ရုရှားလူလတ်တန်းစားကို စ ‘ထိ’ သော အနောက်ဆန်ရှင်များ

ရုရှားလူလတ်တန်းစားကို စ ‘ထိ’ သော အနောက်ဆန်ရှင်များ
စိန့်ပီတာစဘတ်မြို့တွင် ATM စက်မှ ငွေထုတ်ယူရန် တန်းစီနေကြသော ရုရှားနိုင်ငံသားများကို တွေ့ရစဉ် (Photo-Reuters)
စိန့်ပီတာစဘတ်မြို့တွင် ATM စက်မှ ငွေထုတ်ယူရန် တန်းစီနေကြသော ရုရှားနိုင်ငံသားများကို တွေ့ရစဉ် (Photo-Reuters)
Published 7 March 2022
မိုးဧအောင်

ရုရှား - ယူကရိန်းစစ်ပွဲ အရှိန်မြင့်လာသည်နှင့်တစ်ပြိုင်နက် အနောက်အုပ်စုဝင် နိုင်ငံများ၊ အထူးသဖြင့် ဥရောပသမဂ္ဂ (EU)နှင့် မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့ဝင် (NATO) နိုင်ငံများ၏ ရုရှားအပေါ် တားမြစ်ကန့်သတ်ပိတ်ဆို့မှုများ (Sanctions) မှာ ပိုမိုပြင်းထန် တင်းကျပ်လာသည်။ ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေစျေးကွက်နှင့် ခရီးသွားလာရေးကဏ္ဍတို့မှာ နိုင်ငံတကာနှင့် ချိတ်ဆက်ရသည့် သဘောသဘာဝရှိသည့်အလျှောက် စီးပွားရေးထိခိုက်မှုများ၊ ဖောက်သည်တို့၏ အဆင်မပြေမှုများကို အရင်ဆုံးတွေ့ကြုံခံစားနေရပြီဖြစ်သည်။

ဗစ်တိုးရီယားနှင့် ယက်ဂန်နီဗင်နီကော့တို့သည် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ဘူလ်ဂေးရီးယားသို့ အလည်အပတ်သွားရန် အစီအစဉ်ဆွဲခဲ့သည်။ မိုင်ပေါင်းများစွာ ရာချီကွာဝေးသော နိုင်ငံဖြတ်ကျော်ခရီးဖြစ်သည့်အားလျော်စွာ ဥရောပသမဂ္ဂနိုင်ငံများအတွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပြီးဖြစ်သည်။

သူတို့သည် ဟန်ဂေရီ တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်သော Wizz Air တွင် လေယာဉ်လက်မှတ်ကြိုတင်ဝယ်ယူခြင်း၊ ဟန်ဂေရီတောင်ပိုင်း၊ ရှေးဟောင်းမြို့တော် ပလော့ဒစ်ရှိ နွေးထွေး၍ သက်သောင့်သက်သာရှိကြောင်း နာမည်ရထားသည့် Sofia ဟိုတယ်၌ ကြိုတင်စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်သည်။ ယခုကား ဆန်ရှင်များ ပေါ်ပေါက်လာခဲ့ပေပြီ။

ဥရောပတိုင်းပြည်များအပါအဝင် အနောက်နိုင်ငံများသည် သူတို့၏ ဝေဟင်ပျံသန်းသုံးစွဲခွင့်များကို တားမြစ်လိုက်သည်။ ရုရှားကလည်း နိုင်ငံ ၃၆ နိုင်ငံမှ လေကြောင်းလိုင်းများကို ပိတ်ပစ်လိုက်ပြီး ထိုအထဲတွင် သူတို့သွားရောက်လည်ပတ်ကြမည့် ဟန်ဂေရီနိုင်ငံအပါအဝင်ဖြစ်သည်။ နောက်ဆုံးရလဒ်အနေနှင့် ဗင်နီကော့တို့၏ အားလပ်ရက် အလည်အပတ်ခရီးသည် ‘တစ်စစီကျိုးပဲ့သွားပြီ’ ဟု ဆိုရပေမည်။ ဤဇနီးမောင်နှံအနေနှင့် မည်သည့်အခါမှသာ ပြည်ပခရီးကို နောက်ထပ်သွားခွင့်ရမည်ဖြစ်ကြောင်း တိတိပပ မသိကြတော့ပါ။

