၂၀၀၀ ပြည့်နှစ် နောက်ပိုင်း မိမိတို့ တိုင်းပြည်နိုင်ငံတွင် ‘ခေါင်းဆောင်”၊ “ခေါင်းဆောင်မှု” ဆိုသည့် စကားလုံး၊ စကားရပ်များသည် လွန်စွာခေတ်စားခဲ့ပါသည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်း (Business) များ၊ စီမံခန့်ခွဲမှုပညာ (Management) ဘာသာရပ်များနှင့် သက်ဆိုင်သည့် သင်တန်းများ၊ အဖွဲ့အစည်းများ၊ ဌာနများ၊ တက္ကသိုလ်များတွင် “ခေါင်းဆောင်”၊ “ခေါင်းဆောင်မှု”နှင့် ပတ်သက်သည့် သဘောတရားများကို အသေးစိတ် ထုတ်ဖော်တင်ပြ လာကြပါသည်။
“ခေါင်းဆောင်” ဖြစ်လိုကြသည့် လူငယ်အများအပြားကိုလည်း ဆွဲဆောင်နိုင်စေခဲ့ပါသည်။
ခေါင်းဆောင်ဖြစ်လိုသည့် လူငယ်များအတွက်ဆိုကာ သင်တန်းများစွာ ဖွင့်လှစ်ခဲ့ကြသည့်အပြင် ခေါင်းဆောင်ဖြစ်မည့် အရည်အသွေး၊ အရည်အချင်း၊ အပြုအမူစသည်တို့ကိုလည်း သတ်မှတ်ထုတ် ဖော်ခဲ့ကြပါသည်။ ထို့ပြင် စိတ်ကို အစာကျွေးသည်ဟု တင်စားခေါ်ဝေါ်သုံးစွဲကြသည့် ကြက်စွပ်ပြုတ် (Chicken Soup) စာပေအမျိုးအစား အချို့တွင်လည်း ခေါင်းဆောင်ဖြစ် ထိုက်သူတို့နှင့် သက်ဆိုင်သည့် အရည်အချင်းများ၊ သဘောတရားများကို ရေးသားတင်ပြလာကြပါသည်။
“ခေါင်းဆောင်”၊ “ခေါင်းဆောင်မှု”ကို အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင်လည်း ရှုထောင့်အမျိုးမျိုး၊ အဆင့်အမျိုးမျိုးအတွက် ပြောဆိုရေးသား တင်ပြလာခဲ့ကြပါသည်။ နောက်ဆုံးအဆင့် မည်သို့သော အခြေအနေသဘောတရားများကို အခြေခံသည်ဖြစ်စေ နောက်လိုက်ရှိလျှင် (နောက်လိုက်တစ်ယောက် ရှိလျှင်ပင်) ခေါင်းဆောင်ဖြစ်သည်ဟု အတိုချုပ် အဓိပ္ပာယ်ဖွင့်ဆိုခြင်းကိုပင်လျှင် ကြားသိတွေ့ရှိလာရပါသည်။
မိမိတို့ တိုင်းပြည်နိုင်ငံတွင် ခေါင်းဆောင်ဖြစ်လိုသည့် လူငယ်များအနေဖြင့် နောင်အနာဂတ်တွင် ခေါင်းဆောင်ဖြစ်လိုသည့် မျှော်လင့်ချက်ဖြင့် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ သင်တန်း များတက်ရောက်ကြခြင်း၊ ကြိုတင်သတ်မှတ်ထားရှိသည့် ခေါင်းဆောင်ကောင်းတို့၏အရည်အချင်များဟု ဆိုကာ အချက်များဖြင့် ဖော်ပြထားချက်၊ တင်ပြထားချက်များကို လေ့လာခြင်း မှတ်ယူလိုက်နာစေခြင်းတို့အား တွေ့မြင်ကြားသိနေရသည့် အခြေအနေဖြစ်ပါသည်။ ယခုဆောင်းပါးတွင် တင်ပြမည့်အကြောင်းအရာသည် အထက်တွင် ဖော်ပြထားသည့် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများကို အခြေခံသည့် ခေါင်းဆောင်အမျိုးအစားများ မဟုတ်ပါ။ နိုင်ငံရေးစနစ်များတွင် ဦးဆောင်ဦးရွက်ပြုရသည့် ခေါင်း ဆောင်များဖြစ်သည့် နိုင်ငံရေးခေါင်းဆောင်များနှင့် ပတ်သက်သည့် အကြောင်းအရာဖြစ်ပါသည်။
