ကမ္ဘာတစ်ဝန်းရှိ အင်ပါယာများ (Empires) ၊ အထူးအင်အားကြီး နိုင်ငံများ (Great Power) နှင့် မဟာ အင်အားကြီးနိုင်ငံများ (Super Power) တို့၏ သမိုင်းကြောင်းအမှန်၊ အခြေအနေအမှန် ၊ အင်အားအမှန် နှင့် ရှေ့အလားအလာအမှန်များကို လတ်တလောကာလနှင့် ရှေ့အနာဂတ် ကာလအတွက် မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ခြင်းနှင့် အမှန်အတိုင်း နားလည်သိမြင်မှုများ မရှိကြခြင်းများမှာ မြန်မာတို့၏ ခေတ်အဆက်ဆက် အားနည်းချက်များစွာအနက် အရေးကြီးသော သမိုင်းဝင်အား နည်းချက်တစ်ရပ် ဖြစ်နေခဲ့သည်။
■ ၁၈ ရာစုနှင့် ၁၉ ရာစုက အမှားများ
အလောင်းမင်းတရား ဦးအောင်ဇေယျက တတိယအကြိမ်မြောက် မြန်မာ့ဦးစွန်းကို ပြန်လည် ထူထောင်နေခဲ့သော အေဒီ ၁၇၅၀ ခုနှစ်များ ကာလမှသည် မန္တလေး ဘုရင့်အစိုးရ ကျဆုံးသွားခဲ့သော အေဒီ ၁၈၈၅ ခုနှစ် အထိ၊ အေဒီ ၁၈ ရာစုနှင့် ၁၉ ရာစု နှစ်ခုလုံးတွင် ထိုခေတ်ကာလက မြန်မာတို့သည် ကမ္ဘာ့ရေကြောင်း အင်ပါယာများနှင့် ယင်းတို့အနက် အင်အားအကြီးမားဆုံး အင်ပါယာအဖြစ် ‘တက်ခေတ်’ (Rising Age) ကို ရောက်နေခဲ့သော ဗြိတိသျှအင်ပါယာအကြောင်းကို မှန်မှန်ကန်ကန် နားလည်သိမြင်နိုင်ခဲ့ခြင်း မရှိခဲ့ကြပါ။
ထိုခေတ်က မြန်မာအများစုက ကမ္ဘာ့ထိပ်တန်း ဥရောပမျိုးနွယ် လူဖြူရေကြောင်းအင်ပါယာများ၏ ဓနအင်အားအမှန် ၊ စစ်အင်အားအမှန်၊ ပကတိအတွင်းအခြေအနေအမှန်၊ အာဏာစံအိမ်တော်အစစ်များ (Real Power House) ၊ ယင်းတို့၏ အလိုရမ္မက်အစစ်များ (Real Passions)နှင့် ရည်မှန်းချက် အိပ်မက်အစစ်များ (Real Dream) အကြောင်းကို မှန်ကန်စွာ အကဲဖြတ်နားလည်နိုင်စွမ်း မရှိခဲ့ကြပါ။
ထိုခေတ်က မြန်မာတို့က ပြင်သစ် အင်ပါယာကို အထင်ကြီးခဲ့ကြသည်။ သမ္မတနိုင်ငံဝါဒီတော်လှန်ရေးများ ၊ နပိုလီယန်စစ်ပွဲများ ၊ ပြင်သစ်-ပရပ်ရှား စစ်ပွဲများဖြင့် ခြေကုန်လက်ပန်းကျနေခဲ့သော ပြင်သစ်သမ္မတနိုင်ငံ အင်ပါယာ (French Republic Empire) ၏ အခြေအနေအမှန်များနှင့် ပြင်သစ်တို့၏ ‘အကျခေတ်’ (Falling Age) ကို မရိပ်မိခဲ့ကြပါ ။ ထို့အတူပင် ‘အမျိုးသား နိုင်ငံတော်’ (Nation State) တစ်ခုကို အခြားသော ဥရောပ လူဖြူမျိုးနွယ်များ၏ ခေတ်သစ်အမျိုးသား နိုင်ငံတော်များထက် အလွန်နောက်ကျစွာ ပြန်လည် ထူထောင်ခဲ့ရသော အီတလီကိုလည်း ထိုခေတ် မြန်မာတို့က မှားယွင်းစွာ အထင်ကြီးနေခဲ့ကြသည်။ တကယ့်အခြေအနေအမှန်တွင် ၁၉ ရာစုခေတ် အီတလီ ဆိုသည်မှာ ဗြိတိသျှအင်ပါယာ၊ သြစထရို ဟန်ဂေရီအင်ပါယာနှင့် ပရပ်ရှား ဂျာမန်အင်ပါယာများ၏ သူလျှိုပေါင်းစုံ ခြေရှုပ်လွှမ်းမိုးနေခဲ့သော အရွယ်အစား အလယ်အလတ်စား နိုင်ငံတစ်ခုအဆင့်ထက် ဘာမျှမပိုခဲ့ပါ ။