အသက် ၅၆ နှစ်ရှိ အိမ်ခြံမြေကိုယ်စားလှယ် မစ္စဗင်နီကော့က “ကျွန်မတို့ တစ်နှစ်ကို အနည်းဆုံးနှစ်ခေါက် ပြည်ပကို ခရီးထွက်လေ့ရှိပါတယ်” ဟု ပြောပြရင်း ယခုဖျက်သိမ်းလိုက်ရသော ခရီးစဉ်မှာ မတ်လ ၈ ရက်၌ ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ခင်ပွန်းဖြစ်သူထံမှ လက်ဆောင်ရခဲ့ခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။

လွန်ခဲ့သော ဖေဖော်ဝါရီလအတွင်း မော်စကိုသည် ယူကရိန်းကို ကျူးကျော်ခဲ့ရာမှစတင်ကာ အမေရိကန်နှင့် ဥရောပသည် ရုရှားစီးပွားရေးကို ထိခိုက်စေမည့် ဆန်ရှင်များကို ချမှတ်ခဲ့သည်။ ထိုဆန်ရှင်များတွင် ရုရှားဗဟိုဘဏ်အပေါ် ကန့်သတ်ချက်များ၊ အခြားရုရှားအထင်ကရဘဏ်ကြီးများ၏ အမေရိကန်ဒေါ်လာနှင့် အခြားသီးသန့်ရန်ပုံငွေ ငွေကြေးဆိုင်ရာဖလှယ်နိုင်မှုအပေါ် ပိတ်ပင်ကန့်သတ်ခဲ့ကြသည်။ ပိတ်ပင်မှုအစီအစဉ်များတွင် ငွေထုတ်ချေးသူ ရုရှားမြီရှင်များ သုံးစွဲလုပ်ကိုင်နေကျ ကမ္ဘာလုံးဆိုင်ရာ SWIFT  ငွေချေစနစ်သုံးစွဲမှုကိုပါ ကန့်သတ်လိုက်ခြင်း ပါဝင်သည်။

ဘဏ်များ၌ ရှိနေသော ရုရှားရူဘယ်ငွေ၏တန်ဖိုးကို ယုံကြည်မှုအားနည်းလာသည့်အလျောက် ရုရှားလူမျိုးတို့က အခြားအားထားရာအားထားကြောင်း ‘ငွေမာ’ များအဖြစ် အပြေးအလွှား ပုံပြောင်းခဲ့သဖြင့် ရူဘယ်ငွေတန်ဖိုး ထိုးကျသွားခဲ့သည်။ အမေရိကန်ရုပ်ရှင်ထုတ်လုပ်သည့် ကုမ္ပဏီကြီးများဖြစ်သော Disney၊ Warner နှင့် Sony တို့က သူတို့၏ရုပ်ရှင်များကို ရုရှားနိုင်ငံအတွင်း ပြသခွင့်အားပိတ်ပင်ခဲ့ပြီး ရုရှားရှိ ရုပ်ရှင်ရုံများ၌ အမေရိကန်ရုပ်ရှင်ကားမှန်သမျှ ပြသခြင်းမပြုရန် ရုရှားအာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့၏။

ရုရှားနိုင်ငံအတွင်းရှိ Netflix ဖောက်သည်များအနေနှင့် သူတို့ကြည့်ရှုမှုအတွက် ကျသင့်ငွေပေးချေလိုသော် ရုရှားဘဏ်များမှ ထုတ်ပေးထားသည့် အကြွေးကတ်များကို သုံးစွဲ၍ မရတော့ပါ။ ထိုအထဲတွင် အမေရိကန်ဆန်ရှင်က ဦးတည်တိုက်ခိုက်နေသော ရုရှား၏အကြီးဆုံးဘဏ် Sberbank ပါဝင်ပြီး အဆိုပါပြဿနာများ မကြာမီပြေလည်သွားလိမ့်မည်ဟု Netflix က ဆိုပါသည်။

