တွေအတွက် ပေါင် ၂၀၀၀၀ ပဲ ခွင့်ပြုပေးထားပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲကို အဓိကစပွန်ဆာပေးထားတဲ့ Barclays ဘဏ်က ချယ်လ်ဆီး အသင်းရဲ့ အကြွေးဝယ်ကတ်အသုံးပြုခွင့်ကိုပါ ရပ်ဆိုင်းထားလိုက်ပြီဖြစ်လို့ အခက်အခဲတွေ ပိုပြီးရင်ဆိုင်လာရဖို့ရှိနေပါပြီ။

အေဘရာမိုဗစ်ချ်အနေနဲ့ ချယ်လ်ဆီးအသင်းကို ၂၀၀၃ ခုနှစ် ကတည်းက ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး သူပိုင်ဆိုင်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါး အတွင်းမှာ ချယ်လ်ဆီးအသင်းက ဥရောပမှာ ထိပ်တန်းအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်သလို အောင်မြင်မှုတွေလည်း ရရှိထားပါတယ်။

ဗြိတိန်အစိုးရရဲ့ နိုင်ငံရေးအရ အရေးယူပိတ်ဆို့မှုကတစ်ဆင့် ထိခိုက်မှုတွေရှိလာတဲ့ ချယ်လ်ဆီးအသင်းဟာ  ပရိသတ်တွေရဲ့ အားပေးမှု၊ ကစားသမားတွေအပါအဝင် အသင်းမှာ တာဝန်ထမ်းဆောင်နေသူတွေရဲ့ အနာဂတ်ပါ မရေမရာဖြစ်လာသလို  ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ခွင့်ဆုံးရှုံးခဲ့မယ်ဆိုရင်  အောင်မြင်မှုတွေရရှိ ထားတဲ့ ချယ်လ်ဆီးအသင်းရဲ့ အနာဂတ်တွေက ပြိုလဲသွားတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် ယူကရိန်း-ရုရှားအရေးနဲ့ ပတ်သက်ပြီး လူပုဂ္ဂိုလ်တွေရဲ့ စံတန်ဖိုးတွေလည်း ပြိုလဲမှုရှိလာခဲ့ပါတယ်။ 

ရုရှားရဲ့ ကျူးကျော်စစ်အကြောင်း ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ နှုတ်ဆိတ်နေတဲ့ ယူကရိန်း လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း တီမိုချူခ်ကို ယူကရိန်းဘောလုံးအဖွဲ့ချုပ် (UAF) အရေးယူမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တီမိုချူခ်အနေနဲ့၂၀၁ရခုနှစ်မှ စတင်ကာ ရုရှားကလပ် ဇင်းနစ်အသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေပြီး အသက် ၄၂ နှစ်ရှိ ပြီဖြစ်တဲ့ တီမိုချူခ်ဟာ ယူကရိန်း လက်ရွေးစင်အသင်းအတွက်လည်း ၂၀၀၀ မှ ၂၀၁၆ ခုနှစ်အတွင်း ၁၄၄ ပွဲကစား၊ လေးဂိုးသွင်းယူကာ အသင်းသမိုင်းတစ်လျှောက် ပွဲအများ ဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်ပါတယ်။

UAF ရဲ့ထုတ်ပြန်မှုအရ ဇင်းနစ်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ တီမိုချူခ်ရဲ့ဆုံးဖြတ်ချက်ဟာ ယူ ကရိန်းဘောလုံးလောကရဲ့ ပုံရိပ်ကို ပျက်စီးစေကြောင်း၊ ရန်သူရဲ့ကလပ်အတွက် လုပ်ကိုင်နေဆဲဖြစ်ကြောင်း၊ ဒါ့ကြောင့် ၎င်းရဲ့နည်းပြလိုင်စင်ကို ပယ်ဖျက်ပြီး ကလပ်အသင်းနဲ့အောင်မြင်မှုတွေ၊ လက်ရွေးစင်အသင်းနဲ့ မှတ်တမ်းတွေကိုပါ ပယ်ဖျက်သွားမှာ ဖြစ်လို့ ယူကရိန်းအသင်းနဲ့အတူ အောင်မြင်မှုတွေရရှိထားတဲ့ တီမို ချူခ်ရဲ့စံတန်ဖိုးတွေဟာလည်း ပြိုလဲသွားမှာဖြစ်ပါတယ်။