မြန်မာတို့သည် ရခိုင်အင်ပါယာ၏ ကိုလိုနီဟောင်းတစ်ခု ဖြစ်ခဲ့ဖူးသော အရှေ့ဘင်္ဂလားနယ်စပ်တွင် ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီနှင့် ပဋိပက္ခများ စတင်ဖြစ်ပွားလာခဲ့သည်။ နောက်ဆုံး၌ ကုန်းဘောင် ထီးနန်းနှင့်အတူ မြန်မာ့လွတ်လပ်ရေးပါ ဆုံးရှုံးသွားခဲ့သည်။
နောင်တစ်ချိန်တွင် အမျိုးသားလွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့သော်လည်း တစ်ချိန်က ထောင်စုနှစ်များစွာ ထွန်းကားတည်တံ့အဓွန့် ရှည်ခဲ့ဖူးသော မြန်မာလူမျိုးတို့၏ လွတ်လပ်သော သခင်လူမျိုးစိတ်ဓာတ်၊ တိုင်းပြည်နှင့် လူမျိုးအကျိုးကို အရာအားလုံး၏ အထက်တွင် ရှေ့တန်းတင် ဦးစားပေးသော ပြည်ချစ်စိတ်ဓာတ်၊ အမျိုးသားညီညွတ်ရေးကို ရှေးရှုသော နိုင်ငံတော်စည်းရုံးရေးစိတ်ဓာတ်၊ ဂုဏ်သိက္ခာကောင်း ၊ ဂုဏ်သတင်းကောင်းနှင့် မျိုးရိုးအမည်ကောင်းများကို တန်ဖိုးထားသော ကိုယ့်ကျင့်တရား ဓလေ့နှင့် မိမိလူမျိုးကို မိမိ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်လိုသော ဝံသာနုရက္ခိတ စိတ်ဓာတ်များသည် အေဒီ ၁၈၈၅ ခုနှစ် မတိုင်မီက မူလအခြေအနေအတိုင်း၊ မူလအတိုင်းအတာအတိုင်း ပြန်လည်ထွန်းကားနိုင်ခြင်း မရှိတော့ပေ။
ယင်းစိတ်ဓာတ်များအစား တစ်ပါးနိုင်ငံနှင့် တစ်ပါးလူမျိုးကိုသာ အားကိုးအားထားပြုပြီး နောက်လိုက် တပည့်လုပ်ချင်၊ ကျွန်ခံချင်သောစိတ်ဓာတ်များ၊ မိမိပုဂ္ဂိုလ်ရေး ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို ရောင်းစားချင်သော စိတ်ဓာတ်၊ မိမိဂိုဏ်းဂဏ အသင်းအဖွဲ့အတွက် အမျိုး သားစည်းလုံးညီညွတ်မှုကို အစိတ်စိတ်အမြွှာမြွှာဖြိုခွဲဖို့ ဝန်မလေးသော နိုင်ငံတော်ဖြိုခွဲရေးစိတ်ဓာတ်၊ ဂုဏ် သိက္ခာ၊ ဂုဏ်သတင်း၊ အမည်ကောင်း ပုံရိပ်နှင့် ကိုယ်ကျင့်တရားအစား ငွေကြေးအမြတ်အစွန်းကို အဓိက ထားသော စိတ်ဓာတ်၊ မိမိလူမျိုး တစ်မျိုးလုံးကို သူတစ်ပါးလက်အောက် တွန်းပို့ချင်သော စိတ်ဓာတ် အစရှိသော၊ မသင့်လျော်သော စိတ်ဓာတ်ရေးရာ အပြုအမူများနှင့် အမျိုးသားအကျိုးစီးပွားဆိုင်ရာအခြေခံ ကိုယ်ကျင့်တရား ပျက်ယွင်းမှုများကသာ ထွန်းကားကျယ်ပြန့်လာခဲ့ကြသည် ။