အိမ်အရောင်းအဝယ်အတွက် ကြားခံအာမခံဖြစ်သော ဘဏ်တိုးနှုန်းများသည် ယခင်ကထက် နှစ်ဆကျော် ရာခိုင်နှုန်း ၂၀ သို့ ထိုးတက်သွားသဖြင့် ရုရှားအများအပြား အိမ်ခြံမြေအိပ်မက်မှ လန့်နိုးသွားခဲ့ကြရ၏။ ထိုအတောအတွင်း ရုရှားတို့သည် လာမည့်သီတင်းပတ်များ၊ လများအတွင်း သေချာပေါက် ရှားပါးသွားနိုင်မည်ဟု ယူဆသော နိုင်ငံခြားဖြစ်ဆေးဝါးများကို အပြေးအလွှား ဝယ်ကြပြန်သည်။ ရုရှားတို့ သုံးစွဲနေကျ ဆေးဝါးများ၏ ၅၅ ရာခိုင်နှုန်းခန့်မှာ နိုင်ငံခြားမှတင်သွင်းနေရကြောင်း မော်စကိုအခြေစိုက် ဆေးဝါးသုတေသနအခြေပြုစျေးကွက်ကုမ္ပဏီ DSM Group ၏ ၂၀၂၁ ခုနှစ် စာရင်းဇယားအရ သိရသည်။

စိန့်ပီတာစဘတ်နေ အသက် ၆၀ အ ရွယ်ရှိ အိုဂါဆာဇိုနိုဗာသည် စိတ်ပညာရှင်နှင့် စိတ်ဓာတ်မြှင့်တင်ရေးနည်းပြဖြစ်သည်။ သူက ‘ရုပ်ခန္ဓာ သမာဓိတည်ထောင်ရေး ခရီးစဉ်’ (Body Mindfulness Tours) အဖြစ် ဥရောပနှင့်အခြားဒေသများသို့  ခရီးထွက်နေကျဖြစ်သည်။ လာမည့်ဧပြီလအတွင်း မော်လဒိုက်သို့ ၁၂ ယောက်အဖွဲ့ ခရီးသွားရန် စီစဉ်ထားပြီးဖြစ်သည်။ လက်ရှိအခြေအနေများကြောင့် ခရီးစဉ်ပျက်ပြယ်ခဲ့ပြီး ဟိုတယ်အတွက် ပေးသွင်းထားသော ကြိုတင်ငွေကို ပြန်လည်ထုတ်ယူရန် စောင့်ဆိုင်းလျက်ရှိသည်။

အိမ်ခြံမြေကိုယ်စားလှယ် တာတီယာနာဂျွန်ဆင်က မြင့်မားလာသော အာမခံနှုန်းထားများကြောင့် ဘဏ်နှင့် အိမ်ဝယ်မည့်သူများအကြား အပေါင်ခံစနစ်နှင့် ချုပ်ဆိုဝယ်ယူလိုသော အိမ်ခြံမြေဖောက်သည်များအတွက် စီစဉ်ရခက်သွားကြောင်း ပြောပြသည်။ အနည်းဆုံး ဖောက်သည်နှစ်ဦးမှာ ဒုတိယမြောက်အိမ် ထပ်မံဝယ်ယူကြရန် အစီအစဉ်ရှိသော်လည်း ဆန်ရှင်များ မစတင်မီက အတိုးနှုန်း ၁၁ ရာခိုင်နှုန်းမှာ ယခုအခါ ထပ်မံမြင့်တက်လာကြောင့် ‘ပွဲပျက်’ သွားခဲ့ကြရသည်။

