လျှပ်စစ်မီးပြတ်တောက်မှုကြောင့် CNG ဖြည့်တင်းနိုင်ခြင်း မရှိသဖြင့် ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့ အခေါက်လျော့ကျ ပြေးဆွဲနေရ

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် CNG ဖြည့်တင်းနိုင်ခြင်း မရှိသဖြင့် ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့ အခေါက်လျော့ကျ ပြေးဆွဲနေရ
Published 8 March 2022
 ဇော်မင်းနိုင်

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် CNG ဖြည့်တင်းနိုင်ခြင်းမရှိသဖြင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့ အခေါက်လျော့ကျ ပြေးဆွဲနေရကြောင်း YBS ယာဉ်လိုင်းအချို့မှ သိရသည်။

“မနက်ကိုလည်း ဂိတ်ဖွင့်မီအောင် တန်း စီရတယ်။ တခေါက်လောက်ဆွဲပြီးသွားရင် ဂက်စ်ကကုန်တော့ တန်းစီရတယ်။ မီးကပြတ် တော့ ဂက်စ်ဖြည့်ဖို့ ထိုင်စောင့်ရတယ်။ အ ခေါက်ရေ မပြည့်တော့ဘူး။ အရင်က အနည်း ဆုံး လေးကြောင်းငါးကြောင်းဆွဲလို့ရတာက အခု နှစ်ကြောင်းသုံးကြောင်း အများဆုံးဖြစ်နေတယ်” ဟု YBS ၃၁ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

ပြေးဆွဲမှု အခေါက်ရေ လျော့နည်းလာ သဖြင့် ဝင်ငွေမှာ သုံးပုံတစ်ပုံခန့် လျော့နည်း သွားကြောင်း၊ ယာဉ်ပြင်ဆင်စရိတ်ထက် ယာဉ် မောင်းနှင့် ဂိတ်ဖွင့်ကြေးရရှိရန်သာ ပြေးဆွဲနေ ရကြောင်း သိရသည်။

“အရင်တုန်းက ယာဉ်ပြင်ဆင်စရိတ်ကို သပ်သပ်ဖယ်ထားလို့ရတယ်။ အခုက အဲဒီစ ရိတ်ထက် ယာဉ်မောင်းကြေးနဲ့ ဂိတ်ဖွင့်ကြေး ရဖို့ကို အဓိကထားနေရတယ်” ဟု အဆိုပါ ယာဉ်ပိုင်ရှင်က ပြောကြားသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းပေါင်း တစ်ရာကျော်ရှိပြီး နေ့စဉ် ယာဉ်စီးရေ ၄၇၈ စီးဖြင့် ပြေးဆွဲလျက်ရှိကာ နေ့စဉ် ခရီးသည် ခြောက်သိန်းနီးပါးခန့် ပြေးဆွဲ လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် CNG ဂက်စ်ဆိုင်များတွင် ဂက်စ်ဖြည့်ရန် တန်းစီနေရ သည့် မော်တော်ယာဉ်များတွင် YBS ယာဉ် လိုင်းများသာမက အဌားယာဉ်များလည်းရှိပြီး အုံနာကြေးရရှိရန်နှင့်ဂက်စ်ဖိုးရရှိရန်သာ ပြေး ဆွဲနေရသည့် အခြေအနေဖြစ်နေကြောင်း အ ဌားယာဉ်မောင်းအချို့က ပြောကြားသည်။

“ဆီစျေးတက်တော့ ဂက်စ်ကားကအ ဆင်ပြေတယ်။ အခုက မီးမလာတော့ CNG ဖြည့်ရတာ တန်းစီနေရတာနဲ့တင် ကားမဆွဲရ တော့ဘူး။ တခါတခါတန်းစီရင်လည်း အနည်း ဆုံး နှစ်နာရီလောက်ကြာတယ်။ မီးပျက်ရင် ပိုဆိုးတာပေါ့။ အခုက အုံနာကြေးကလည်း ဆီကားထက် ပိုများတယ်။ ဆီကားက ခြောက် ထောင်လောက်ပဲရှိတာ။ ကျွန်တော်တို့ကား တွေကျတော့ တစ်သောင်းနှစ်ထောင်က မ ဆင်းဘူး။ ဂက်စ်စျေးက ဘာမှမရှိပေမယ့် CNG စောင့်ရတော့ အချိန်ကုန်ရောပဲ။ အုံနာ ကြေးမနည်းရှာရတယ်” ဟု CNG ဆိုင်တစ် ဆိုင်တွင်ဂက်စ်ဖြည့်ရန် တန်းစီနေသည့် အဌား ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၁၃၀၄ မဂ္ဂါဝပ်ခန့် လျော့နည်းမည်ဖြစ်သဖြင့် မတ် ၁၂ ရက်မှ ၁၈ ရက်အတွင်း အချို့နေရာများတွင် အပိုင်းလိုက်၊ အချိန်ပိုင်းအလိုက် လျှပ်စစ်ဖြန့် ဖြူးပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက မတ် ၇ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ မတ် ၆ ရက်တွင် အများပြည် သူသို့ပန်ကြားချက်၌ မတ် ၁၂ ရက်မှ မတ် ၁၈ ရက်အတွင်း ဝန်အားထိန်းညှိ လျှော့ချ မောင်း နှင်ခြင်းအတွက် အချိုသောနေရာများတွင် အပိုင်းလိုက်၊ အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေး မည်ဟု ဖော်ပြထားသည်။