မတူညီသော အခက်အခဲကိုယ်စီနှင့် နိုင်ငံရေးပါတီများ

မတူညီသော အခက်အခဲကိုယ်စီနှင့် နိုင်ငံရေးပါတီများ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မင်္ဂလာခန်းမတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က UEC နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပစဉ်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မင်္ဂလာခန်းမတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က UEC နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပစဉ်
Published 13 March 2022

နိုင်ငံရေးပါတီအချို့ PR စနစ်သစ်ဖြင့်ကျင်းပမည့် လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ ရှိနေချိန် ပါတီအချို့မှာ ဖျက်သိမ်းခံရမည့်အရေးနှင့် ရင်ဆိုင်နေရခြင်းက လက်ရှိ ပါတီနိုင်ငံရေးရပ်ဝန်းတွင် ဖြစ်ပေါ်နေသည့် ပကတိအခြေအနေဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပေးသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပြီး မကြာမီ နိုင်ငံရေးပါတီများ၏ ရန်ပုံငွေစာရင်းနှင့် ပိုင်ဆိုင် ပစ္စည်းများစာရင်းကို စစ်ဆေးခဲ့သည်။

၂၀၂၁ ခုနှစ် သြဂုတ်လတွင် စတင်လုပ်ဆောင်သည့် အဆိုပါ စာရင်းစစ်ဆေးမှုတွင် မတ်လဆန်းအထိ ပါတီ ၈၁ ပါတီကို စစ်ဆေးပြီးဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါ တီရှိရာ ကျန်ရှိပါတီများအနေဖြင့် ဆက်လက်အစစ်ဆေးခံရန် ကော်မရှင်က အကြောင်းကြားခြင်း၊ ထပ်ဆင့် အကြောင်းကြားခြင်းများ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့သည်။ အချို့သောပါတီများက ကော် မရှင်အသစ်၏ စာရင်းစစ်ဆေးခြင်း ကို ပူးပေါင်းဆောင်ရွက်ကြသည်။

 

စာရင်းစစ်ခြင်းကို ငြင်းဆန်သည့် ပါတီအချို့ကိုမူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပုဒ်မ သုံးခုဖြင့် ပါတီဖျက်သိမ်းသည်အထိ အရေးယူခံရနိုင်ကြောင်း ကော်မရှင်က သတိပေးသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တရားဝင်တည် ထောင်ထားသည့် ပါတီများ၏ ရ/သုံး ငွေစာရင်းများ၊ ပါတီဝင်စာရင်းများနှင့် ပိုင်ဆိုင်ပစ္စည်းများ စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးဆောင်ရွက်ခွင့်ရှိပြီး ကော်မရှင်ကလည်း ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ဆိုထားသည်။

သို့သော် ၂၀၁၀ ပြည့်နှစ် ကော် မရှင်လက်ထက်မှအစ ယခု ကော်မရှင်မတိုုင်မီအထိ ထိုသို့ ပါတီတိုင်း ၏စာရင်းများကို ခေါ်ယူစစ်ဆေးခြင်းမျိုး မရှိခဲ့သောကြောင့် ကော်မရှင်အသစ်၏ ဆောင်ရွက်ချက်အပေါ် ပါတီများ၊ လေ့လာသူများက ရှုမြင်ချက်အမျိုးမျိုး ရှိခဲ့သည်။

စာရင်းစစ်ဆေးမည့်အပေါ် လက်မခံသည့် ပါတီများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပါဝင်ကြောင်း သိရသော်လည်း ပါတီ အရေအတွက် အတိအကျကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အသိအမှတ်မပြုခြင်း နှင့် အစစ်ဆေးခံမည့်နေရာ သဘောတူညီမှု မရခြင်းတို့က စာရင်းစစ်မခံသည့် ပါတီများ၏ ကနဦး အကြောင်းပြချက်များဖြစ်သည်။

 

ဖျက်သိမ်းခံရမည့်အရေးနှင့် ရင်ဆိုင်နေရသော ပါတီကြီးအချို့

ရွေးကောက်ပွဲများတွင် လူထုထောက်ခံမှု အများဆုံး ရလေ့ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့သည် ကော်မရှင် အကြောင်းကြားစာအရ ဖေဖော်ဝါရီ ၁၄ ရက် နေ့ကတည်းက အစစ်ဆေးခံရမည် ဖြစ်သည်။