မစ္စဂျွန်ဆင်သည် ပထမသုတ်ပိတ်ဆို့မှု ဆန်ရှင်များ ချမှတ်ပြီး နှစ်ရက်အကြာ၊ ဖေဖော်ဝါရီ ၂၆ ရက်၌ ဆာဗီးယားသို့ လေယာဉ်ဖြင့်သွားရန် စီစဉ်ထားခဲ့သည်။ သို့သော်အပြန်အလှန် လေကြောင်းပိတ်ပင်မှုများက အစီအစဉ်အားလုံးကို ပျက်ယွင်းစေခဲ့သည်။ လေယာဉ်လက်မှတ်ဖိုး ပြန်အမ်းငွေရရှိခဲ့သော်လည်း ဟိုတယ်အတွက် ကြိုတင်ပေးသွင်းငွေ ဆုံးရှုံးခဲ့ရသည်။ “ဆန်ရှင်တွေက မတရားပါဘူး” ဟု သာမန်လူတန်းစားအဖြစ် ထိခိုက်ခံရသူ မစ္စဂျွန်ဆင်က ပြောကြားခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့က “ရုရှားစီးပွားရေးဟာ အသည်းအသန် တိုက်ခိုက်ခံနေရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကောင်းကောင်းရပ်တည်နိုင်ပါတယ်” ဟု မတ်လ ၂ ရက်တွင် သတင်းထောက်များကို ဖြေကြားခဲ့သည်။

ကရင်မလင်သည် အနောက်နိုင်ငံများမှ ချမှတ်သောဆန်ရှင်များကို လက်တွေ့မျက်တွေ့ ရင်ဆိုင်နေရသည်။ ဆန်ရှင်များကို တုံ့ပြန်ရာတွင် ရုရှားနေရင်းပြည်သူများက နိုင်ငံခြားသားများထံ ချေးငွေထုတ်ရောင်းမှုမျိုးကို ပြစ်ဒဏ်သတ်မှတ်ခြင်း၊ ရုရှားပြည်တွင်းမှ နိုင်ငံခြားပို့ကုန်လုပ်ငန်း လုပ်ကိုင်သူများကို ပို့ကုန်၏နိုင်ငံခြားဝင်ငွေ ရာခိုင်နှုန်း ၈၀ အား အစိုးရထံ ရောင်းချစေခြင်းများ ပါဝင်သည်။ အစိုးရသည် ရုရှားကုမ္ပဏီများထံမှ ရှယ်ယာများဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ ကိုးဘီလျံနှင့်ညီမျှသော ရူဘယ်တစ်ထရီလျံကို သုံးစွဲသွားမည်ဟု ကြေညာထားသည်။

 

ရုရှားနိုင်ငံရှိ ပြည်သူ့သဘောထား ကောက်ခံနေကျ လွတ်လပ်သောအဖွဲ့အစည်းဖြစ်သည့် Levada Center မှ ပိုင်းခြားစိတ်ဖြာသူ စတီဖင်ဂွန်ချာရော့က “လက်ရှိအနေအထားက တော်တော်ကျပ်ပါတယ်။ အတော်ကြာတဲ့ထိ အကျိုးသက်ရောက်မှု ရှိလိမ့်မယ်။ ထိခိုက်မှုက ကြီးလာလေလေ၊ လူလတ်တန်းစားတင်မက အောက်အလွှာက ပိုခံရမှာပါ။ ဘဝတွေပြောင်းကုန်တာကို လက်တွေ့ခံစားရတော့မယ်” ဟု ပြောကြားခဲ့သည်။

မစ္စတာဂွန်ချာရော့က ဤဆန်ရှင်များသည် ပြည်တွင်းနေပြည်သူများအပေါ် ရိုက်ခတ်မှုကြီးမားကြောင်း၊ အကြောင်းမှာ သမ္မတဗလာဒီမာပူတင်၏ အဓိကနိုင်ငံရေးမဏ္ဍိုင် ထိခိုက်ရန် ဆန်ရှင်များက အခြေပြုထားသည့်အတွက် ဝင်ငွေနိမ့်ပါးသော ရုရှားပြည်သူများမှာ စုပြုံခံစားကြရမည်ဖြစ်ကြောင်း ပြောပြသည်။