စာရေးသူ ကုလသမဂ္ဂလက်အောက်ရှိ ပရိုဂရမ်တစ်ခုတွင် တာဝန်ထမ်းဆောင်စဉ် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ (Workshop) တစ်ခု၌ ကမ္ဘာပေါ်တွင် နိုင်ငံရေးခေါင်းဆောင်အဖြစ် ထင်ရှားကျော် ကြားခဲ့ကြသည့် လူပုဂ္ဂိုလ်ကြီးများအား ၎င်းတို့၏ ဓာတ်ပုံများနှင့်အတူ စာအုပ်စာပေများတွင် ဖော်ပြထားရှိသည့် ခေါင်းဆောင်များတွင် ရှိသင့်ရှိထိုက်သည်ဆိုသော အရည်အချင်းများအားဖြစ်လာနိုင်ခြင်းပြဇယားများ သို့မဟုတ် နှစ်ဖက်ပြဇယားများ (Contingency Tables or Cross Tables or Two-way Tables) တည်ဆောက်ပြီး မက်ထရစ် ပုံစံ (Matrix Format) လေ့လာဆန်းစစ်ကြည့်သည့် အကြောင်းအရာ သင်ခန်းစာတစ်ခု ပါဝင်ခဲ့ပါ သည်။
စာဖတ်သူများ အလွယ်တကူ သိမြင်နားလည်စေရန် ဥပမာအားဖြင့်တင်ပြရပါလျှင် ရိုးသားဖြောင့်မတ်ခြင်း ဆိုသောဂုဏ်ပုဒ် အရည်အချင်းအား ကမ္ဘာပေါ်တွင် နိုင်ငံရေးခေါင်းဆောင်အဖြစ် ထင်ရှားကျော် ကြားခဲ့ကြသည့် လူပုဂ္ဂိုလ်ကြီးများ၏ ပုံနှင့်အမည်ဘေးတွင် ထားရှိပြီး ဂုဏ်ပုဒ်အရည်အချင်းနှင့် ပြည့်စုံပါက အမှန်သင်္ကေတဖြင့် အမှတ်အသားပြုပြီး၊ မပြည့်စုံပါက အမှားသင်္ကေတဖြင့် အမှတ်အသားပြုခြင်း ဖြစ်ပါသည်။
ထူးခြားစွာတွေ့ရှိရသည့် အခြေအနေတစ်ရပ်မှာ နိုင်ငံရေးခေါင်းဆောင်များတွင် တည်ရှိပိုင်ဆိုင်လျက်ရှိသည့် အရည်အချင်းများ အရည်အသွေးများမှာ ဘုံသဘောတူညီချက်ဖြစ်စေသည့် နိုင်ငံရေးခေါင်းဆောင်အဖြစ် ကြိုတင်သတ်မှတ်နိုင်မည့် အနေအထားတစ်ရပ်အဖြစ် မတွေ့ရှိရခြင်းပင်ဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် လည်း အထက်ဖော်ပြပါကဲ့သို့ လေ့လာစိစစ်ကြည့်ကြပါရန် အကြံပြုပါသည်။ ထို့ကြောင့် အထက်ဖော်ပြပါ လေ့လာတွေ့ရှိချက်အရဆိုပါလျှင် ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် နိုင်ငံရေးခေါင်းဆောင်အဖြစ်သို့ ရောက်ရှိရရှိလာရခြင်းမှာ လူပုဂ္ဂိုလ်၏ အရည်အချင်း၊ အရည်အသွေး သတ်မှတ်ထားချက်များထက် အခြေအနေ၊ အချိန်အခါနှင့် အကြောင်းအရာ တိုက်ဆိုင်မှုများ အရသာဖြစ်သည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။ စာရင်းအင်းပညာနည်းလမ်းများကို အသုံးပြုပြီး လေ့လာစိစစ်ရရှိသည့် ရလဒ်အဖြေမဟုတ်ပါ။ ဆက်လက်လေ့လာရန် လိုအပ်ပါသည်။
မိမိတို့၏ တိုင်းပြည်နိုင်ငံနှင့်ပတ်သက်ပြီး လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တိုင်းပြည်နိုင်ငံကို ဦးစီး ဦးဆောင်ပြုခဲ့ကြသည့် နိုင်ငံရေးခေါင်းဆောင်ကြီးများ၏အကြောင်းကို ရေးသားတင်ပြရသည်မှာ ဝမ်း နည်းစရာကောင်းလှပါသည်။ စာရေးသူ၏ တွေ့ရှိချက်ကိုယ်ပိုင်အမြင်ဖြင့် တင်ပြရပါလျှင် မိမိတို့ တိုင်းပြည်
နိုင်ငံတွင် စွမ်းရည်ထက်မြက်သည့် နိုင်ငံရေးခေါင်းဆောင်ကြီးများ တိုင်းပြု ပြည်ပြု လူပုဂ္ဂိုလ်ကြီးများ ပေါ်ထွက်လာနိုင်ခြင်းမရှိသည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။