ယင်းကဲ့သို့သော အခြေအနေများသည် ၁၉ ရာစုခေတ် မြန်မာ့လွတ်လပ်ရေး ကျဆုံးမှုမှသည် မြန်မာတို့၏ လူ့အဖွဲ့အစည်းအတွင်းသို့ ဖြစ်ပေါ်ရိုက်ခတ်ခဲ့သော ဒဏ်ရာဒဏ်ချက်များလည်း ဖြစ်သကဲ့သို့၊ ယခုအချိန်အထိ မြန်မာတို့၏ ‘အရပ်ဘက်လူ့အဖွဲ့အစည်း’ (Civil Society) အတွင်း ပြန်လည်ကုစား၊ ပြန်လည်ကုသခြင်း မပြုနိုင်သေးသော ‘လူမှုအကျိုးဆက်များ’ (Social Impacts) လည်း ဖြစ်နေခဲ့သည်။
■ ၂၀ ရာစု အစောပိုင်းကာလ အမှားများ
အေဒီ ၁၉၀၁ ခုနှစ်မှ အေဒီ ၁၉၅၀ ခုနှစ်အထိ ပထမအနှစ်ငါးဆယ်ကို သမိုင်းပညာတွင် ‘အေဒီ ၂၀ ရာစု ခေတ်ဦး’ (Early Age of AD 20th Century) ဟု ခေါ်ဆိုပြီး ‘ခေတ်သစ်သမိုင်း၏အစောပိုင်းကာလ’ (Early Age of Modern History) ဟုလည်း ခေါ်ဆိုကြသည်။
၁၉၀၁ ခုနှစ် မှ ၁၉၄၈ ခုနှစ် အထိ မြန်မာတို့အပေါ်လွှမ်းမိုးနေခဲ့သော အခြေခံစိတ်ခံစားချက်မှာ ဗြိတိသျှအင်ပါယာနှင့် အင်္ဂလိပ်လူမျိုးများအပေါ် နာကြည်းဆန့်ကျင်နေခဲ့သော အမုန်းတရား ဖြစ်သည်။
မြန်မာတို့က ဗြိတိသျှအင်ပါယာကိုမုန်းသည်။ အင်္ဂလိပ်လူမျိုးများကိုမုန်းသည်။ ဗြိတိသျှအင်ပါယာကို ဆန့်ကျင်နေသူမှန်သမျှ၊ ‘အင်္ဂလို ဆက်ဆွန်ကြီးစိုးမှု (Anglo-Saxon Supremacy) ကို ဆန့်ကျင် နေသူမှန်သမျှသည် မြန်မာတို့အတွက် ‘ချစ်စရာသူရဲကောင်းများ’ (Lovely Heros) ဖြစ်လာခဲ့ကြသည်။
ပထမကမ္ဘာစစ် (၁၉၁၄- ၁၉၁၈) အတွင်း ဗြိတိသျှအင်ပါယာနှင့် အင်္ဂလိုဆက်ဆွန်ကြီးစိုးမှု၏ မဟာရန်သူတော်များဖြစ်ခဲ့ကြသော (၁) ပရပ်ရှား ဘုရင်၏ ဂျာမန်အင်ပါယာ၊ (၂) သြစတြီးယားဘုရင်၏ သြစထရို ဟန်ဂေရီအင်ပါယာနှင့် (၃) တူရကီဘုရင်၏ ဆွန်နီ အစ္စလာ မ္မစ်ခါလီဖိတ် အော်တိုမန်အင်ပါယာတို့ သုံးခုသည် ထိုခေတ် မြန်မာတို့၏ချစ်မြတ်နိုးဖွယ်ရာ အသည်းကျော်များ၊ နိုင်ငံတကာသူရဲကောင်းများ ဖြစ်ခဲ့ရသည်။
ထိုခေတ်က မြန်မာအရပ်သားများ၏နေ့စဉ်မှတ်တမ်းများ၊ မြန်မာစာနယ်ဇင်းတို့၏ရေးသားချက်များတွင် ဂျာမန်၊ သြစတြီးယားနှင့် တူရကီများအပေါ် လိုလားမျှော်လင့်နေပုံ၊ အတွင်းကျိတ်နှစ်သက်ထောက်ခံနေကြပုံများကို ရှင်းလင်းစွာ မြင်တွေ့ရနိုင်သည်။
အေဒီ ၁၉ ရာစု နှောင်းပိုင်းတွင် ကုန်းဘောင်နန်းဆက်၏နောက်ဆုံးကာလများအတွင်းက မြန်မာတို့၏ မိတ်ဆွေကောင်းများ ရပ်တည်ခဲ့ဖူးကြသော ပြင်သစ်၊ အီတလီနှင့် အမေရိကန်ပြည်ထောင်စု သုံးခုကို ပထမကမ္ဘာစစ်အတွင်း သူတို့၏ မဟာရန်သူတော် ဗြိတိသျှအင်ပါယာနှင့် စစ်မဟာမိတ်ဖွဲ့ကာ စစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့ကြခြင်းကြောင့် ထိုခေတ်ကာလ မြန်မာတို့က အမုန်းကြီးမုန်းသွားခဲ့ကြသည်။
