မြန်မာ့စီးပွားရေး ဗုန်းဗုန်းမလဲရေး အရေးပါလာသည့် စီးပွားရေးစနစ်များ

မြန်မာ့စီးပွားရေး ဗုန်းဗုန်းမလဲရေး အရေးပါလာသည့် စီးပွားရေးစနစ်များ
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် လူနေမှုမြင်ကွင်းများ
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် လူနေမှုမြင်ကွင်းများ
Published 27 February 2022
နီလာ

ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းတွင်ကျန်းမာရေး ဘေးအန္တရာယ်မှ ကံကောင်းစွာ သက် သာရာရခဲ့သော်လည်း တတိယလှိုင်းတွင် မြန်မာနိုင်ငံက အလူးအလဲခံ စားခဲ့ရပြီး  နောက်ဆက်တွဲအနေဖြင့် ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရသော စီးပွားပျက်ကပ် အန္တရာယ်လှိုင်းလုံး၏ ရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားလျက်ရှိသည်။

ကိုဗစ်-၁၉ ကပ်ရောဂါအပြင် မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲကြောင့်ဖြစ်ပေါ်ခဲ့သည့် သက် ရောက်မှုကိုပါ တစ်ပူပေါ် နှစ်ပူဆင့်သလို ခံစားနေရသည်။ နိုင်ငံ၏ စီးပွားရေး အခြေအနေ၊ ဓနကြွယ်ဝမှု၊ ဘဏ္ဍာရေးအခြေအနေ အားနည်းသည့်နိုင်ငံဖြစ်သကဲ့သို့ ဆင်းရဲနွမ်းပါးသည့် ပြည်သူအများအပြားရှိနေ သည့်နိုင်ငံဖြစ်ခြင်းကြောင့် စီးပွားပျက်ပါက ထိခိုက်နိုင်သည့်လူအများအပြားကို ကယ်ဆယ်နိုင်ရေးမှာ စိန် ခေါ်မှုများစွာ ရှိနေသည်။

ကပ်ရောဂါ၏ ကာလကြာရှည်စွာ သက်ရောက်မှုဒဏ်ကြောင့် မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ပြည်သူလူထု၏အခြေခံစားဝတ်နေရေး၊ အလုပ်အကိုင်၊ ဝင်ငွေနှင့် စီးပွားရေးအပေါ် အကျိုးသက်ရောက် မှု ကြီးမားစွာဖြစ်ပေါ်နေပြီး စီးပွားရေးအရ ထိခိုက်နိုင်ခြေအဆင့်မြင့်မားစွာရှိနေသည်။

စီးပွားရေး လုပ်ရကိုင်ရခက်ခဲလာခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများလည်း နည်းပါးလာခဲ့ပြီး အလုပ်အကိုင်ပေါင်း သန်းချီ လျော့နည်းပျောက်ဆုံးလာသကဲ့သို့ မြို့ပြတွင်ရော ကျေးလက်တွင်ပါ  အလုပ်အကိုင် ဆုံးရှုံးသွားသူပေါင်းများစွာ ရှိလာခဲ့သည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းအများစု လုပ်ရကိုင်ရခက်ခဲခဲ့သည်မှာ ကာလအတန်ကြာနေပြီး  လက်ရှိအခြေအနေတွင် လုပ်ကိုင်ရခက်ခဲသည့် အခြေအနေမှ ရပ်ဆိုင်းလုနီးပါး အခြေအနေသို့ ရောက်ရှိလာနေပြီကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ ရရှိသော သတင်းများအရ သိရသည်။