စာရေးသူအနေဖြင့် ယခုကဲ့သို့ ကောက်ချက်ချခြင်းမှာ အခြေအမြစ်မရှိ၊ အထောက်အထားမဲ့ တင်ပြခြင်း မဟုတ်ပါ။ ယနေ့ ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်ရာတွင် မိမိတို့ တိုင်းပြည် နိုင်ငံရောက်ရှိနေသည့် အခြေအနေ အဆင့်အတန်းအရ တင်ပြခြင်းဖြစ်ပါသည်။
မိမိတို့ တိုင်းပြည်နိုင်ငံ၏ အခြေအနေနှင့် ယနေ့ရောက်ရှိနေရသည့် အဆင့်အတန်းကို အကျဉ်း ချုပ်တင်ပြရပါလျှင် မိမိတို့ တိုင်းပြည် နိုင်ငံသည် အရှေ့တောင်အာရှတွင် ကုန်းမြေအကြီးဆုံးနိုင်ငံဖြစ်ပြီး ပင် လယ်ကမ်းရိုးတန်းနှင့် စိုက်ပျိုးမွေးမြူနိုင်သည့် မြေထု၊ ရေထု၊ လေထုနှင့် ရာသီဥတုကို ပိုင်ဆိုင်ထားရှိသည့် အပြင် သဘာဝ အရင်းအမြစ်မျိုးစုံ နှင့် မေတ္တာတရားကို အခြေခံကာ ခံစားသိမြင် နားလည်လွယ်သည့် လူသားအရင်းအမြစ်များလည်း တည်ရှိ ပိုင်ဆိုင်ထားရှိသည့် တိုင်းပြည်နိုင်ငံ ဖြစ်ပါသည်။
သို့သော်လည်း ယနေ့အချိန်အခါ ကမ္ဘာပေါ်ရှိနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ရာတွင် ဖွံ့ဖြိုးတိုးတက်မှု ရှုထောင့်အရ လေ့လာပါက ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) နှင့် လူသားချင်း စာနာထောက်ထားမှု ရှုထောင့်အရ လေ့လာပါက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ၊ အိုးအိမ်စွန့်ခွာရသည့် မိသားစုများ၊ လူဦးရေများ တည်ရှိဖြစ်ပေါ်နေရသည့် တိုင်းပြည်နိုင်ငံဖြစ်နေပါသည်။
ဖော်ပြပါအခြေအနေမှာ မိမိ တို့ တိုင်းပြည်နိုင်ငံတွင် ပကတိ တည်ရှိဖြစ်ပေါ်နေသည့် မဖြစ်မနေ လက်ခံရမည့် အထောက်အထား အချက်အလက်များဖြစ်ပါသည်။
မိမိတို့ တိုင်းပြည်နိုင်ငံကြီး ယခု ကဲ့သို့ မဖြစ်သင့်မဖြစ်ထိုက်ဘဲ ဆိုးရွားပြင်းထန်သည့် အခြေအနေ အဆင့်အတန်းကို ရောက်ရှိနေရခြင်းမှာ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တိုင်းပြည်နိုင်ငံတော်၏ အာဏာကို ရယူခဲ့ကြသည့် နိုင်ငံရေးခေါင်းဆောင်ကြီးများတွင် လုံးဝ တာဝန်ရှိပါသည်။ တစ်နည်းအားဖြင့် တင်ပြရပါလျှင် စွမ်းရည်ထက်မြက်သည့် နိုင်ငံရေးခေါင်းဆောင်ကြီးများ၊ တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ်ကြီးများ ပေါ်ထွက်လာခြင်း မရှိခဲ့သည့်အတွက် ဖြစ်ပါသည်။ အခြားတစ်ဖက်က တင်ပြရပါလျှင် တိုင်းပြည်နိုင်ငံတော်တွင် စွမ်းရည်ထက်မြက်သည့် နိုင်ငံရေးခေါင်းဆောင်ကြီးများ၊ တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ်ကြီးများ တည်ရှိနေ နိုင်ပါသော်လည်း တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်ခွင့်မရရှိခဲ့ကြသည့်အတွက် ဖြစ်ပါသည်။