ဘောလုံးအားကစားအပြင် အခြားသော အားကစားနယ်ပယ် အသီးသီးမှာလည်း ရုရှားအပေါ် အရေးယူမှုတွေ ပြုလုပ်လာနေကြပြီဖြစ်လို့ ရုရှားအားကစားသမားတွေရဲ့ အနာဂတ်က မရေမရာအခြေအနေ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

အားကစားနဲ့ နိုင်ငံရေးရောထွေးလို့ အရေးယူခဲ့တဲ့ သာဓကများ

တကယ်တော့ အားကစားနဲ့ နိုင်ငံရေးဆိုတာ ရောထွေးလို့မရဘူးလို့ ကြိမ်ဖန်များစွာ ကြားဖူးကြမှာပါ။ စပိန်ကလပ် ဘာစီလိုနာအသင်းဟာ ၂၀၁၅ ခုနှစ်က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဂျူဗင်တပ်စ်အသင်းနဲ့ ယှဉ် ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပရိသတ်တွေက ကတ်တလန်ဒေသလွတ်လပ်ရေး ထောက်ခံအား ပေးတဲ့အပြုအမူကြောင့် ဒဏ်ကြေးချမှတ်ခံရဖူးပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ ထုတ်ပြန်မှုအရ ဘာစီလိုနာအသင်းအနေနဲ့ အားကစား-နိုင်ငံရေး ရောထွေးခြင်း မပြုရတဲ့ စည်းမျဉ်းအမှတ် 16(2)(e) နဲ့ ငြိစွန်းခဲ့တာကြောင့် ဒဏ်ကြေး ယူရို ၃၀၀၀၀ ချမှတ်ခံခဲ့ရပါတယ်။

အဲဒီစည်းမျဉ်းမှာ “အားကစားပြိုင်ပွဲနဲ့မသင့်လျော်တဲ့အပြုအမူတွေ၊ စကားလုံးတွေ၊ အရာဝတ္ထုတွေ ဖော်ပြခြင်းမပြုရ။ အထူးသဖြင့် နိုင်ငံရေး၊ ဘာသာရေး၊ ရန်စပုတ်ခတ်တဲ့ ပြောဆိုမှုတွေ မပြုလုပ်ရ”လို့ ဖော်ပြထားတာပါ။

ဒါ့အပြင် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PPSI) ဟာလည်း အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုတွေရှိလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ အရေးယူမှု ခံခဲ့ရဖူးပါတယ်။ အင်ဒိုနီးရှားအသင်းဟာ အစိုးရရဲ့စွက် ဖက်မှုကြောင့် ၂၀၁၅ ခုနှစ်ကနေ ၂၀၁၆ အထိ တစ်နှစ်ကြာ FIFA အသိအမှတ်ပြုပြိုင်ပွဲအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။

အားကစားနဲ့ နိုင်ငံရေး ရောယှက်မှုမရှိဘူးလို့ ဆိုကြပေမဲ့ ယူကရိန်းနိုင်ငံအပေါ် ရုရှားနိုင်ငံရဲ့ ကျူးကျော်မှုကြောင့် အားကစားလောကမှာ ပြင်းပြင်းထန်ထန်ကန့်ကွက်မှုရှိလာတာကြောင့် အားကစားနဲ့ နိုင်ငံရေးအကြား စည်းခြားထားတဲ့ စံတန်ဖိုးတွေလည်း ပြိုလဲသွားပြီဖြစ်ပါတယ်။

Most Read

Most Recent