သို့သော် ယင်းပါတီများ လာရောက်အစစ်ဆေးခံခြင်းမရှိခဲ့ရာ ကော်မရှင်ဘက်က ယင်းနှစ်ပါတီကို မတ် ၉ ရက် နောက်ဆုံးထားအစစ်ဆေးခံရန် ထပ်မံညွှန်ကြားခဲ့သည်။

ပါတီခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံထားရမှုနှင့် လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းမှုသည် ဥပဒေနှင့်မညီ ဆိုသော အကြောင်းပြချက်တို့ဖြင့် NLD ပါတီက ကော်မရှင်၏ ငွေစာရင်း စစ်ဆေးမှုကို ငြင်းဆန်သည်။

“NLD ပါတီကို တာဝန်ခံနိုင်တာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာမရှိဘဲနဲ့ ပါတီအပေါ်မှာ စစ်ဆေးဖို့ဆိုတာ ကျွန်တော်တို့က ဘာမှတုံ့ပြန်စရာမလိုဘူး။ လိုက်နာ ဆောင်ရွက်စရာ အကြောင်းမရှိဘူး” ဟု NLD ပါတီ ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးငြိမ်းသစ်၏ ပြောကြားမှုကို RFA သတင်းဌာနက ဖေဖော်ဝါရီ ၉ ရက် တွင် ဖော်ပြသည်။

SNLD ပါတီကမူ ၎င်းတို့ ပါတီ ရုံးချုပ်တွင်သာ အစစ်ဆေးခံမည့် မူဝါဒ ကိုင်စွဲပြီး ကော်မရှင်အဖွဲ့ခွဲများ ထံ သွားရောက်အစစ်ဆေးခံမည့် အစီအစဉ်မရှိကြောင်း ပါတီတာဝန်ရှိသူများက မီဒီယာအချို့ကို ဖြေ ကြားထားသည်။

ကော်မရှင်ဘက်ကလည်း အစစ်ဆေးခံရန် ပျက်ကွက်သော ယင်းနှစ်ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေ ပုဒ်မ ၂၄ (ဂ) ၊ (ဃ)၊ (င) တို့ဖြင့် အရေးယူသွားမည်ဟု ဖေဖော်ဝါရီ ၂၃ ရက် နေ့စွဲဖြင့် အ ကြောင်းကြားစာ ပေးပို့ခဲ့သည်။

ကော်မရှင် ညွှန်းဆိုသော ဖော်ပြပါ ဥပဒေ၊ ပုဒ်မများတွင် ပါတီကို ယာယီရပ်ဆိုင်းခြင်းမှသည် ဖျက် သိမ်းခြင်းအထိ လုပ်ဆောင်နိုင်သော အချက်များ ပါဝင်နေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (ဂ) အရ ကော်မရှင် ညွှန်ကြားချက်အား လိုက်နာ ရန်ပျက်ကွက်သည့် ပါတီကို သုံးနှစ် အထိ ယာယီရပ်ဆိုင်းနိုင်ပြီး ရပ်ဆိုင်းကာလ  ကုန်ဆုံးချိန်အထိ ကော်မရှင် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ပါတီကို ဖျက်သိမ်းနိုင်ကြောင်း ပုဒ်မ၂၄ (င) တွင် ဖော်ပြထားသည်။

NLD ပါတီနှင့် SNLD ပါတီ သည် မတ် ၉ ရက်က ကော်မရှင်၏ ဒုတိယအကြိမ် ခေါ်ယူမှုတွင်လည်း အစစ်ဆေးခံခြင်း မရှိခဲ့ကြောင်း သိရသည်။

ထိုသို့ အစစ်ဆေးခံခြင်းမရှိသော NLD ပါတီကို မည်သို့အရေးယူမည်နည်းဟု သတင်းဌာနတစ်ခုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ Viber Group တွင် မေးမြန်းရာ အစစ်ဆေးခံရန် ပျက်ကွက်သော ပါတီများကို ပေးပို့ထားသည့် အကြောင်းကြားစာပါအတိုင်း အရေးယူရန်ရှိကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

