အတက်ကြမ်းနေသည့် အထွေထွေကုန်စျေးနှုန်းဂယက်နှင့် ဝင်ငွေအကျပ်အတည်း

အတက်ကြမ်းနေသည့် အထွေထွေကုန်စျေးနှုန်းဂယက်နှင့် ဝင်ငွေအကျပ်အတည်း
ရန်ကုန်မြို့ သာကေတမြို့နယ်အတွင်းရှိ ဈေးတစ်ခုတွင် ဈေးသည်ဈေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့ သာကေတမြို့နယ်အတွင်းရှိ ဈေးတစ်ခုတွင် ဈေးသည်ဈေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 13 March 2022
နီလာ

ယူကရိန်းတွင်ဖြစ်ပွားနေသည့်  စစ်ပွဲ၏ အကျိုးသက်ရောက်မှုများသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို ယခင်ကတည်းက ဆိုးရွားစွာထိခိုက်စေခဲ့ပြီး ယင်းပဋိပက္ခ အရှိန်မြင့်လာမည်ဆိုပါက ကမ္ဘာ့စီးပွားရေးအတွက် ပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပွားလာစေလိမ့်မည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မတ် ၅ ရက်တွင် သတိပေးခဲ့သည်။

ကမ္ဘာ့စီးပွားရေးအတွက် ခန့်မှန်းချက်များမှာ မကြုံစဖူး သေချာရေရာမှုမရှိသေးသည့်တိုင် ပြီးခဲ့သည့် သီတင်းပတ်တွင် ရုရှားက ၎င်း၏အရှေ့ပိုင်း အိမ်နီးချင်းဥရောပနိုင်ငံဖြစ်သည့် ယူကရိန်းကို ကျူးကျော်ဝင် ရောက်မှု စတင်ချိန်ကတည်းက ကမ္ဘာ့စီးပွားရေးမှာ အလွန်ဆိုးရွား စွာ ထိခိုက်ခဲ့ရသည်ဟု IMF က     အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့နိုင်ငံအသီးသီးသည် COVID-19 ကပ်ရောဂါမှ ရုန်းထွက်ပြီး စီးပွားရေးကို နာလန်ထူရန် ကြိုးပမ်းနေချိန်တွင် ရေနံတစ်စည်ကို ဒေါ်လာ ၁၂၀ နီးပါးအထိ စျေးနှုန်း မြင့်တက်လာမှုနှင့်အတူ စွမ်းအင်နှင့် ကုန်စည်စျေးနှုန်းများ မြင့်တက်လာခြင်းသည် ကမ္ဘာကြီးအတွက် ယခင်ကတည်းက ကြုံတွေ့နေရသည့် ငွေ ကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုအပေါ် ဖိအားများ ပိုမိုသက်ရောက်စေခဲ့သည်။

“ကုန်စျေးနှုန်းမြင့်တက်မှု ဂယက်တွေဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်မှာဖြစ်ပြီး အထူးသဖြင့် အစားအစာနဲ့ လောင်စာအတွက် ငွေအများဆုံးသုံးနေရတဲ့ ဆင်းရဲတဲ့ မိသားစုတွေကို ထိခိုက်စေပါလိမ့်မယ်”ဟု IMF ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ရုရှား-ယူကရိန်းပဋိပက္ခ၏ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံတွင်လည်း စက်သုံးဆီစျေး အဆမတန် မြင့်တက်ခဲ့ပြီး ရွှေစျေး၊ စားသုံးဆီစျေးအပြင် ကုန်စည်အမည် အများစု ရုတ်တရက်စျေးတက်လာခဲ့သည်။

