“ကားထဲမှာ ဘောလုံးခြောက်လုံးပါလာတယ်။ ကြည့်ရှင်းလိုက်” မော်လမြိုင်-ထားဝယ်-မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးမှာ မောင်းနှင်နေတဲ့ ကားတစ်စီးထဲက ထွက်လာတဲ့အသံ။ ဘောလုံးဆိုတာ ဘာကိုရည်ညွန်းသလဲဆိုတာ ဒေသခံတွေ အားလုံးသိကြပါတယ်။ သူတို့ကိစ္စ သူတို့ရှင်းလိုက်ကြတာလည်းတွေ့ပါတယ်။ ဒီဖြစ်စဉ်တွေက နှစ်နှစ်အတွင်းမှာ ပြန်လည်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဒီဘက်ခေတ် ဘောလုံးတွေသွားတဲ့လမ်းကြောင်းက တနင်္သာရီတိုင်းဒေသကြီးက နယ် စပ်တစ်လျှောက်ဖြစ်ပါတယ်။ နယ်စပ်လို့ ဆိုရာမှာလည်း နယ်စပ်တောလမ်းများကို အသုံးပြုပြီး တစ်ဖက် နိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားလာကြပါတယ်။
၁၉၉၀ ပြည့်နှစ်ကျော်ပိုင်းမှာတော့ တစ်ဖက်နိုင်ငံကို တရားမဝင်သွားရောက်တဲ့သူတွေက မြန်မာ နိုင်ငံတောင်ဘက်အစွန်ဆုံး ကော့သောင်းကိုဦးတည်ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက ကော့သောင်း ကနေတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့ကို ရေလမ်းခရီးဖြင့်ဝင်ရောက်ကြပါတယ်။ ပဲ့ချိတ်လေးတွေနဲ့ လမ်း ကြောင်း ကြည့်ရှင်းစနစ်နဲ့ ပေါ်ပေါ်ထင်ထင်သွားတဲ့သူတွေရှိသလို ပုန်းလျှိုးကွယ်လျှိုးနဲ့ ညသန်းခေါင်အချိန် တွေမှာရေလမ်းခရီးကိုဖြတ်ပြီး ဝင်ရောက်ကြတဲ့သူတွေရှိပါတယ်။
“အရင်တုန်းကအမြန်ရေယာဉ်ခေတ်လေ။ ထားဝယ်၊ မြိတ်ကနေ အမြန်ရေယာဉ်တွေနဲ့ ဘောလုံး တွေ ကော့သောင်းကိုအပြည့်ပါလာတယ်။ ညနေစောင်းဆိုရင် ကော့သောင်းကိုရောက်ပြီ။ အဲဒီမှာ တစ်ည အိပ်ဖို့တည်းခိုခန်းတွေလိုတယ်လေ။ တည်းခိုခန်းတွေဆိုရင် အခန်းတွေနေ့တိုင်းပြည့်နေတဲ့အပြင် ဝရန်တာတွေ၊ လူသွားလမ်းတွေမှာပဲ အိပ်လို့ရရင်ပြီးရောဆိုပြီး တည်းခိုကြတယ်။ တည်းခိုခန်းလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊ ဆိုင်ကယ်တက္ကစီတွေ၊ ပဲ့ချိတ်လှေတွေ အရမ်းအလုပ်ဖြစ်ကြတယ်။ မနက်လင်းတာနဲ့ တရားဝင်ရော တရားမဝင်ရောရှိတဲ့သူတွေအကုန်ရနောင်းကိုကူးကြတာပဲ။ နေ့တိုင်းလိုလိုပဲ တည်းခိုခန်းတွေက ညဆိုရင် လူပြည့်လိုက်၊ မနက်မိုးလင်းရင် ပြောင်သလင်းခါသွားလိုက်ပါပဲ”လို့ ကော့သောင်း မြို့ခံတစ်ဦးက ပြောကြားပါတယ်။