ထိုသို့ အရေးယူဆောင်ရွက်မှုကို ကော်မရှင်အဖွဲ့ဝင်များ စုံညီအစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်သွားမည်ဟု တစ်ဆက်တည်း ဖြေကြားသည်။

 

ဆွေးနွေးရေး အားသန်သော ပါတီအချို့၏ အခက်အခဲ

မဲမသမာမှုများရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် တပ်မတော် အာ ဏာရယူမှုသည် လက်ရှိတွင် တစ်နှစ်ကျော်ကာလသို့ ရောက်ရှိလာသည်။

အဆိုပါ အခြေအနေအပေါ် ဆန္ဒပြ ကန့်ကွက်လှုပ်ရှားမှုများ ပေါ်ပေါက်ဆဲဖြစ်ပြီး ဒေသအချို့တွင် လက်နက်ကိုင် ပဋိပက္ခ  ပိုမိုကြီးထွားလာသည်။

ထို့ပြင် အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ၎င်းတို့နှင့် ဆက်နွှယ်သောသူများကို ပစ်ခတ်လုပ်ကြံမှုများနှင့် ရုံး၊ ဌာန အချို့ ဗုံးထောင်မိုင်းခွဲခံရမှု ဖြစ်စဉ်များလည်း ရှိနေဆဲဖြစ်သည်။

ပါတီအချို့လည်း ဆန့်ကျင်ကန့်ကွက်ကြပြီး ပါတီအချို့မှာ နိုင်ငံရေးနည်းလမ်းနှင့် နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍ ပျောက်ဆုံးမှုအပေါ် အဓိကထား ထောက်ပြသည်။

“လက်နက်ကိုင် နည်းလမ်းနဲ့မှပဲ တပ်ကို ဖြုတ်ချနိုင်မယ်ဆိုတဲ့ တော်လှန်ရေး အတွေးအခေါ်တွေ သိပ်ပြီး လွှမ်းမိုးနေတဲ့အချိန်မှာ စေ့စပ်ဆွေးနွေးရေး ပြောရင်လည်း ၀ိုင်းပြီးတော့ ဆဲဆိုတိုက်ခိုက်တာ ခံရတယ်ပေါ့နော်” ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

လက်နက်ကိုင် အဖွဲ့အစည်းချင်း ဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မှုများတွင် အရပ်သား ထိခိုက်သေဆုံးမှုများ တွေ့မြင်နေရသည်မှာ မဖြစ်သင့်သည်ကိစ္စဖြစ်ကြောင်းနှင့် အရပ်သားကာကွယ်စောင့်ရှောက်ရေးကို ဘက်အသီးသီးမှ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

နိုင်ငံရေးပါတီ တစ်ရပ်အနေဖြင့် မိမိယုံကြည်ချက်အပေါ် ရပ်တည်ဆောင်ရွက်ကြသည်ဖြစ်ရာ ဒီ မိုကရေစီလမ်းကြောင်းနှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် အ ရောက်သွားရန် ၎င်းအနေဖြင့် စိတ်ပိုင်းဖြတ်ထားသည်ဟု ဦးကိုကိုကြီး က ဆိုသည်။

“အတတ်နိုင်ဆုံး နိုင်ငံရေး နည်းလမ်းပေါ် ပြန်ရောက်အောင် ကြိုးစားမယ်။ ကြိုးစားတဲ့နေရာမှာ ဒီအစိုးရကို မဆက်ဆံဘူးဆိုတဲ့ နည်း နဲ့တော့ သွားလို့ မရဘူး။ ကျွန်တော်တို့က ဆက်ဆံစရာရှိတာ ဆက်ဆံ ရမယ်။ ပြောစရာရှိတာတော့ ပြောရမယ်။ တိုက်တွန်းစရာ တောင်းဆိုစရာရှိတာလည်း တောင်းဆိုရမယ်” ဟု အဆိုပါ ပြည်သူ့ပါတီ ဥက္ကဋ္ဌက ပြောကြားသည်။

ရခိုင်ပြည်နယ် အခြေစိုက် အင်အားကြီး တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီကလည်း လတ်တလော အခြေအနေတွင် ပါတီလုပ်ငန်းစဉ် အနည်းအကျဉ်းသာ ဆောင်ရွက်နိုင်ပြီး နိုင်ငံ ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်သည့် အနေအထား ရှိမနေကြောင်း မှတ်ချက်ပြုသည်။

“နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အရေးကြီးတယ်လို့ပဲ အဲဒီလို ပြောလိုတယ်” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

 

ပါတီအများစု ရင်ဆိုင်ရသည့် အခက်အခဲ

တစ်ဖက်တွင်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ကြိုဆိုထောက်ခံကြောင်း တရားဝင်ကြေညာသည့် ပါတီ ၂၀ ကျော်ရှိနေသည်။

ထိုသို့ တရားဝင် မကြေညာသည့်တိုင် ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့ကို နစကနှင့် တိုင်းနှင့် ပြည် နယ် အုပ်ချုပ်ရေးအဖွဲ့များတွင် ပါဝင်စေပြီး ပူးပေါင်းဆောင်ရွက်သည့် ပါတီအချို့လည်း တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကို အတိအလင်း ထောက်ခံထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီက အဆင့်ဆင့်သော  ပါတီကော်မတီများ ပြန်လည်ဖွဲ့စည်း၍ ရွေးကောက်ပွဲအတွက် ကြို တင် ပြင်ဆင်ခြင်းများ လုပ်ဆောင်နေသည်။

သို့သော် လက်ရှိတရားဥပဒေစိုးမိုးရေးအခြေအနေအရ အချို့သော နေရာများတွင် ပါတီလုပ်ငန်းများ ဆောင်ရွက်ရန် အကန့်အသတ်ရှိကြောင်း အဆိုပါပါတီတာဝန်ရှိသူက ဆိုသည်။

“ပါတီဆိုတာက ပြည်သူလူထု နဲ့ထိတွေ့ပြီး စည်းရုံးပြီးတော့ ဒေသတိုးတက်ရေးအတွက် သွားရမှာကိုး။ အဲဒီလို လုပ်ဖို့အတွက်က လက်ရှိ ပကတိ အခြေအနေမှာတော့ ခုနပြောသလို တရားဥပဒေ စိုးမိုးရေး အခြေအနေအရ အပြည့်အဝ မလုပ်နိုင်ဘူးပေါ့။ အဲဒါကတော့ ပါတီတိုင်းကြုံ တွေ့နေရတဲ့ အနေအထားပါပဲ” ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသောင်းအေးက ပြောကြားသည်။

ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးကျပ်တည်းမှုကလည်း လူထု၏ နိုင်ငံရေး စိတ်ပါဝင်စားမှုကို လျော့ကျစေပြီး ဦးစားပေး ဖြေရှင်းရမည့်ကိစ္စရပ်များတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း ပါတီအချို့က ထောက်ပြသည်။

“စီးပွားရေး အကျပ်အတည်းရယ်၊ ဥပဒေစိုးမိုးရေး အကျပ်အတည်းရယ်။ အဲဒီအခြေအနေတွေ အပေါ်မှာ မူတည်ပြီးတော့ ပါတီတွေ ယိုင်ကုန်ကြတယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အထွေ ထွေအတွင်းရေးမှူး ဦးအောင်ဇင်က ပြောကြားသည်။

လုံခြုံရေးဆိုင်ရာ အခက်အခဲအပြင် မြို့နယ်အများစုတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ် ပြန်ထားမှု၊ ပြည်ထောင်စုအဆင့်မှအပ အခြားအဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ခန့်အပ်တာဝန်ပေးနိုင်ခြင်းမရှိမှုတို့ကလည်း ပါတီအချို့အတွက် အခက်အခဲ ဖြစ်နေသည်။

“အဲဒီ နှစ်ခုက အဓိက ဖြစ်နေတာပေါ့နော်။ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ ငါးဦးဖြစ်စေ၊ ငါးဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း မပြုရဆိုတဲ့ ဒါတစ်ချက်။ နောက်တစ်ချက်က UEC Procedure အရ ပါတီ တွေအနေနဲ့ ဒါတွေလုပ်ရင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို အသိပေးရမယ်ဆိုတဲ့အခါမှာ ကျွန်တော်တို့မှာ အသိပေးစရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက မရှိဘူးဖြစ်နေတယ်” ဟု အမည်မဖော်လိုသည့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီဝင်တစ်ဦး က ပြောကြားသည်။

 

ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ

ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ပါတီများ အခက်အခဲအချို့နှင့် ရင်ဆိုင်နေရသော်လည်း ရွေးကောက်ပွဲ ကျင်းပပေးမည့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်မှု အဖြစ် မဲဆန္ဒရှင်စာရင်းများ စတင်ပြုစုနေသည်။ 

ပြည်ထောင်စုနယ်မြေ အပါအဝင် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း နှင့် မွန်ပြည်နယ်တို့တွင် မဲစာရင်း ပြုစုခြင်းလုပ်ငန်းများ ပြီးစီးပြီး ကျန်တိုင်းနှင့် ပြည်နယ် ၁၁ ခုမှာ မကြာမီ ပြီးစီးမည်ဟု ကော်မရှင်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည်။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးလျှင် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲမည်ဆိုသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ၏ ရှေ့လုပ်ငန်းစဉ်ပါ အပိုဒ် (၅) အရ မဲစာရင်းပြုစုခြင်းများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံတည်ငြိမ်အေးချမ်းမှု အပေါ်မူတည်၍ အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ကျင်းပနိုင်ရန် ဆောင် ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

၎င်းင်း၏ ပြောစကားတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နိုင်ငံရေး တည်ငြိမ်အေးချမ်းရန် လိုအပ်သည် ဆိုသော အချက်ပါရှိသော်လည်း နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိပါက ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန်ရှိမရှိကိုမူ ပြောကြားခြင်း မရှိပေ။

“ရွေးကောက်ပွဲ ဖြစ်မှာလား၊ မဖြစ်ဘူးလားဆိုတာ ဒီအချိန်မှာ မှန်းရခက်နေတာပေ့ါနော်။ အစိုးရကတော့ သူလုပ်မယ်လို့ ပြောတယ်။ ရှေ့လုပ်ငန်းစဉ် ငါးရပ်ထဲမှာလည်း ရွေးကောက်ပွဲလုပ်ပြီးတော့ အနိုင်ရပါတီကို အာဏာလွှဲပြောင်းမယ်ဆိုတာ ကြေညာထားတယ်။ ဒါပေမဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေက ရွေးကောက်ပွဲဖြစ်ဖို့ တစ်နည်းအားဖြင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပတ်ဝန်းကျင်အခြေအနေ ကောင်းတွေ ရေခံမြေခံကောင်းတွေ မပြည့်စုံသေးဘူးလို့ ထင်ပါတယ်” ဟု ပြည်ထောင်စုကောင်းကျိုးဆောင်  ပါတီဝင်တစ်ဦးက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်အနေဖြင့် တိုင်းပြည်အာဏာကို ရယူဆောင် ရွက်ခွင့်ရှိသော်လည်း အချိန်ကာလအားဖြင့် အကန့်အသတ်ရှိသည်။

အခြေခံဥပဒေတွင် အရေးပေါ်အခြေအနေ အချိန်ကာလ သတ်မှတ်ချက်ကို တစ်နှစ်သတ် မှတ်ထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်များပြီး မြောက်ခြင်းမရှိကြောင်း တင်ပြလျှင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို တင်ပြကာ ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိသည်။

ထို့ကြောင့် အခြေခံဥပဒေ နှင့်အညီ အာဏာထိန်းခြင်းသာ ဖြစ်ကြောင်း ဆိုထားသည့် တပ်မတော်အနေဖြင့် အခြေခံဥပဒေပြဋ္ဌာန်းချက်အရ နိုင်ငံတော်အာဏာကို အများဆုံး နှစ်နှစ်အထိသာ ရယူ ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

ယင်းနောက် ခြောက်လအတွင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အခြေခံဥပဒေ ပါပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်သည်။

သို့သော် ပြည်နယ်အချို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်ကာ ဒေသအချို့တွင် PDF တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားဆဲဖြစ်သည်။

ဒေသအချို့တွင် မငြိမ်မသက်ဖြစ်စဉ်များ ရှိသေးသော်လည်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုသော ကတိကို တည်ရန် ကြိုးစားလျက်ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“၂၀၂၃ သြဂုတ်သည် ဥပဒေအရကတော့ နောက်ဆုံး ရွေးကောက်ပွဲကျင်းပရမှာပေါ့လေ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပြောထားတဲ့ကတိအတိုင်း ဖြစ်နိုင်အောင် ကြိုးစားလျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။                       

Most Read

Most Recent