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မိမိတို့ တိုင်းပြည်နိုင်ငံတော် ကြီးအား ဖော်ပြပါဆိုးရွားပြင်းထန်သည့် အခြေအနေ အဆင့်အတန်းမှ ကျော်လွှားလွတ်မြောက်စေရန် အလို့ငှာ မိမိတို့ တိုင်းပြည်နိုင်ငံတွင် စွမ်းရည်ထက်မြက်ပြီး အသိပညာ၊ ဉာဏ်ပညာတို့နှင့် ပြည့်စုံသည့် နိုင်ငံရေး ခေါင်းဆောင်ကြီးများ၊ တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ်ကြီးများက ဦးစီးဦးဆောင်ပြုလုပ်အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေမည့် အခြေအနေ၊ ကောင်းမွန်ပြည့်စုံသည့် ပတ်ဝန်းကျင်သစ် ဖြစ်ပေါ်တည်ရှိလာစေ ရေးကို ရည်ရွယ်ပါသည်။
ကောင်းမွန်ပြည့်စုံသည့် ပတ်ဝန်းကျင်သစ် ဖြစ်ပေါ်တည်ရှိလာစေရန်မှာ တိုင်းပြည်နိုင်ငံက လက်ခံ ကျင့်သုံးသည့် နိုင်ငံရေးစနစ်နှင့် နိုင်ငံရေး ခေါင်းဆောင်ကြီးများ၊ တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ်ကြီးများ လိုက်လျောညီထွေစွာ လိုက်နာကျင့် သုံးသင့်သည့် ခေါင်းဆောင်မှုပုံစံ ဟန်ပန် အမူအရာ စတိုင်ကို ပုံတွင် ဖော်ပြထားပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံတွင် လက်ခံကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံရေးစနစ်အရ နိုင်ငံရေး ခေါင်းဆောင်ကြီးများ၊ တိုင်းပြု ပြည် ပြု လူပုဂ္ဂိုလ်ကြီးများ၏ နေရာ အခန်းကဏ္ဍကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။
ဤတွင် အလျဉ်းသင့်သဖြင့် တင်ပြလိုသည့်အချက်မှာ ယနေ့အချိန်အခါတွင် ခေါင်းဆောင်မှု ပုံစံ ဟန်ပန် အမူအရာစတိုင်များနှှင့် ပတ်သက်သည့် အကြောင်းအရာများသည် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများကို အခြေခံသည့် ခေါင်းဆောင်မှုပုံစံ၊ ဟန်ပန်အမူအရာစတိုင်များနှင့် နိုင်ငံရေးစနစ်များတွင် ဦးဆောင်ဦးရွက်ပြုရသည့် နိုင်ငံရေးခေါင်းဆောင်များအတွက် ခေါင်းဆောင်မှု ပုံစံဟန်ပန်၊ အမူအရာ စတိုင်များနှင့်သည် ရောထွေး လျက်ရှိနေပါသည်။ စာရေးသူအနေ နှင့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်း များအတွက် အဓိကအသုံးပြုသည့် (Transactional Leadership)၊ (Transformational Leadership) နှင့် (Laissez-Faire Leadership) တို့နှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းတင်ပြမည် မဟုတ်သကဲ့သို့ နိုင်ငံရေးစနစ်များ နှင့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများတွင် အသုံးပြုကြသည့် (Authoritarian Leadership)၊ (Democratic Leadership) နှင့် (Laissez-Faire Leadership) တို့နှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်းတင်ပြခြင်းပြုမည်မဟုတ်ပါ။ ယခုဆောင်းပါးသည် နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍတည်နေရာကိုသာ ဆွေးနွေး တင်ပြခြင်းဖြစ်ပါသည်။