“အလုပ်အကိုင်ရှားပါးမှု၊ ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ တိုင်းပြည်မငြိမ်သက်မှုတွေကြောင့် မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံကို အဓိကထွက်ခွာသွားခဲ့ကြပါတယ်။ မဟာချိုင်၊ ရနောင်း၊ စူရတ်ဌာနီ၊ ပါတာနီ၊ ဖူးခက်စတဲ့ ဒေသတွေကို သွားရောက် အလုပ်ရှာဖွေကြပါတယ်။ မော်လမြိုင်၊ ထားဝယ်ဘက်က ဆင်းလာတဲ့သူတွေက မြိတ်ကနေ တစ်ဆင့်ကားတွေနဲ့ သွားကြတာလည်းရှိတယ်။ အဲဒီအချိန်တုန်းက မှန်လုံကားတွေဆိုပေမဲ့ အဲကွန်းမရှိဘူး။ ဘတ်စ်ကားတွေ၊ လိုင်းကားတွေလို တိုးကျပ်ပြီးစီးကြရတယ်။ မြိတ်ကနေ ကော့သောင်းကို လမ်းမကောင်းလို့ ၁၅ နာရီလောက်ရပ်ပြီး စီးသွားရတဲ့ သူတွေလည်းရှိတယ်။ ကားတစ်စီးလုံးက ဘောလုံးတွေ အပြည့်ပဲ။ ဒေသခံတွေအလုပ်ကိစ္စနဲ့ သွားတဲ့အခါ ဒီလိုကားတွေမျိုးနဲ့ ကြုံရင်တစ်လမ်းလုံးဒုက္ခခံသွားရတယ်။ ဘောလုံးတွေကို မှီပြီးချမ်းသာသွားတဲ့ သူတွေမှအများကြီးပဲ”လို့ မြိတ် မြို့မှဒေသခံတစ်ဦးက ပြောကြားခဲ့ပါ တယ်။
ထိုင်းနိုင်ငံမှာအလုပ်တစ်ခုရရှိဖို့ သွားရောက်ခဲ့တဲ့မြန်မာနိုင်ငံသား သန်းနှင့်ချီပြီးရှိသလို တရားဝင် စာ ရင်းဇယားများအရ လေးသန်းအထိ ရှိခဲ့တယ်လို့သိရပါတယ်။ မဟာချိုင်၊ ဘန်ကောက်နဲ့ ရနောင်းမှာရှိတဲ့ ရေ လုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားတွေကို အဓိကတွေ့ရပြီး စားသောက်ဆိုင်၊ ကုန်စုံဆိုင်များမှာလည်း ဝင်ရောက် လုပ်ကိုင်နေခဲ့ကြတာတွေ့ရပါတယ်။ ၂၀၁၀ ပြည့်နှစ် ဝန်းကျင်တွေမှာတော့ စီးပွားရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုကြောင့် တရားမဝင် ဝင်ရောက်မှု အလွန်နည်းပါးခဲ့တာ တွေ့ရပါတယ်။ အဲဒီလိုနဲ့ ၁၉၉၀ ပြည့်နှစ်တွေ ရဲ့ နောက်ပိုင်း နှစ်ပေါင်း ၃၀ ခန့် ကြာပြီးတဲ့အခါမှာတော့ ဘောလုံးခေတ်က ပြန်ရောက်လို့လာပြန်ပါတယ်။ အဓိက အကြောင်းရင်းကတော့ နိုင်ငံရေးမတည်ငြိမ်မှုပြန်ဖြစ်လာခြင်း၊ စီးပွားရေး ကျဆင်းသွားခြင်းနဲ့ နောက်ဆက်တွဲဆိုးကျိူး များဖြစ်တဲ့ ကုန်စျေးနှုန်းတက်လာခြင်း၊ အလုပ်အကိုင်ရှားပါးလာခြင်းတို့ကြောင့်ပဲဖြစ်တယ်။ ၂၀၂၁ ခုနှစ် မှ စတင်ပြီး ဘောလုံးတွေ တနင်္သာရီ တိုင်းဒေသကြီးဘက်ကို အဓိကလှိမ့် ဆင်းလာကြတယ်။ ဒီတစ်ခါထွက်ပေါက်က ကော့သောင်းဘက်က အဓိက မဟုတ်တော့ဘဲ ထားဝယ် ခရိုင်၊ ထီးခီးနယ်စပ်နှင့်ထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်တစ်လျှောက်နယ်စပ်တောလမ်းများ၊ မြိတ်ခရိုင်၊ မောတောင်နယ်စပ်နှင့် ထိစပ်နေတဲ့ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီ ရီခံခရိုင် တစ်လျှောက်ရှိနယ်စပ်တောလမ်းများဆီ ဦးတည်လာပါ တော့တယ်။