ယနေ့ခေတ်ကဲ့သို့ပင် ထိုခေတ် ကာလက မြန်မာတို့သည် ကမ္ဘာ့ရေးရာများကို လေ့လာရှုမြင်ရာတွင် စိတ်ခံစားချက်များ (Feelings)၊ စိတ်လှုပ်ရှားမှုများ (Emotions) ၊ အချစ် အမုန်း ရွေးချယ်မှုများ (Love or Hate Options)နှင့်သာ အရာရာကို ခံစားချက်ဖြင့်ရှေ့တန်းတင်ကာ ရွေးချယ်ဆုံးဖြတ်ခြင်းပြုခဲ့ကြသည်။
ပထမကမ္ဘာစစ်အပြီးတွင် ထိုခေတ်ကာလ မြန်မာပညာတတ်များနှင့် စာတတ်မြောက်သူများက ပထမ ကမ္ဘာစစ်အတွင်း ဇာဘုရင်၏ ရုရှားအင်ပါယာပြိုကွဲခြင်း ၊ မဟာအောက်တိုဘာ ဗော်လ်ရှီဗစ်တော်လှန်ရေး (၁၉၁၇) ဖြစ်ပေါ်ခြင်း နှင့် ဆိုဗီယက် ပြည်ထောင်စုပေါ်ထွန်းလာခြင်းများကို ဝမ်းသာအားရနှင့်စိတ်ဝင်တစား လေ့လာခဲ့ကြသည်။
ထိုခေတ်က မြန်မာပညာတတ်များနှင့် မြန်မာလူမျိုး စာတတ်မြောက်သူများက မဟာအောက်တိုဘာ ဗော်လ်ရှီဗစ်တော်လှန်ရေးနှင့် ဆိုဗီယက်ပြည်ထောင်စုကို စိတ်ဝင်တစားလေ့လာနေကြခြင်းမှာ (၁) ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒနှင့် မာ့က်စ်ဝါဒအကြောင်းအရာများကို သိနားလည်၍ မဟုတ်သကဲ့သို့ (၂) ဆိုရှယ်လစ်ဝါဒ ၊ ကွန်မြူနစ်ဝါဒနှင့်မာ့က်စ်ဝါဒကို လိုလားထောက်ခံ၍လည်း မဟုတ်ခဲ့ပါ။
ကိုလိုခေတ် မြန်မာပညာတတ်များနှင့် မြန်မာလူမျိုး စာတတ်မြောက်သူများက ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှ အင်ပါယာဘက်မှ အတူရပ်တည်ကာ စစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့သော ပြင်သစ်၊ အမေရိကန်၊ အီတလီ အင်ပါယာများကို မုန်းတီးခဲ့ကြသကဲ့သို့ ယင်းအင်ပါယာများ၏ မဟာမိတ်ဖြစ်ခဲ့ပြီး စစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေသော ဇာဘုရင်၏ ရုရှားအင်ပါယာ ပြိုကွဲသွားခြင်းကို မြန်မာတို့က အလွန်ဝမ်းသာခဲ့ကြသည်။
ဗြိတိသျှ ၊ ပြင်သစ်၊ အမေရိကန်၊ အီတလီတို့နှင့် စစ်မဟာမိတ်ဆက်ဖွဲ့ကာ ပထမကမ္ဘာစစ်ကို ဆက်လက် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သော ရုရှားနန်းရင်းဝန် ကရင်စကီး၏ မင်ရှီဗစ်အစိုးရကို မြန်မာအများစုက မုန်းခဲ့ ကြသည်။