“ပြောရရင် အခုကာလက အားလုံးခက်ခဲနေတဲ့ကာလပေါ့ဗျာ။  လုပ်ငန်းရှင်တွေ လုပ်ရကိုင်ရခက်ခဲနေသလို ဝန်ထမ်းတွေ အလုပ်သမားတွေကိုလည်း လခတိုးမပေးနိုင်တဲ့အပြင် လျှော့ပါပေးနေရတယ်။   အဲဒီတော့ ဝန်ထမ်းတွေလည်း မလောက်ငှကြဘူး။ စက်ရုံတွေပိတ်လိုက်ရတော့ အလုပ်ပြုတ်သွားတဲ့ အလုပ်သမား သောင်းနဲ့ချီရှိတယ်။ သူတို့ ဘာဆက်လုပ်ကြမလဲ။ အလုပ်ရှင်တွေဘက်ကလည်း ဆက်လုပ်ဖို့ ဘယ်လိုမှမဖြစ်တော့တာကြောင့် လက်ရှိ အခြေအနေတွေကြောင့် ပိတ်လိုက်ရတဲ့သူတွေ ရှိတယ်။ အမျိုးစုံပေါ့ဗျာ။ နောက်ဆုံးတော့ စီးပွားရေးမကောင်းတော့ အကုန်ဒုက္ခရောက်ကြတာပေါ့”ဟု စက်မှု ဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ကုန်ထုတ်လုပ်ငန်းများတွင်  ၁၇ လဆက်တိုက် ကျဆင်းခဲ့ပြီး စီးပွားရေးဆိုင်ရာဖိအားများ ဆက် လက်ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများနှင့်ပတ်သက်၍ ထုတ် ပြန်သည့် IHS Markit  မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၏ အဖွင့်လဖြစ်သည့် ဇန်နဝါရီတွင် မြန်မာနိုင်ငံ၏ထုတ်လုပ်ရေးကဏ္ဍအတွင်း လုပ် ကိုင်မှုအခြေအနေများ ပိုမိုမြန်ဆန်စွာ ဆုတ်ယုတ်လာကြောင်း ဖော်ပြထားသည်။

“၂၀၂၂ ခုနှစ်ရဲ့ အဖွင့်လက မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍအတွင်း ရုန်းကန်ရမှုတွေနဲ့ PMI မှာ  ၁၇ လဆက်တိုက် ကျဆင်းမှုနယ်ပယ်ထဲမှာရှိနေခြင်းကို ဆက်ညွှန်ပြလိုက်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုက ထုတ်လုပ်မှုနဲ့ ပြည်တွင်းဝယ်လိုအားကို ထပ်မံခြိမ်းခြောက်နေကာ လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ ကုန် ကြမ်းပစ္စည်း ရှားပါးမှုတွေကြောင့်  လက်ကျန်အလုပ်များ စံချိန်တင်စုစည်းလာစေခဲ့ပါတယ်။ ထည့်ကုန်တွေ ရှားပါးနေတာ၊ ပို့ဆောင်ခနှုန်းတွေ မြင့်တက်လာတာနဲ့ ဒေါ်လာနဲ့  ယှဉ်ရင် ကျပ်ငွေနှုန်းကျဆင်းလာနေ ခြင်းတို့က စျေးနှုန်းရဲ့ဖိအားပေးမှုများမှာ မြင့်မားလျက် ကျန်ရှိနေပါတယ်” ဟု IHS Markit ၏ စီးပွား ရေးပညာရှင် Shreeya Patel က ပြောကြားခဲ့သည်။

နိုင်ငံရေးအခြေအနေက ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များကို ထိခိုက်စေနေပြီး လျှပ်စစ်မီးပြတ်တောက်မှုများ၊ ကုန်ကြမ်းရှားပါးမှုများ နှင့် ငွေသားပြတ်တောက်မှုများကို ကုမ္ပဏီများက မကြာခဏ ထောက်ပြနေကြသည်။

အပြုသဘောဆောင်သည့်အချက်အဖြစ် ဖော်ပြရလျှင် ကုမ္ပဏီများက အလုပ်သမားဦးရေကို တစ် လချင်းယှဉ်ကြည့်လျှင် တိုးခန့်ခဲ့ကြောင်း အစီရင်ခံခဲ့ကြပြီး အနာဂတ်ဆီကို အကောင်းမြင်နေကြ ကြောင်း အတည်ပြုကြသည်။