(၁) ကမ္ဘာ့ရေနံစျေး (WTI) သည် ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်တွင် တစ်စည်လျှင် ၁၁၁ ဒသမ ၆၇ ဒေါ်လာ ရှိခဲ့သည်။ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သောစျေးနှုန်းအရ ဒီဇယ်တစ်လီတာလျှင် ၂၄၀၅ ကျပ်၊အောက်တိန်း 92 Ron တစ်လီတာလျှင် ကျပ် ၂၁၃၀၊ အောက်တိန်း 95 Ron တစ်လီတာလျှင် ၂၁၉၅ ကျပ် ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်တစ်လီတာလျှင် ကျပ် ၆၆၀၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၆၇၀၊ အောက်တိန်း 92 Ron တစ်လီတာလျှင် ကျပ် ၆၂၀၊ အောက်တိန်း 95 Ron တစ်လီတာလျှင် ကျပ် ၇၅၀ ရှိကြောင်း  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဒီဇယ် တစ်လီတာလျှင်  ၁၆၅၅ ကျပ်၊အောက်တိန်း 92 Ron တစ်လီတာလျှင် ၁၆၆၅ ကျပ်၊ အောက် တိန်း 95 Ron တစ်လီတာလျှင် ကျပ်  ၁၇၂၀ ရှိခဲ့သည်။

သို့သော် မတ် ၁၁ ရက်တွင်  ဒီဇယ်တစ်လီတာလျှင် ၂၃၇၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ လျှင် ကျပ် ၂၁၀၀၊  အောက်တိန်း 95 Ron တစ်လီတာလျှင် ၂၁၆၅ ကျပ် အထိ  မြင့်တက်ခဲ့သည်။

စက်သုံးဆီစျေး မြင့်တက်လာသဖြင့် သယ်ယူပို့ဆောင်ခ စရိတ်စကများ မြင့်တက်လာခဲ့ကာ ကုန်စည်  အမည်စုံစျေးနှုန်းလိုက်ပါမြင့်တက်ခဲ့သည်။

“စျေးတွေတက်တာ ပြောမနေနဲ့တော့ အကုန်တက်တာ။ ကျွန်မတို့ရောင်းနေကျ စားဆီတွေထဲက နေကြာဆီတွေ ငါးလီတာတစ်ပုံးကို အရင် ၂၃၀၀၀၊ အခု ၂၅၀၀၀၊ တစ်လီတာကို အရင် ၄၆၀၀၊ အခု ၅၀၀၀၊ ပဲဆီ က အရင် တစ်ပိဿာကို ၆၀၀၀ ကနေ တဖြည်းဖြည်းတက်လာ လိုက်တာအခု  ၈၀၀၀ ဖြစ်သွားပြီ။ စားအုန်းဆီဆို စျေးထဲ ဝယ်တောင်မရတော့ဘူး။ အခုစျေးကြီးနဲ့ဝယ်ပြီးလည်းလှောင်မထားရဲဘူး”ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချနေသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ ဘိုကလေးစျေးတွင် ရောင်းချနေသော စားသုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ယင်းသို့ နေကြာဆီ၊ ပဲဆီစသည်ဖြင့် စားသုံးဆီစျေး မြင့်တက်မှုကြောင့် ထမင်းဆိုင်၊ အကြော်စုံဆိုင်နှင့် စားသောက်ဆိုင် ဖွင့်လှစ် ရောင်းချသည့်ဆိုင်အများစုတွင်လည်း ဟင်းအမည်အလိုက် စျေးနှုန်း မြှင့်တင်ရောင်းချမှုများ ရှိလာခဲ့သည်။

“စားနေကျထမင်းဆိုင်မှာ အရင်က ဟင်းတစ်ပွဲ ၁၂၀၀၊ ထမင်းဖြူ တစ်ပွဲက ၃၀၀၊ ထမင်းနဲ့ဟင်းဆိုရင် ၁၅၀၀၊ လိုက်ပွဲတစ်ပွဲက ၂၀၀ ဆိုတော့ ထမင်းတစ်ခါစားရင် ကျပ် ၁၇၀၀ ကျတယ်။ ဆီစျေးတွေတက်လို့ဆိုပြီး  ဟင်းတစ်ပွဲကို ၁၅၀၀ ဖြစ်သွားတော့ အရင်က ထမင်းတစ်ခါစားရင် လိုက် ပွဲနဲ့မှ ၁၇၀၀ ကျတာကနေ အခု ကျပ် ၂၀၀၀ ဖြစ်သွားပြီ”ဟု စက်မှုဇုန် တစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