“ထိုင်းကိုသွားမယ့်သူတွေက နေ့တိုင်းနီးပါးလိုလို တောထဲမှာ စောင့်နေကြရတယ်။ ပွဲစားတွေက လာခေါ်မယ့်အချိန်ကိုစောင့်နေကြရတယ်။ တချို့လည်း ပွဲစားတွေက နယ်စပ်တောလမ်းမှာပစ်ချသွားတာ ကိုခံရတယ်။ တချို့ကလည်း ထိုင်းနိုင်ငံထဲက လမ်းတွေပေါ်ရောက်မှ အဖမ်းခံထိတာ တွေ့ရတယ်။ နယ်စပ်မှာ ထိုင်းလုံခြုံရေးတွေက အမြဲကင်းလှည့်နေကြတယ်။ အလွန်ကံကောင်းမှလွတ်သွားကြတာ။ အဖမ်း ခံထိနေတဲ့သတင်းတွေကနေ့တိုင်းလိုလို ကြားနေရတယ်”လို့ မောတောင်မြို့မှဒေသခံတစ်ဦးက ပြော ကြားခဲ့ပါတယ်။ ပြည်သူများမှာ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး ကျပ်တည်းလာမှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုဒဏ်များကိုမခံနိုင်တော့တဲ့အတွက် အိမ်ပေါင်၊ ယာ ပေါင်ပြီး တစ်ဖက်နိုင်ငံကို သွားရောက်ဖို့ ကြိုးစားနေကြရခြင်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှစတင်ပြီး ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသားများကို မကြာခဏဆိုသလို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၆၀၀၀ ခန့်ကို ကန်ချနာဘူရီနဲ့ ပရာကျွတ်ခီရီခံခရိုင်အတွင်း ဖမ်းဆီးခဲ့ရကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပွဲစားများက မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းဘတ် ငွေ ၁၈၀၀၀ ( မြန်မာ ကျပ်ငွေ ၁၀ သိန်းကျော် ) မှ ထိုင်းဘတ်ငွေ ၂၅၀၀၀ ( မြန်မာကျပ်ငွေ ၁၅ သိန်းကျော်) အထိယူကာ ထိုင်းနိုင်ငံရှိ အလုပ်ခွင်များသို့ ပို့ဆောင်ပေးမယ်လို့ စီစဉ်သော်လည်း ဖမ်းဆီးခံရမှုများမှာ နေ့စဉ်နီးပါးဖြစ်နေကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံရှိ အချုပ်ထောင်များတွင် နှစ်နှင့်ချီပြီး ဖမ်းဆီးခံရသလို နေရပ် ပြန်လည်ပို့ဆောင်ခံရသူတွေလည်း ရှိပါတယ်။
သို့ရာတွင်ကျပ်တည်းမှုများစွာ ဖြစ်လာတဲ့ပြည်သူများမှာ အလုပ်အကိုင်တစ်ခုနဲ့ ထွက်ပေါက်တစ်ခု ရဖို့ နေ့စဉ်ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာပြီး ချက်ချင်းဆိုသလို နယ်စပ်တော လမ်းများမှာ ဖြတ်သန်းပြီးပြန်လည် သွားရောက်ဖို့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ခန့် က မြင်ကွင်းမျိုး ယနေ့အချိန်တွင် ပြန်လည်မြင်တွေ့လာကြရပြန်ပြီလည်း ဖြစ်ပါတယ်။ တည်ငြိမ်မှု၊ တိုး တက်လာမှုမရှိနိုင်တော့ကြောင်း ပြည်သူတွေသဘောပေါက်နေတော့ ဘောလုံးတစ်ခေတ်ပြန်ရောက်လာ တာ အထူးအဆန်းမဟုတ်တော့ပါဘူး။ အထူးအဆန်းဖြစ်နေတာက နှစ်ပေါင်း ၃၀ ကြာလာပေမဲ့ တိုးတက်မှုမရှိ၊ တည်ငြိမ်မှုမရှိ၊ အလုပ်အကိုင်မရှိ၊ စီးပွားရေးအခွင့်အလမ်းမရှိမှုများပါပဲ။










