မွန်ပြည်နယ်အတွင်းမှာ COVID-19 ကူးစက်ကပ်ရောဂါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန် နဝါရီလအတွင်းမှာ ဓာတ်ခွဲအတည်ပြု လူနာ သစ် ၁၂၂ ဦးသာရှိခဲ့ပါတယ်။ ဓာတ်ခွဲ အတည် ပြုလူနာ သေဆုံးမှုမှာလည်း ခုနစ်ဦးရှိခဲ့ပါ တယ်။
ဒါပေမဲ့လည်း ဖေဖော်ဝါရီဆန်းပိုင်းက စလို့ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည် မြင့်တက်လာသလို အတည်ပြုလူနာသေဆုံး မှုကလည်း နေ့စဉ်လိုရှိနေခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှ ၂၅ ရက်အတွင်း မွန်ပြည်နယ်မှာ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၁၈၅ ဦးအထိရှိခဲ့ပါတယ်။ ဒီလိုမျိုး ကူးစက်မှု နှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ လအတွင်းက ကူးစက်ဖြစ်ပွားခဲ့တဲ့ အတည်ပြု လူနာသစ်ပေါင်း ၁၀၇၁ ဦး နောက်ပိုင်း ကူး စက်ဖြစ်ပွားမှုနှုန်းအများဆုံး ပမာဏဖြစ်ပါ တယ်။
“Omicron က ကူးစက်မှုနှုန်းမြန်တဲ့အတွက်ကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းက ပိုမြင့်လာတဲ့ သဘောမျိုးဖြစ်ပါတယ်။ မွန်ပြည်နယ်အတွင်းမှာလည်း ရောဂါကူးစက်ဖြစ်ပွား မှုအခြေအနေကို စောင့်ကြည့်နေတဲ့အခါမှာ ရောဂါကူးစက်ဖြစ်ပွားသူ ၁၀ ဦးရဲ့ရောဂါပိုး မျိုးစိတ်ကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ခုနစ်ဦးက Omicron ဖြစ်ပြီးတော့ သုံးဦးက Delta ဖြစ်နေတာကို တွေ့ရပါတယ်။ အခု မွန်ပြည်နယ်မှာ ကူးစက်မှုတွေအားလုံးလိုလိုသည် Omicron ကြောင့်ဖြစ်တယ်လို့ ယူဆဖွယ်ရာရှိပါတယ်။ ၇၀ ရာခိုင်နှုန်းသည် Omicron ဖြစ်တယ်။ ၃၀ ရာခိုင်နှုန်းသည် Delta အကြွင်းအကျန်အဖြစ်နဲ့ ဆက်ရှိနေပါတယ်” လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြော ပါတယ်။
“Omicron ကတော့ ကူးစက်မြန်တဲ့အနေအထားမျိုးရှိနေပါတယ်။ အဲဒီတော့ ဒီအချိန်မှာ လူစုလူဝေးတွေကလည်းရှိနေတော့ သတိလက်လွတ်ဖြစ်ခဲ့ရာက ကူးစက်ဖြစ်ပွားမှုနှုန်းတွေ ပိုမိုမြင့်တက်လာနိုင်သလို ရောဂါရဲ့ သဘာဝကြောင့်လည်း ကူးစက်မြန်တာဖြစ် သလို လူတွေက အပြင်ကိုသွားလာတဲ့အခါမှာ သတိလက်လွတ်ဖြစ်တာတွေကိုလည်း ပိုမိုကူး စက်လာတာမျိုးဖြစ်နိုင်ပါတယ်” လို့ ဒေါက် တာနန္ဒဝင်းက ဆိုပါတယ်။
ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းကလည်း တစ်နိုင်ငံလုံးအနေနဲ့မြင့်တက်လာသလို မွန် ပြည်နယ်အတွင်းမှာလည်း များများရှာဖွေနိုင် လေ ကူးစက်ဖြစ်ပွားသူ များများတွေ့လေ သဘောမျိုးရှိကြောင်း၊ လက်ရှိမှာ ဆေးရုံများ တွင်လည်း ရောဂါရှာဖွေရေး လုပ်ဆောင်နေသလို ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်း ရောဂါရှာဖွေရေးကို လုပ်ဆောင်နေကြောင်း၊ တစ်ရက်ကို လူတစ်ထောင်နှုန်းလောက် ရှာ ဖွေပြီးတော့ ရောဂါစစ်ဆေးမှုတွေပြုလုပ်ထား နိုင်တဲ့အတွက်ကြောင့်ကိုလည်း ရောဂါတွေ့ ရှိမှုနှုန်းကလည်း များလာတာဖြစ်ကြောင်းနဲ့ သံသယရှိသူတွေကို စစ်ဆေးရင်းနဲ့ကိုပဲ ရော ဂါတွေ့ရှိမှုနှုန်းက များလာတာတွေ့ရကြောင်း ဒေါက်တာနန္ဒဝင်းက ဆက်လက်ပြောကြားပါ တယ်။
ထို့ပြင် မော်လမြိုင်မြို့နယ်အတွင်း COVID-19 ကူးစက်ကပ်ရောဂါအရေး ကူညီဆောင်ရွက်ပေးခဲ့ဖူးသူ ဒေါက်တာသက် ကျော်စိုးကလည်း “Omicron က အိမ်တစ် အိမ်မှာ လူ ၁၀ ယောက်ရှိရင် ၁၀ ယောက်စလုံး ကူးမှာပဲ။ တစ်ယောက်လောက် ကျန်ခဲ့ဖို့ဆို တာကလည်း အနိုင်နိုင်ပါပဲ။ ကျန်တဲ့သူတွေ ကူးတယ်။ ငါမဖြစ်ဘူးလို့ ပြောတဲ့သူတွေက လည်း ကူးစက်ခံရပြီး ဖြစ်လို့ဖြစ်မှန်းမသိလိုက် တဲ့သူတွေလည်း ဖြစ်နိုင်ပါတယ်။ အရင် Wave တွေတုန်းကလွတ်ခဲ့တဲ့သူတွေလည်း ကူးစက်ဖြစ်ပွားနိုင်သလို ဖြစ်ပြီးတဲ့သူတွေ လည်း ထပ်ပြီးတော့ ဖြစ်နိုင်ပါတယ်။ ဘာမှ ကြိုတင်ကာကွယ်လို့လည်းမရဘူး။ ရှောင်ရန် ဆောင်ရန်တွေလည်း ဘာမှလုပ်လို့မရဘူး။ ဖြစ်လာမှပဲ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး။ ဖြစ်လာလို့ရှိရင်လည်း သေဆုံးနိုင်သည်အထိ ကို ဖြစ်နိုင်ပါတယ်”လို့ သုံးသပ်ပြောကြားပါ တယ်။
မွန်ပြည်နယ်အတွင်းမှာ COVID-19 ကူးစက်ကပ်ရောဂါနဲ့ပတ်သက်လို့ ကူးစက် ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာတဲ့အထဲမှာ အခြေခံပညာကျောင်းတွေက ဆရာ ဆရာမနဲ့ ကျောင်းသားကျောင်းသူတွေ အများအပြားပါဝင်နေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်က ပေါင်မြို့ နယ်အတွင်းက အခြေခံပညာစာသင်ကျောင်း တွေကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက သွား ရောက်စစ်ဆေးတဲ့အခါမှာ ပေါင်မြို့ ပေါင်းရပ် ကွက် အမက (ဂွေးပင်ချောင်) ကျောင်းမှာ ဆရာဆရာမနဲ့ ကျောင်းသားကျောင်းသူ ၄၇ ဦးကိုစစ်ဆေးရာမှာ ပိုးတွေ့သူ ၁၄ ဦး၊ အထက (ပေါင်) ကျောင်းမှာ ဆရာဆရာမနဲ့ ကျောင်း သားကျောင်းသူ ၃၄ ဦးကို စစ်ဆေးရာမှာ ပိုး တွေ့သူ သုံးဦးနဲ့ အထက (ကော့ကရင်) ကျောင်းမှာ ဆရာဆရာမနဲ့ ကျောင်းသား ကျောင်းသူ ၄၇ ဦးကို စစ်ဆေးရာမှာ ပိုးတွေ့ သူ ၁၇ ဦးတွေ့ရှိခဲ့တယ်လို့ ပေါင်မြို့နယ် အတွင်း COVID-19 ကူးစက်ကပ်ရောဂါ အရေးကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။
အဲဒီအပြင်ကို ပေါင်မြို့နယ် အလှပ် ကျေးရွာမှာရှိတဲ့ အထက (အလှပ်) ကျောင်း မှာရှိတဲ့ အထက်တန်းပြဆရာဆရာမ ရှစ်ဦးနဲ့ ဒသမတန်းကျောင်းသားကျောင်းသူ ၂၆ ဦး၊ နဝမတန်းကျောင်းသားကျောင်းသူ ၁၉ ဦး တို့ကို RDT နည်းနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ ဆရာမ သုံးဦး၊ ကျောင်းသား လေးဦးနဲ့ ကျောင်းသူ ၁၁ ဦးတို့မှာ COVID-19 Positive ဖြစ်နေတာကိုတွေ့ရပါတယ်။
ထို့ပြင် ဖေဖေဖါ်ဝါရီ ၂၅ ရက်ကလည်း ပေါင်မြို့နယ်အတွင်းမှာရှိတဲ့ အမက (ဂွေး ပင်ချောင်) ကျောင်းမှာ ကျောင်းသားကျောင်း သူ ခြောက်ဦး၊ အထက (ပေါင်) ကျောင်းမှာ ကျောင်းသားကျောင်းသူ ရှစ်ဦးနဲ့ အထက (ကော့ကရင်) ကျောင်းမှာ ကျောင်းသား ကျောင်းသူ ရှစ်ဦး ထပ်မံတွေ့ရှိရပြန်တယ်လို့
သိရပါတယ်။
မွန်ပြည်နယ်မှာ ပေါင်မြို့နယ်အတွင်းက အခြေခံပညာစာသင်ကျောင်းတွေအပြင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ သံဖြူဇရပ်မြို့ နယ် ကျိုက္ခမီမြို့တွေအပြင်ကို မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ အစရှိတဲ့ မြို့နယ် တွေအတွင်းမှာရှိတဲ့ အခြေခံပညာစာသင် ကျောင်းတွေမှာလည်း ဆရာဆရာမနဲ့ ကျောင်းသားကျောင်းသူတွေမှာ အစုလိုက် အပြုံလိုက် ရောဂါကူးစက်ဖြစ်ပွားမှုတွေ ရှိခဲ့ တယ်လို့ COVID-19 ကူးစက်ကပ်ရောဂါ အရေး ကူညီဆောင်ရွက်ပေးနေကြတဲ့ ပရ ဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေထံမှ သိရပါတယ်။
မွန်ပြည်နယ်မှာ ဖေဖော်ဝါရီလအတွင်း COVID-19 ကူးစက်ကပ်ရောဂါ ဖြစ်ပွားသူ တွေ ပြန်လည်များပြားလာသလို အတည်ပြုလူ နာသေဆုံးမှုတွေကိုလည်း နေ့စဉ်နဲ့အမျှရှိနေ ပါတယ်။