“အီကြာကွေးတစ်ချောင်းကို အရင်က၂၀၀၊ ၂၀၀ ကနေ ၂၅၀ ဖြစ်တာသိပ်မကြာသေးဘူး။ အခု ၃၀၀ ဖြစ်သွားပြီ။ လက်ဖက်ရည်တစ်ခွက်ကို အရင်က ၆၀၀၊ အခု ၇၀၀ နော်။ ပေါက်စီတစ်လုံးကို အရင်က  ၇၀၀၊ အခု ၈၀၀။ အဲဒီတော့ လက်ဖက်ရည် ဆိုင်တစ်ခါထိုင်ရင် တစ်ယောက်တည်းစားရင်သောက်ရင်ကို ၁၅၀၀ အနည်းဆုံးကျနေပြီ။ ဝင်ငွေကတိုးမလာတဲ့အပြင် စျေးရောင်းစားတာတောင် အရောင်းအဝယ်ပါးနေတဲ့ အခြေအနေမှာ ဒီကုန်စျေးနှုန်းနဲ့ ဘယ်လိုလုပ်ကြမလဲဗျာ”ဟု တာမွေ မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

အလားတူ မြို့တွင်းကုန်ပစ္စည်း နှင့် စားသောက်ဖွယ်ရာများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် Delivery  ပို့ဆောင်ခများလည်း စျေးတက်လာကြောင်းကို “အရင်က ၂၀၀၀၊ ၂၅၀၀ ကျတဲ့ Delivery ပို့ခက အခု ၃၀၀၀၊ ၃၅၀၀ ဖြစ်သွားပြီ။ မြို့နယ်အလိုက် စျေးတွေ ကွာသေးတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

“သစ်သီးရောင်းစားလာတာ ကြာလှပြီ။ အခုလောက် တစ်ခါမှ ရောင်းရဝယ်ရတာ မခက်ခဲဖူးဘူး။ အရောင်းအဝယ်တွေလည်း ပါးလိုက်တာ။ သစ်သီးတွေ ထည့်ထည့် ပေးတဲ့အိတ်ပေါ့။ အိတ်ရေ ၆၀၊၇၀ ပါတဲ့  ၆×၁ ပလတ်စတစ်အိတ်တစ် အိတ်ကို အရင်က ၃၅၀၊ အခု ကျပ် ၇၀၀ ပေးခဲ့ရတယ်။ ပလတ်စတစ် ပစ္စည်းတွေလည်း စျေးတက်ပဲ။ကိုယ် ရောင်းဖို့ဝယ်တဲ့ကုန်တွေအကုန် စျေးတက်နေတယ်။ အဲဒီတော့ စျေး တင်ရောင်းရတယ်။ စျေးတက် ရောင်းတော့ ဝယ်သူက ဝယ်မစားနိုင်ပြန်ဘူး။ ထိုင်စားဖို့မရှိတော့ တစ်နေ့ ၁ဝဝဝအမြတ်ရ မနည်းဘူးဆိုပြီး  လုပ်စားနေရတာဓဟု သစ်သီး ရောင်းချနေသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ် ပေါ်နေသည့် လောင်စာဆီစျေးနှုန်း မြင့်တက်ခြင်း၊ မြန်မာကျပ်ငွေတန် ဖိုးကျဆင်းခြင်းနှင့် စားသုံးသူ စျေးဆနှုန်းမြင့်တက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ခြိမ်းခြောက်လျက်ရှိသည်။