အောက်တိုဘာ တော်လှန်ရေးဖြင့် ကရင်စကီး၏ မင်ရှီဗစ်အစိုးရကို ဖြုတ်ချပစ်လိုက်ပြီး ဂျာမန်အင်ပါယာနှင့် စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုလိုက်ကာ ပထမကမ္ဘာစစ်အတွင်းမှ နုတ်ထွက်လိုက်ခဲ့သော ရုရှားကွန်မြူနစ် ဗော်လ်ရှီဗစ်များ၏ ဆိုဗီယက်ပြည်ထောင်စုအသစ်ပေါ်ထွန်းလာခြင်းကို မြန်မာတို့က အလွန်ဝမ်းသာခဲ့ကြသည်။
နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှုနှင့် ဆိုဗီယက်ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒများတွင်ပါဝင်နေသော ကမ္ဘာ့အရင်းရှင်နယ်ချဲ့စနစ် ဖျက်သိမ်းရေး၊ ကိုလိုနီနယ်မြေများလွတ်မြောက်ရေး၊ အာရှ၊ အာဖရိက အမျိုးသားနိုင်ငံများ၏ လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရရှိရေးဆိုင်ရာမူဝါဒ၊ သဘောထားများကို မြန်မာတို့က အလွန်နှစ်သက်ခဲ့ကြသည်။
ယင်းကဲ့သို့ နှစ်သက်နေခဲ့ကြသော မြန်မာများအထဲမှ အရည်အတွက်အများစုကိုယ်တိုင်ကမူ မာ့က်စ်ဝါဒ၊ အိန်ဂျယ်ဝါဒ ၊ လီနင်ဝါဒ၊ စတာလင်ဝါဒ သဘောတရားများ၊ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒနှင့် ကွန်မြူနစ်ဝါဒ၏ အခြေခံမူများ၊ ပစ္စည်းမဲ့အာဏာရှင်စနစ်နှင့် ဆိုရှယ်လစ်လူမှုစီးပွားစနစ်များ၏ အခြေခံတရားကိုယ်များကို နားလည်သိမြင်ခြင်းနှင့် လက်တွေ့ခံယူကျင့်သုံးလိုခြင်းသဘောထားများမရှိခဲ့ကြပါ ။
၁၉၁၈ - ၁၉၃၉ ကမ္ဘာစစ် နှစ်ခုအကြား ခေတ်ကြားကာလအတွင်း မြန်မာတို့က စိတ်ဝင်တစား လေ့လာခဲ့သော အခြားနိုင်ငံနှစ်ခုရှိခဲ့သေးသည်။
တစ်ခုက တူရကီ စစ်အာဏာရှင် ကမားလ်အတာတပ်ခ်၏ တူရကီသမ္မတနိုင်ငံသစ်ဖြစ်ပြီး နောက်တစ်ခုက ဗြိတိသျှ လက်အောက်မှ လွတ်မြောက်လာခဲ့သော တောင်ပိုင်းအိုင်ယာလန်၏ အိုင်းရစ်အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှု ဖြစ်သည်။
တူရကီ စစ်အာဏာရှင်ကို မြန်မာတို့ စိတ်ဝင်စားခဲ့ကြခြင်းမှာ ဗြိတိသျှ အင်ပါယာ၏ မဟာမိတ်ဖြစ်သော ဂရိစစ်တပ်ကို ကမားလ်အတာတပ်ခ်က စစ်အနိုင်တိုက်ခဲ့ကြသောကြောင့်သာ ဖြစ်သည်။
တူရကီ စစ်အာဏာရှင်၏ (၁) ဧကရာဇ်စနစ် ဆန့်ကျင်ရေး၊ ပဒေသရာဇ်စနစ်ဆန့်ကျင်ရေး၊ မှူးမတ်စနစ် ဆန့်ကျင်ရေး (Monarchial, Anti-Feudal and Anti-Aristorcratuc) သဘောတရားများ၊ (၂) လောကီ သမ္မတနိုင်ငံစနစ် (Secular Republic System) အခြေခံမူများ၊ (၃) ဘုရားမဲ့ဝါဒနှင့်ရုပ်ဝါဒ အာဏာပိုင်စနစ် (Atheistic and Materialist Authoritarianism) မူဝါဒများအပေါ် မြန်မာပညာတတ်များနှင့် မြန်မာလူမျိုး စာတတ်မြောက်သူများ၏ အများစုက နှစ်သက်လိုလာခဲ့ခြင်း ၊ နားလည်သိမြင်ခဲ့ကြခြင်းများ မရှိခဲ့ကြပါ။
