ယူကရိန်းသို့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုများအတွက် ဘေးကင်းလုံခြုံသည့် စင်္ကြံလမ်းတစ်ခုကို WHO တောင်းဆို

ယူကရိန်းသို့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုများအတွက် ဘေးကင်းလုံခြုံသည့် စင်္ကြံလမ်းတစ်ခုကို WHO တောင်းဆို
ဖေဖော်ဝါရီ ၂၇ ရက်က  ပဋိပက္ခ့ဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံမှ ပိုလန်နိုင်ငံသို့ ထွက်ပြေးလာကြသော ဒုက္ခသည်များကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၇ ရက်က  ပဋိပက္ခ့ဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံမှ ပိုလန်နိုင်ငံသို့ ထွက်ပြေးလာကြသော ဒုက္ခသည်များကို တွေ့ရစဉ်
Published 28 February 2022
Ref: AFP

ယူကရိန်းနိုင်ငံသို့ အရေးကြီးသော ဆေးဘက်ဆိုင်ရာအကူအညီများ ပို့ဆောင်ပေးရန် ပိုလန်နိုင်ငံကို ဖြတ်၍ ဘေးကင်းလုံခြုံသည့် စင်္ကြံလမ်းတစ်ခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖေဖော်ဝါရီ ၂၇ ရက်တွင် တောင်းဆိုခဲ့ပြီး ယူကရိန်းဆေးရုံများတွင် အောက်ဆီဂျင်ထောက်ပံ့ပေးပို့မှုအခြေအနေသည် အန္တရာယ်ရှိသည့်အနေအထားအထိ ကျဆင်းနေသည်ဟု သတိပေးထားသည်။

အောက်ဆီဂျင်ထောက်ပံ့ပေးပို့မှုများသည် အလွန်အန္တရာယ်ရှိသည့် အမှတ်တစ်ခုအနီးသို့ ရောက်ရှိနေပြီး ဆေးရုံအများစုသည် နောက်ထပ် ၂၄ နာရီအတွင်း ၎င်းတို့၏အရံအောက်ဆီဂျင်များ ကုန်ဆုံးနိုင်သောကြောင့် လူပေါင်းထောင်ချီ အသက်အန္တရာယ်ရှိနေကြောင်း WHO အကြီးအကဲ တက်ဒရိုအာဒါနွန် ဂီဘရီယေဆုနှင့် ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်းစ်ကလေ့ာခ်တို့က ပြောကြားခဲ့သည်။

WHO က အောက်ဆီဂျင်ဘူးများနှင့်အရည်များကို ဒေသဆိုင်ရာ ကွန်ရက်များသို့ ပို့ဆောင်နိုင်ရန် လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ခဲ့ပြီး ယင်းဖြန့်ချိပေးပို့မှုသည် ပိုလန်မှ ထောက်ပို့စင်္ကြံမှတစ်ဆင့် ဘေးကင်းလုံခြုံသည့် ပို့ဆောင်ရေးလမ်းကြောင်း လိုအပ်လိမ့်မည်ဟု ထပ်မံပြောကြားခဲ့သည်။

ရုရှားအစိုးရ၏အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲမှု လေးရက်မြောက်နေ့ ရောက်ရှိနေချိန်တွင် “အောက်ဆီဂျင် အပါအဝင် အသက်ကယ်ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေဟာ လိုအပ်နေတဲ့သူတွေဆီ အမှန်တကယ်ရောက်ရှိနိုင်ဖို့ အရေးကြီးပါတယ်” ဟု ၎င်းတို့၏ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ယူကရိန်းကို အောက်ဆီဂျင်ထောက်ပံ့မှုအခြေအနေဟာ အရမ်းအန္တရာယ်ရှိတဲ့အမှတ်အနီးကို ရောက်နေပါတယ်။ စက်ရုံတွေကနေ ဆေးရုံတွေဆီ အောက်ဆီဂျင်ထောက်ပံ့ပို့ဆောင်တဲ့ ကုန်တင်ယာဉ်တွေဟာ ကိဗ်မြို့တော်အပါအဝင် ယူကရိန်းနိုင်ငံထဲကို ဝင်လို့မရဖြစ်နေပါတယ်။ ဒါ့ပြင် လျှပ်စစ်ဓာတ်အား ပြတ်တောက်တာတွေလည်းဖြစ်နေပါတယ်” ဟု တက်ဒရိုက ပြောကြားခဲ့သည်။

ဆေးဘက်ဆိုင်ရာ အောက်ဆီဂျင်စက် ထုတ်လုပ်သူများသည် ဆေးဘက်ဆိုင်ရာ အောက်စီဂျင်ထုတ်လုပ်မှုအတွက် အဓိကတင်သွင်းသည့် ဓာတုထုတ်ကုန်ဖြစ်သော zeolite ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

COVID-19 လူနာများနှင့်အတူ ကိုယ်ဝန်ဆောင်များ၊ ကလေးမီးဖွားသူများ၊ သွေးဆိပ်သင့်သူများ၊ ထိခိုက်ဒဏ်ရာရသူများ၏ ထပ်တိုးရောဂါများကြောင့် အောက်ဆီဂျင်လိုအပ်မှုများ ရှိနေသည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြောင့် အရေးပေါ်ဆေးရုံဝန်ဆောင်မှုများသည် ထိခိုက်မှုများဖြစ်ပွားနေပြီး လူနာများကို သယ်ဆောင်လာသော ဆေးရုံကားများသည်လည်း မီးပွိုင့်များတွင် အန္တရာယ်ရှိသည့် အခြေအနေကြုံတွေ့နေရသည်ဟု ပြောကြားခဲ့သည်။

သန်းနှင့်ချီသည့် ယူကရိန်းနိုင်ငံသားများသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခြင်း သို့မဟုတ် ဒေသတွင်းထွက်ပြေးမှုများကြောင့် ကြီးမားသည့် လူသားချင်းဆိုင်ရာ အကျပ်အတည်းရင်ဆိုင်ရနိုင်ခြေရှိသည့်အပေါ် စိုးရိမ်မှုများ မြင့်တက်နေသည်။

 

Most Read

Most Recent