“အခု ကူးစက်ဖြစ်ပွားမှုနှုန်းနေတာက အများစုက Omicron လို့ပဲ ယူဆရပါတယ်။ အသေအပျောက်တွေ ရှိလာတယ်ဆိုတာက လည်း အရမ်းကြီးဆိုးဆိုးရွားရွားကြီးဖြစ်မှသာ သေဆုံးတာ။ တော်ရုံတန်ရုံလောက်ကတော့ အသက်အန္တရာယ်ဖြစ်လောက်တဲ့အထိ စိုးရိမ် စရာမလိုဘူးလို့ ပြောလို့ရပါတယ်။ အခုသေ ဆုံးမှုတွေက Delta လက်ကျန်ထဲကလည်း ဖြစ်နိုင်သလို Omicron ထဲမှာလည်း ရောဂါ အခံရှိပြီးတော့ သေသေချာချာကြပ်ကြပ်မတ် မတ်ဆေးကုသမှုမရတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်”လို့ မော်လမြိုင်မြို့က ဆရာ ဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာသက်ကျော်စိုးက သုံးသပ်ပြောကြားပါတယ်။
မော်လမြိုင်မြို့၊ ပြည်သူ့ဆေးရုံကြီးမှာ ဖွင့်လှစ်ထားတဲ့ Isolation Ward မှာ ဆေး ကုသမှုခံယူနေကြတဲ့ ဓာတ်ခွဲအတည်ပြုလူနာ များအနက်မှ နေ့စဉ် သေဆုံးမှုတွေရှိနေတယ် လို့ သေဆုံးသူများအား နာရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှ ၂၅ ရက်အတွင်း မွန်ပြည်နယ်မှာ အတည်ပြုလူနာ ၂၀ ဦးထက် မနည်းသေဆုံးခဲ့ပြီး မော်လမြိုင်မြို့က အများ ဆုံး သေဆုံးတယ်လို့လည်း COVID-19 ကူး စက်ကပ်ရောဂါအရေးကူညီဆောင်ရွက်ပေး နေသူတွေထံက သိရပါတယ်။
“ဒီအချိန်မှာ တစ်ခုပြန်တွေ့တာက အတည်ပြုလူနာ သေဆုံးမှုတွေပြန်တွေ့လာတာတွေရှိပါတယ်။ သေဆုံးခဲ့သူတွေကို ပြန် ကြည့်မယ်ဆိုရင် ကာကွယ်ဆေးမထိုးရသေး တဲ့ သက်ကြီးရွယ်အိုတွေရှိသလို တချို့လည်း ကာကွယ်ဆေးထိုးထားပေမဲ့ ရောဂါအခံရှိ ကြတဲ့၊ ဥပမာ အသည်းရောင်အသားဝါ (ဃ) ပိုးရှိသူတွေ၊ အဆုတ်မကောင်းတဲ့သူတွေ၊ နဂို ကတည်းက ကင်ဆာရောဂါရှိသူတွေ သေဆုံး တာမျိုးတွေ့ရပါတယ်။ ွှ့ငမိ ျွှလေန လို့ ခေါ်တဲ့ Delta တုန်းကလိုမျိုး အများကြီး သေ ဆုံးတာမျိုးမရှိပေမဲ့ ကြိုကြားကြိုကြား သေ ဆုံးမှုတွေတော့ ရှိလတာတွေ့ရပါတယ်”လို့ ဒေါက်တာနန္ဒဝင်းက ပြောပါတယ်။
ကာကွယ်ထိုးနှံထားတဲ့ လူငယ်တွေမှာ က ရောဂါကူးစက်ခံရရင် ပြင်းထန်စွာ ခံစားရ တာမျိုးမတွေ့ရကြောင်း၊ သို့သော်လည်း လူ ငယ်တွေကနေတစ်ဆင့် ပြန်ကူးစက်ခံရမယ့် လူကြီးတွေမှာတော့ ကာကွယ်ဆေးထိုးနှံထား သည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ၊ ကာ ကွယ်ဆေးမထိုးရသေးရင် လူငယ်ဖြစ်ဖြစ်၊ လူ ကြီးဖြစ်ဖြစ် အန္တရာယ် လွန်စွာများကြောင်း၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ မော်လမြိုင်မြို့မှာ ဆေးလာကုနေသူများတွင် အသက် ၄၀ ကျော်၊ ကာကွယ်ဆေးမထိုးထား တဲ့သူ သေဆုံးမှုတွေရှိနေတာကို တွေ့ရ ကြောင်းနဲ့ ကာကွယ်ဆေးထိုးထားတဲ့ အသက် ၇၀ ကျော်အရွယ်၊ နဂိုရောဂါအခံရှိသူတွေ လည်း သေဆုံးတာတွေတွေ့ရကြောင်း ဒေါက် တာနန္ဒဝင်းက ဆိုပါတယ်။