ပထမဦးစွာ မိမိတို့ တိုင်းပြည်နိုင်ငံ၏ အတွေ့အကြုံအရ ကိုလိုနီ အုပ်ချုပ်ရေးကာလတွင် လေဆယ်ဖဲ (လ်) (Laizzez-faire) ကို ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါသည်။ လေဆယ်ဖဲ (လ်) (Laizzez-faire) ၏ သဘောသဘာဝ အရ နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍ တည်နေရာမှာ အနည်းငယ်သာ ပါဝင်ဆောင်ရွက်ရန် လိုအပ်ပြီး အဖွဲ့အစည်းများနှင့် ဖွဲ့စည်းတည်ဆောက်ပုံစနစ်ယန္တရားများ (Institutions) ခိုင်မာအားကောင်းစေရန် တည်ဆောက်ထားနိုင်ပါက တိုင်းပြည်နိုင်ငံမှာ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး တိုင်းသူ ပြည်သား လူအများသည်လည်း ကိုယ်ကျန်းမာပြီး အမြင့်မားဆုံး စိတ်ချမ်းမြေ့ပျော်ရွှင်မှုကို ရရှိစေနိုင်ပါသည်။
ဖွဲ့စည်းတည်ဆောက်ပုံစနစ် ယန္တရားများ (Institutions) ခိုင်မာအားကောင်းစေရန် မတည်ဆောက်နိုင်ပါက မင်းမဲ့စရိုက်များ ထွန်းကားလာစေပြီးလျှင် သူတစ်လူ ငါတစ်မင်းနှင့် အချင်းချင်း သတ်ဖြတ်ကြသည့် အခြေအနေသို့ ရောက်ရှိနိုင်ပါသည်။
ဒုတိယအနေဖြင့် ဒီမိုကရေစီစနစ်ကို မိမိတို့ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးစကာလ ပါလီ မန်ဒီမိုကရေစီစနစ်နှင့် ယနေ့အချိန် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။ ဒီမိုကရေစီစနစ်၏ သဘောသဘာဝအရ နိုင်ငံရေး ခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍ တည်နေရာမှာ ထက်ဝက်ခန့် ပါဝင်ဆောင်ရွက်ရန် လိုအပ်ပြီး အဖွဲ့အစည်းများနှင့် ဖွဲ့စည်းတည်ဆောက်ပုံစနစ် ယန္တရားများ (Institutions) ခိုင်မာအားကောင်းစေရန် တည်ဆောက်ခြင်းမှာ ထက်ဝက်ခန့် လိုအပ်ပါသည်။ အဆိုပါ ဟန်ချက်ကို ထိန်းထားနိုင်ရန်မှာ လွန်စွာ အရေးကြီးလှပါသည်။ ဟန်ချက်ကို ပြောင်းလဲစေမည့် အကြောင်းအရာများသည် အမြဲဖြစ်ပေါ်နေစေမည် ဖြစ်ပြီး ဟန်ချက်ပြန်လည်ရရှိစေရေးကို အမြဲတစေ ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ နိုင်ငံရေးခေါင်းဆောင်ကြီးများက မိမိ၏ အခန်းကဏ္ဍတည်နေရာကို မသိနားမလည်ခြင်းနှင့် ဖွဲ့စည်းတည် ဆောက်ပုံစနစ်ယန္တရားများ (Institutions) ခိုင်မာအားကောင်းစေရန် မတည်ဆောက်နိုင်ပါက အချိန်မရွေး၊ အခါမရွေး အကြွင်းမဲ့ အာဏာရှင်စနစ်သို့ ရောက်ရှိသွားနိုင်သကဲ့သို့ မင်းမဲ့စရိုက်များ ထွန်းကားလာစေပြီးလျှင် သူတစ်လူ ငါတစ်မင်းနှင့် အချင်းချင်း သတ်ဖြတ်ကြသည့် အခြေအနေသို့လည်း ရောက်ရှိနိုင်ပါသည်။
တတိယအနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံတွင် အကြွင်းမဲ့အာဏာရှင်စနစ်နှင့် အကြွင်းမဲ့အာဏာရှင် စနစ်ကဲ့သို့ ဗဟိုဦးစီးစနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေကာလများမှာ လွန်စွာကြာမြင့်ခဲ့ပါသည်။ ကာလအပိုင်းအခြားအရ ရေတွက်ပါလျှင် ယနေ့ လွတ်လပ်ရေးရရှိခဲ့သည်မှာ ၇၄ နှစ်ခန့် ကြာမြင့်ချိန် ကာလအတွင်း အာဏာရှင်စနစ်တွင် ပါဝင်သည့် ဗဟိုဦးစီးစနစ်ကို ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ ခန့်မှန်းခြေ ၄၉ နှစ်ခန့် ရှိသဖြင့် သုံးပုံ နှစ်ပုံခန့် ကာလအပိုင်းအခြားမှာ အာဏာရှင် စနစ်ကဲ့သို့ ဗဟိုဦးစီးစနစ်ကို ကျင့်သုံးခဲ့သည့် အချိန်ကာလများဖြစ်နေ ပါသည်။