ဒုတိယကမ္ဘာစစ် ( ၁၉၃၉ - ၁၉ ၄၅ ) ဖြစ်ပွားခါနီးအချိန်အထိ ထိုခေတ်က မြန်မာလူမျိုးတို့၏ ကမ္ဘာ့ရေးရာ နားလည်သိမြင်မှုများ၊ စိတ်ဝင်စားမှုများနှင့်လေ့လာမှုများသည် အရည်အတွက်အများစုပိုင်းတွင် ဗြိတိသျှအင်ပါယာ၏ ရန်သူဖြစ်သလား ၊ မိတ်ဆွေဖြစ်သလားဆိုသော အချက်တစ်ခုတည်းအပေါ်တွင်သာ အခြေခံမူတည်၍ အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုး၊ ဓမ္မနှင့်အဓမ္မ၊ အဖြူနှင့်အမည်းတို့ကို တစ်သမတ် တည်း၊ ပုံသေ၊ တရားသေအမျိုးအစားခွဲခြားကာ အမည်တပ်သတ်မှတ် ပေးလိုက်ကြသော၊ စိတ်ခံစားချက် အခြေခံ၊ အမုန်းတရား အခြေခံသော၊ မှားယွင်းမှုများနှင့် အားနည်းချက်များ ဖြစ်နေခဲ့ကြသည်။
ထိုခေတ်ကာလအတွင်းတွင်လည်း မြန်မာတို့သည် ကမ္ဘာ့ထိပ်တန်း အင်ပါယာများ ၊ အထူးအင်အားကြီး နိုင်ငံများနှင့် မဟာအင်အားကြီး နိုင်ငံများ၏ အတွင်းပိုင်း ပကတိအခြေအနေအမှန်များ၊ အားနည်းချက် အစစ်များနှင့် အားသာချက်အစစ်များ ၊ ယင်းတို့၏ အတက်ခေတ်များနှင့် အကျခေတ်များ၏ ပကတိလားရာ ဂတိအမှန်များ (Real Destinations)၊ ပထဝီနိုင်ငံရေး မဟာဗျူဟာအခင်းအကျင်း (Strategic Order of Geopolitics) ပထဝီ စစ်ရေး မဟာဗျူဟာ အခင်းအကျင်း (Strategic Order of Geo-military) ပထဝီလုံခြုံရေး မဟာဗျူဟာအ ခင်းအကျင်း (Strategic Order of Geo-security)၊ ပထဝီစီးပွားရေး မဟာဗျူဟာအခင်းအကျင်း (Strategic Order of economics) ယင်းအချက်အလက်များနှင့် မြန်မာနိုင်ငံ၏ ရေရှည် အမျိုးသားအကျိုးစီးပွား (Long Term National Interest) အကြားရှိ အဆက်အစပ်များ အစရှိသည်များအပေါ် သက်ဆိုင်ရာ ခေတ်ကာလအလျောက် အနည်းဆုံးနှင့် အနိမ့်ဆုံးအဆင့်သိမြင်နားလည်ထားရန် လိုအပ်နေသော၊ အနိမ့်ဆုံးအတိုင်းအတာအထိ မြန်မာတို့၏ လူဦးရေ အများစုအတွင်း မရရှိခဲ့ပါ။
ယင်းအားနည်းချက်များသည် နောက်ထပ် ဆယ်စုနှစ်များစွာတိုင်အောင် မြန်မာတို့၏ ၂၀ ရာစု ခေတ် သစ် သမိုင်းတစ်ခုလုံးကို ဆက်လက်လွှမ်းမိုးနေစေမည့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သမိုင်းရေးရာ အခြေအနေများအပေါ် ကာလကြာရှည်စွာ ဆက်လက်သက်ရောက် စိုးမိုးနေမည့်၊ “ရေရှည် အကျိုးးဆက်များ (Long Term Impacts”ကို ဆက်လက်ဖြစ်ပွားလာစေခဲ့သည်။