(၂) ၂၀၂၁ ခုနှစ် အောက်တိုဘာမှ  ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် ပျမ်းမျှ ငွေကြေးဖောင်းပွ မှုနှုန်း ၆ ဒသမ ၆၇ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ် ပြန်သည့် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပထမသုံးလပတ်အတွင်း ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း  ၁ ဒသမ ၀၈ ရာခိုင်နှုန်း၊  ၂၀၂၁  ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဒုတိယသုံးလပတ်အတွင်း ၁ ဒသမ ၆၃ ရာခိုင်နှုန်း၊ ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ တတိယသုံးလပတ်အတွင်း ၅ ဒသမ ၀၂ ရာ ခိုင်နှုန်းနှင့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ စတုတ္ထသုံးလပတ်အတွင်း ၆ ဒသမ ၈၃ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက် ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း  ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းရှိခဲ့သည်။ တတိယသုံးလပတ်ကာလတွင်ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက စတုတ္ထသုံးလပတ်က ၁ ဒသမ  ၈၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့မှ သိရသည်။

ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရ ၂၀၁၇-၂၀၁၉ ခုနှစ် ကာလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပြီး  ဓာတ်အားခနှင့် စားသောက်ကုန် စျေးနှုန်းများ ကျဆင်းသည့်အတွက် ၂၀၂၀ ပြည့်နှစ်ကုန်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် သုည ဒသမ ၇ ရာခိုင်နှုန်း ထပ်မံလျော့ နည်းခဲ့သော်လည်း စားသောက်ကုန် နှင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တစ်နှစ်တာ အတွင်း ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိလာသည်။

သယ်ယူပို့ဆောင်ရေးစရိတ်များ သိသာစွာမြင့်တက်လာခြင်းကြောင့်  စားသောက်ကုန်စည်များမပါဝင်ဘဲ တွက်ချက်ထားသည့် ငွေကြေးဖောင်းပွမှုနှုန်းသည် ဇန်နဝါရီလတွင် သုည ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာ မှ  ဒီဇင်ဘာတွင် ၉ ဒသမ ၈ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။

သို့သော် စားသောက်ကုန်နှင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ၂၀၂၂ ခုနှစ် စက် တင်ဘာအထိ တစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၇ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ငွေကြေးဖောင်းပွမှုကို ကာလအတန်ကြာအထွေထွေစျေးနှုန်းမြင့်တက်လာခြင်းဟု စီးပွားရေးနယ်ပယ်တွင် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ လူအများစားသုံးသည့် အခြေခံကုန်စည်များ၏ စျေးနှုန်းများ ဆက်တိုက် မြင့်တက်လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို အကဲဖြတ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ထိုက်သင့်သော ငွေကြေးဖောင်းပွမှုရှိရန် လိုအပ်သကဲ့သို့ လွန်ကဲသော ငွေကြေးဖောင်းပွမှုကြောင့် နိုင်ငံများ ကာလကြာရှည် မတည်မငြိမ်ဖြစ် စေနိုင်သည်။

ငွေကြေးဖောင်းပွမှုကို တိုင်းတာမှုအမျိုးမျိုးရှိပြီး ယေဘုယျအား ဖြင့် အထွေထွေစျေးနှုန်းများ ကာလ ကြာရှည်မြင့်တက်မှု သို့မဟုတ် နိုင်ငံတစ်ဝန်း လူနေမှုစရိတ်များ မြင့်တက်မှုဖြစ်သည်။

(၃) ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ စီးပွားရေးနှင့်ဘဏ္ဍာရေး ကျဆင်းလာမှုတို့ ကြောင့် ၂၀၂၀ ခုနှစ် အစောပိုင်းကပင် များစွာထိခိုက်နေခဲ့သည့် သက်မွေးဝမ်းကျောင်းမှုကို ကြီးစွာ ထိခိုက်စေမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ အလုပ်အကိုင်ရှိသူအရေအတွက် တစ်သန်းခန့် လျော့ကျသွားမည်ဟု မျှော်မှန်းပြီး ယင်းပမာဏထက် ပိုမိုသောလူဦးရေသည် အရည်အသွေး နိမ့်ကျသော၊ ဝင်ငွေ ပိုမိုနည်းပါးသော အလုပ်အကိုင်များသို့ ပြောင်းလဲလုပ်ကိုင်သွားရမည်ဟု ခန့်မှန်းထားသည်။