အကြွင်းမဲ့အာဏာရှင်စနစ်၏ သဘောသဘာဝမှာ တိုင်းပြည် နိုင်ငံတော်၏ အစစအရာရာ ကိစ္စရပ်အား လုံးတို့ကို နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ လက်ထဲတွင် ဝကွက်ပြီး အပ်ထားကြရခြင်းဖြစ်ပါသည်။ နိုင်ငံရေး ခေါင်းဆောင်ကြီးများ၏ လုပ်ရည် ကိုင်ရည် ဉာဏ်ရည် ဉာဏ်သွေး အရည်အချင်းများ ပြည့်စုံပါက တိုင်းပြည်နိုင်ငံတော်ကြီးမှာ သာယာဝပြောပြီး ပြည်သူပြည်သားများမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ အသက်ရှင် ရပ်တည်နိုင်စေမည် ဖြစ်ပါသည်။ ညံ့ဖျင်းသော နိုင်ငံရေး ခေါင်းဆောင်ကြီးများ ဖြစ်ပါက ဆင်းရဲသော တိုင်းပြည်နိုင်ငံတော်ကြီးနှင့် ပြည်သူပြည်သားများမှာလည်း ခက်ခဲပင်ပန်းစွာ အသက်ရှင် နေထိုင်ကြရမည်ဖြစ်ပါသည်။
ယနေ့အချိန်ကာလ မိမိတို့ တိုင်းပြည်နိုင်ငံတော်ကြီး၏ အခြေအနေကို စာဖတ်သူများကပင် သိမြင် ကြားသိတွေ့ရှိနေရသည်များကို အခြေခံကာ ဝေဖန်ပိုင်းခြားပြီး စဉ်းစားဆုံးဖြတ်ကြစေလိုပါသည်။ စာ ရေးသူတစ်ဦးတည်းအမြင်ဖြင့် တင်ပြရပါလျှင် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း အုပ်ချုပ်သူအစိုးရနှင့် အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများ နှစ်ဖက်စလုံးတွင် မိမိတို့၏ တိုင်းရင်းသား နိုင်ငံသား များ၏ အသက်ပေါင်းမြောက်မြားစွာ သေကျေပျက်စီးခဲ့ရပြီးလျှင် အုပ်ချုပ်သူလူတန်းစား လူတစ်စု အနည်း ငယ်မှလွဲ၍ တိုင်းသူပြည်သား လူအများမှာ ယနေ့အချိန်အထိ ဆင်းရဲမွဲတေမှုဒဏ်ကို ခါးစည်းပြီး ခံစားနေ ကြရဆဲဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မိမိတို့ တိုင်းပြည်နိုင်ငံတော်ကြီးအား အထက်တွင် ဖော်ပြထားသကဲ့သို့ ဆိုးရွားပြင်းထန်သည့် အခြေအနေ အဆင့်အတန်းမှ ကျော် လွှားလွတ်မြောက်နိုင်စေရန်အလို့ငှာ မိမိတို့ တိုင်းပြည်နိုင်ငံတွင် စွမ်းရည်ထက်မြက်ပြီး အသိပညာ၊ ဉာဏ်ပညာတို့နှင့် ပြည့်စုံသည့် နိုင်ငံရေး ခေါင်းဆောင်ကြီးများ၊ တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ်ကြီးများက ဦးစီးဦးဆောင် ပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေမည့် အခြေအနေ ကောင်းမွန်ပြည့်စုံသည့် ပတ်ဝန်းကျင်သစ် ဖြစ်ပေါ်တည်ရှိလာစေရေးကို တိုင်းပြည်နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသည့် နိုင်ငံသား အားလုံးတို့က သိမြင်နားလည်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။










