လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၁၃၀၄ မဂ္ဂါဝပ်ခန့် လျော့နည်းမည်ဖြစ်သဖြင့် မတ် ၁၂ ရက်မှ ၁၈ ရက်အထိ အချို့နေရာများတွင် ၂၄ နာရီ ဝန်အားလျှော့ချခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၁၃၀၄ မဂ္ဂါဝပ်ခန့် လျော့နည်းမည်ဖြစ်သဖြင့် မတ် ၁၂ ရက်မှ ၁၈ ရက်အထိ အချို့နေရာများတွင် ၂၄ နာရီ ဝန်အားလျှော့ချခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်
Photo: AFP
Photo: AFP
Published 7 March 2022

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၁၃၀၄ မဂ္ဂါဝပ်ခန့် လျော့နည်းမည်ဖြစ်သဖြင့် မတ် ၁၂ ရက်မှ ၁၈ ရက်အထိ အချို့နေရာများတွင် ၂၄ နာရီ ဝန်အားလျှော့ချခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိကာလ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအနေဖြင့် ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ ၆၆၇ ဒသမ ၈ မဂ္ဂါဝပ်ခန့်၊ ဓာတ်ငွေ့သုံးအပူစွမ်းအင် ဓာတ်အားပေးစက်ရုံများနှင့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများမှ ၁၅၀၀ ဒသမ ၃ မဂ္ဂါဝပ်ခန့်နှင့် ဒီဇယ်ဓာတ်အားပေးစက်များမှ ၈ ဒသမ ၉ မဂ္ဂါဝပ်ခန့်၊ စုစုပေါင်း ၂၁၇၇ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်လျက်ရှိပြီး တစ်နိုင်ငံလုံးမှ တစ်ရက်ပျှမ်းမျှသုံးစွဲမှုအနေဖြင့် နေ့ဘက်တွင် အများဆုံး ၃၄၀၀ မဂ္ဂါဝပ်ခန့်၊ ညဘက်တွင် အများဆုံး ၃၆၀၀ မဂ္ဂါဝပ်ခန့်ရှိပြီး တစ်ရက်တာ ပျှမ်းမျှဓာတ်အားသုံးစွဲလိုမှုမှာ ၂၆၀၀ မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှုသည် ၄၂၀၀ မဂ္ဂါဝပ်ခန့်ရှိကြောင်း၊ သို့သော်လည်း LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု ၇၅၀ မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)-တောင်ငူ ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်းများသည် ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းကြောင့် ပုံမှန်ပို့လွှတ် လျက်ရှိသည့် ၂၂၀ မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိရာ စုစုပေါင်းဓာတ်အားထုတ်လုပ်နိုင်မှု ၉၇၀ မဂ္ဂါဝပ်ခန့် ဆက်လက်လျော့နည်းနေသဖြင့် ဝန်အားထိန်း ညှိခြင်းများ ဆောင်ရွက်၍ အလှည့်ကျဓာတ်အားဖြန့်ဖြူးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်တွင်းဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများဖြင့် ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး လက်ရှိအချိန်တွင် ရွှေကမ်းလွန်စီမံကိန်းမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်း ၁၃၀ သန်းကို အသုံးပြု၍ ဓာတ်အား ၆၆၈ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ယခုအခါ ရွှေကမ်းလွန်စီမံကိန်း တွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်နှစ်တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းသို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းများကို  မတ် ၁၂  ရက်မှ မတ် ၁၈ ရက်ထိ ဆောင်ရွက်မည်ဖြစ်သဖြင့် စုစုပေါင်းဓာတ်အား ၃၃၄ မဂ္ဂါဝပ်ခန့်သာ ပို့လွှတ်ဖြန့်ဖြူးနိုင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် စုစုပေါင်းလျော့နည်းသွားမည့် ၁၃၀၄ မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် ၂၄ နာရီဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ဓာတ်အားလိုင်းများကို အမြန်ဆုံးပြင်ဆင်၍ ဘီလူးချောင်းရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ၂၂၀ မဂ္ဂါဝပ်ကိုလည်းကောင်း၊  ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသစ်မှ ဓာတ်အား ၆၀ မဂ္ဂါဝပ်ခန့် အား နိုင်ငံတော်ဓာတ်အားစနစ်သို့ ဖေဖော်ဝါရီ ၁၀ ရက်မှစတင်၍ လည်းကောင်း ထပ်တိုးဖြန့်ဖြူးထား ကြောင်း၊ ထို့ပြင် ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံသစ်မှ ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်၍ ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent