ဟောင်ကောင်ရှိ ဆေးရုံများနှင့် ရင်ခွဲရုံများတွင် လူသေအလောင်းများအတွက် နေရာများသည် COVID-19 ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း စံချိန်တင်အရေအတွက်ကို လိုက်မီရန် ရုန်းကန်နေရသည်ဟု သိရသည်။
ဟောင်ကောင်တစ်ဝန်းရှိ ဆေးရုံများ၏ မတော်တဆနှင့် အရေးပေါ်အခန်းများရှိ ဒါဇင်နှင့်ချီသော အလောင်းများသည် ရင်ခွဲရုံသို့ ပို့ဆောင်ရန် စောင့်ဆိုင်းနေရသည်ဟု ပြည်သူ့ဆရာဝန်များအဖွဲ့အစည်းအကြီးအကဲ တိုနီလင်းက ပြောကြားခဲ့သည်။
“အရင်းအမြစ်တွေက အကျပ်အတည်းအရမ်းဖြစ်နေတဲ့အတွက် ဒီအလောင်းတွေဟာ လက်ရှိမှာတော့ စုဆောင်းသိမ်းယူသွားဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းဖို့လိုအပ်နေတယ်” ဟု လူအားနှင့် ထားရှိနိုင်သည့်နေရာ အခက်အခဲပြဿနာများကို ရည်ညွှန်း၍ လင်းက ပြောကြားခဲ့သည်။
အစိုးရနှင့် ဆေးရုံအာဏာပိုင်များကမူ တစ်စုံတစ်ရာမှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပေ။
၂၀၂၀ ခုနှစ်တွင် ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်နွှယ်၍ သေဆုံးသူ ၆၀၀ ကျော်ရှိပြီး ယင်းအရေအတွက်သည် အလားတူအခြားအဓိကမြို့များ၏ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်နှင့် နှိုင်းယှဉ်လျှင် လျော့နည်းနေသည်။
သို့သော် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် နေ့စဉ်မြင့်တက်နေပြီး ဖေဖော်ဝါရီ ၂၇ ရက်က ဗိုင်းရပ်စ်ကြောင့်နေ့အလိုက် သေဆုံးသူ ၈၃ ဦးစံချိန်တင်မြင့်တက်ခဲ့သည်။ လွန်ခဲ့သည့် သီတင်းပတ်က ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၀ ဝန်းကျင်စံချိန်တင်ရှိခဲ့ပြီး သေဆုံးသူအများစုမှာ COVID-19 ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံများဖြစ်သည်။
ဟောင်ကောင်တွင် မကြာသေးမီက ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်မြှင့်တင် လုပ်ဆောင်နေသော်လည်း ကာကွယ်ဆေးမထိုးနှံရသေးသည့် သက်ကြီးရွယ်အိုအရေအတွက် အများအပြားရှိနေသည်။
၂၀၂၁ ခုနှစ်က ဟောင်ကောင်၏အောင်မြင်သော ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေးကြောင့် မိမိကိုယ်တိုင် အားရကျေနပ်မှုရှိနေခြင်းနှင့် ကာကွယ်ဆေး၏ဘေးထွက်ဆိုးကျိုးများအပေါ် စိုးရိမ်မှုများကြောင့် ဒေသခံအများအပြားသည် ကာကွယ်ဆေးထိုးနှံခံရန် တွန့်ဆုတ်နေကြသည်။
ဟောင်ကောင်ဒေသခံ ၇.၄ သန်းသည် မေလလယ်တွင် ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၃၂၀၆ ဦးဝန်းကျင်အထိ မြင့်တက်လာနိုင်ဖွယ်ရှိသည့်အခြေအနေနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဟောင်ကောင်တွင် လစဉ်လတိုင်းပျမ်းမျှ လူ ၄၀၀၀ ဝန်းကျင် သေဆုံးနေသည်ဟု ၂၀၂၀ ခုနှစ် အစိုးရ၏စစ်တမ်းတွင် ဖော်ပြထားသည်။
ဟောင်ကောင်သည် တရုတ်ပြည်မကြီး၏ ဗိုင်းရပ်စ်ကင်းစင်ရေးမူဝါဒအတိုင်း ချမှတ်လုပ်ဆောင်နေပြီး ယင်းကဲ့သို့အကောင်အထည်ဖော်နိုင်ရန်အတွက် ကမ္ဘာ့အတင်းကျပ်ဆုံး ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ထားသည့် ဟောင်ကောင်သည် နောက်ထပ်ပိုမိုတင်းကျပ်သည့် စည်းမျဉ်းများကို ချမှတ်ထုတ်ပြန်ခဲ့သည်။
ဟောင်ကောင်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၇၁၀၀၀ ရှိသည်ဟု တရားဝင်ထုတ်ပြန်ထားသည်။