အခြားသော အလုပ်သမားများမှာ မူလအလုပ်အကိုင်များ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သော်လည်း အလုပ်ချိန် သို့မဟုတ် လစာ လျော့နည်းသွားသည့်အတွက် ဝင်ငွေလျော့နည်းသွားကြရသည်။ ယင်းတို့သည် ဆင်းရဲမွဲတေမှု၊ ထိခိုက်လွယ်မှုနှင့် စားနပ်ရိက္ခာဖူလုံမှုတို့အပေါ် ကြီးစွာသက်ရောက်မှုရှိသည်။

၂၀၂၁ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံကို ရိုက်ခတ်လာခဲ့သော  ကိုဗစ်-၁၉ ကြောင့် အဆင်းရဲဆုံး နှင့် အထိခိုက်အလွယ်ဆုံးသော သူများအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။

၂၀၂၁ ခုနှစ်တွင် စီးပွားရေးနှင့် ငွေရေးကြေးရေးဆိုင်ရာကဏ္ဍများ ကျဆင်းမှုကြောင့်  ပြည်သူများ၏ စားဝတ်နေရေးအပေါ် သိသာစွာ ထိခိုက်ခဲ့ရသည်။

၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏  ဆင်းရဲနွမ်းပါးမှုအခြေအနေသည် ကိုဗစ်-၁၉ ကူးစက်ရောဂါမတိုင်ခင်ထက် နှစ်ဆအထိ မြင့်တက်လာလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

စီးပွားရေးသည် လာမည့်နှစ်အတွင်း ခိုင်ခိုင်မာမာ ပြန်လည် အားကောင်းလာခြင်းမရှိပါက  ပြည်သူများ၏ စားဝတ်နေရေးအခြေအနေအပေါ် သိသာစွာ ထိခိုက်မှုများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

လက်ရှိဖြစ်ပေါ်နေသည့်  စက်သုံးဆီစျေး မြင့်တက်ခြင်း၊ မီးပုံမှန် မလာခြင်းတို့ကြောင့် စက်ရုံ အများစု စက်သုံးဆီကုန်ကျစရိတ် ကြီးမားပြီး အလုပ်သမားများကို အချိန်ပိုအလုပ် ချိန်လျှော့ချခြင်းများ ရှိလာကြောင်း စက်မှုဇုန်ကော်မတီများထံမှ သိရသည်။

ယင်းသို့ အလုပ်ချိန်လျှော့ချ ခြင်းများ၏အကျိုးဆက်အနေဖြင့်  အလုပ်သမားများ၏ လစာဝင်ငွေ အပေါ် သက်ရောက်လာမည်ဖြစ်ပြီး အခြေခံလူထုကြားတွင် ဝင်ငွေနှင့်ထွက်ငွေမမျှသည့် ပြဿနာသည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေသည်။

မြန်မာ့စီးပွားရေး ကျဆင်းနေသဖြင့် ပြည်သူများ၏ ဝယ်ယူစားသုံးနိုင်စွမ်း ကျဆင်းနေချိန်တွင် မြေပူရာ ကင်းမှောင့်သကဲ့သို့ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှင့် ကုန်စျေးနှုန်း မြင့်တက်မှုများက အကျပ်အတည်းကြားမှ ပြည်သူများအပေါ် ထပ်ဆင့် ထိုးနှက်လျက်ရှိနေကြောင်း လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြသည်။ 

Most Read

Most Recent