ကမ္ဘာကြီးနှင့် တိုးလျှိုပေါက် ဆက်သွယ်နေသော နည်းပညာကျွမ်းကျင်သူ ရုရှားလူငယ်များကလည်း ကရင်မလင်၏စစ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်ကို ဆန့်ကျင်ကြပါသည်။ ရုရှားအနေနှင့် ယခုလိုဆောင်ရွက်လိုက်ခြင်းက သူတို့၏အနာဂတ်အတွက် ‘ပန်းကောင်း အညွန့်ချိုး’ ခံရသကဲ့သို့ ခံစားကြရပြီး ဤဝေဒနာသည် မကြာမီလများအတွင်း ရုရှားပြည်သူများထံ ပြန့်သွားပေလိမ့်မည်။ “ကျွန်တော့်အထင် ဆန်ရှင်ထိထားသူတွေက ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ကို အပြစ်တင်ကြမယ်။ နောက်တော့ လူနေမှုအဆင့်အတန်းတွေ တအိအိပြိုကျလာတဲ့အခါ ပြဿနာကို အစိုးရခေါင်းပေါ် ပစ်တင်မှာပဲ။ ဘာလို့လဲဆိုတော့ သူတို့က ကိုယ်အားကိုယ်ကိုး စီးပွားရေးကို မလုပ်တတ်ကြဘဲ သာမန်လူတွေအပေါ် အကာအကွယ်မှ မပေးနိုင်တာကိုး။ နောက်ဆုံးတော့ အပြစ်ဟူသမျှ သမ္မတခေါင်းမှာ သွားစုတော့မှာ” ဟု မစ္စတာဂွန်ချာရော့က သုံးသပ်သည်။

လွန်ခဲ့သောသီတင်းပတ်က ရုရှားလူမျိုးထောင်ပေါင်းများစွာတို့သည် မြို့ကြီးများ၏ လမ်းမများပေါ်တွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ ရဲဌာန၏ ထိန်းသိမ်းမှုကို လိုက်လံမှတ်တမ်းတင်နေသော တက်ကြွလှုပ်ရှားသူအုပ်စု OVD-Info ၏ ထုတ်ပြန်ချက်အရ ကြိုတင်ခွင့်ပြုချက် ရယူထားခြင်းမရှိခဲ့သည့် ဆန္ဒပြပွဲများအား ပျံ့နှံ့မသွားစေရန် အာဏာပိုင်များက လူ ၆,၉၀၀ ကို ဖမ်းဆီးခဲ့သည်။ ရုရှားအာဏာပိုင်တို့သည် အခြားဆန္ဒပြမှုများကိုလည်း စောစောစီးစီး လက်ဦးမှုရယူကာ ဖိနှိပ်ခဲ့ကြသည်။

မတ်လ ၂ ရက်၊ ဗုဒ္ဓဟူးနေ့၌ ယူကရိန်းကို ကျူးကျော်ခဲ့သော ကရင်မလင်၏ စစ်ပွဲအား ဆန့်ကျင်ဆန္ဒပြသူများအပေါ် အာဏာပိုင်တို့၏ ကိုင်တွယ်ထိန်းသိမ်းပုံနှင့်ပတ်သက်ပြီး တွစ်တာလူမှုကွန်ရက်တွင် ရေးသားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ အကျဉ်းချခံထားရသော ရုရှား အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာညီက တစ်ကမ္ဘာလုံးရှိ ရုရှားများထံ တိုက်တွန်းချက်ဖြစ်သည်။

“ကျုပ်တို့တတွေအံကြိတ်ပြီးအကြောက်တရားကို ကျော်လွှားကြရမယ်။ စစ်ပွဲရပ်အောင် လမ်းပေါ်ထွက်ပြီး တောင်းဆိုရမယ်။ အဖမ်းခံရသူတစ်ယောက်ရှိတိုင်း နောက်ထပ်လူသစ်နှစ်ယောက် ထပ်ရှိနေရမယ်။”

Most Read

Most Recent