မွန်ပြည်နယ်အတွင်းမှာတော့ Third Wave လို့ပဲခေါ်ခေါ်၊ Delta ကြောင့်လို့ပဲ ပြောပြော အတည်ပြုလူနာတွေရော၊ အတည် မပြုရသေးတဲ့လူနာတွေပါ ထောင်ဂဏန်းနဲ့ရှိ ခဲ့ပြီးတဲ့နောက်ပိုင်းမှ အခုဆိုရင် အတည်ပြု လူနာ ဆယ်ဂဏန်းနဲ့ သေဆုံးမှုတွေရှိလာပါပြီ။
“ကျွန်တော်တို့က Omicron ကြားထဲက နေ Delta တွေကိုလိုက်ရှာရမယ်။ သေဆုံးနိုင် တဲ့လူနာတွေကို ရှာပြီးတော့ ဆေးကုသမှုတွေ ပေးရမယ်။ Omicron ထဲမှာလည်း သေဆုံး နိုင်တဲ့သူရှိတာပဲလေ။ ၁၀၀ ရာခိုင်နှုန်း မသေ ဆုံးဘူးလို့ ပြောလို့မရဘူး။ ရောဂါမပြင်း ထန်ဘူးလို့ အကြမ်းဖျင်းပြောလို့ရပေမဲ့ နှစ် - ရာခိုင်နှုန်းလောက်ကတော့ သေနိုင်သေးပါ တယ်။ အဲဒီတော့ သေဆုံးနိုင်တဲ့ နှစ်-ရာခိုင် နှုန်းကိုရှာပြီးတော့ ဆေးကုသမှုပေးနိုင်ရင် တော့ သေဆုံးမှုနှုန်း ထပ်လျော့သွားနိုင်ပါ တယ်”လို့ ဒေါက်တာသက်ကျော်စိုးက သုံး သပ်ပြောကြားပါတယ်။
ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကလည်း “တချို့လည်း ရောဂါကူးစက်ဖြစ်ပွားမှာစိုးရိမ် လို့ အိမ်ထဲမှာပဲနေတယ်။ ကာကွယ်ဆေး လည်း အသက်ကြီးလို့ မထိုးထားဘူး။ အပြင် လည်းမသွားဘူး။ ဒါပေမဲ့ အပြင်ထွက်နေတဲ့ မိသားစုဝင်ကနေတစ်ဆင့် ကူးစက်ခံရပြီး တော့ သေဆုံးတာမျိုးအထိ ဖြစ်ခဲ့တာတွေ လည်း တွေ့လာရပါတယ်။ ဆရာတို့အနေနဲ့ ပြောချင်တာက Omicron က ပျော့တယ်။ ကာကွယ်ဆေးတွေထိုးထားပြီးတဲ့အတွက် ကြောင့်မို့ ကူးစက်ခံရလို့ရှိရင်လည်း ပြီးသွား တာပဲလို့ မယူဆစေချင်ပါဘူး။ အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို ကူးစက်မိရင်အသက် သေဆုံးသည်အထိ ဖြစ်တတ်ပါတယ်။ နဂို ရောဂါအခံရှိသူတွေ သေဆုံးနိုင်ပါတယ်။ ဆရာ့အနေနဲ့ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ရင်နေပါ။ ကိုယ့်အိမ်က အတူနေ လူကြီးမိဘတွေကို ဂရုစိုက်သောအားဖြင့်၊ သနားသောအားဖြင့် အားလုံး COVID-19 စည်းကမ်းတွေကိုလိုက်နာပေးကြပါလို့ တိုက် တွန်းလိုပါတယ်” ပြောပါတယ်။
Omicron က ပျော့တယ်ဆိုပေမဲ့လည်း သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေ သေဆုံးနေတာတွေရှိနေတဲ့အတွက်ကြောင့်လည်း Mask တွေ မချွတ်ကြပါနဲ့ဦး။ လက်တွေ ဆေးပါဦး။ လူစုလူဝေးတွေ ရှောင်ကြပါဦးလို့ပဲ တိုက်တွန်းချင်ပါတယ်။