စျေးနှုန်းများနှင့်ပတ်သက်လျှင်  အခြေမသာသည့်  ငွေလဲလှယ်နှုန်းများ၊ ကုန်ကြမ်းရှားပါးမှုနှင့် ပို့ဆောင်ခများ မြင့်တက်လာခြင်းက ကုန်ကျစရိတ်များကို မြှင့်တင်ရန်  ဖိအားပေးမှုများ ဖြစ်လာကြသည်။ မိမိတို့၏အမြတ်အစွန်းများကို ကာကွယ်သည့်အနေနှင့် ကုမ္ပဏီများက ရောင်းစျေးများကို အရှိန်ဖြင့် မြှင့် တင်ခဲ့ကြသည်။

ဆုတ်ယုတ်မှုအတွက် အဓိက အကျဆုံးမှာ ထုတ်လုပ်မှုပမာဏများ ထပ်မံကျဆင်းမှုဖြစ်သည်။ အချို့သော ကုမ္ပဏီများက ထုတ်လုပ်မှု တိုးလာခြင်းကို မှတ်တမ်းတင်ခဲ့ကြသော်လည်း အခြားသူတို့ကမူ နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ထည့်ကုန် ဝယ်ယူမှုအခက်အခဲများကိုထောက်ပြလျက် ထုတ်လုပ်မှုကျလာကြောင်း ဆိုကြသည်။

အလားတူပင် မြန်မာကုန်စည် ထုတ်လုပ်သူတို့ ရရှိခဲ့ကြသည့် အော်ဒါအသစ်များပါ ၁၇ လဆက်တိုက် ကျဆင်းလာခဲ့ပြီး သုံးလအတွင်း ကျဆင်းနှုန်းအများဆုံးဖြစ်သည်။

“ဒေတာတွေက စိုးရိမ်စရာ ကဏ္ဍတွေကို ဆက်လက်ဖော်ပြနေပေမဲ့ မျှော်လင့်ချက်လက္ခဏာတွေ လည်းရှိကြပါတယ်။ ကုမ္ပဏီတွေက ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မယ်လို့ မျှော်လင့်ချက်နဲ့ အလုပ်သမားဦးရေ ကို တိုးချဲ့ခဲ့ကြတယ်။ ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်တွေထဲက ကျဆင်းမှုမှာ ခြုံပြောရရင် အနည်းမျှသာ ဖြစ် ခဲ့ပါတယ်”ဟု စီးပွားရေးပညာရှင် Shreeya Patel က သုံးသပ်ပြော ကြားခဲ့သည်။

၂၀၁၇-၂၀၁၉ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း (GDP) သည် ယေဘုယျအားဖြင့် တစ်နှစ်လျှင် ၆ ဒသမ ၃ ရာခိုင်နှုန်း ပုံမှန်ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကပ်ရောဂါကြောင့် ၃ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ ပြီး  ၂၀၂၁ ခုနှစ်တွင် ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲကြောင့် အနုတ် ၁၈ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။

၂၀၂၂ ခုနှစ်တွင် အနိမ့်ဆုံးစီးပွားရေး နာလန်ထူလာမည့် အရိပ်လက္ခဏာဖြင့် GDP မှာ တစ်ရာခိုင် နှုန်းသို့  ရောက်လာမည်ဟု ကမ္ဘာ့ဘဏ်က မျှော်မှန်းထားသည်။ သို့သော် တိုင်းပြည်စီးပွားရေးတစ်ခုလုံး သည် ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲမဖြစ်ပွားပါက ရှိသင့်သည့်ပမာဏအောက် ရာခိုင်နှုန်း ၃၀ သေးငယ်သွားကြောင်း  တွေ့ရှိရသည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး လေ့လာ စောင့်ကြည့်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးသည် ၂၀၂၁ ဘဏ္ဍာနှစ် (စက်တင်ဘာတွင် ကုန်ဆုံးသည့်ဘဏ္ဍာနှစ်) တွင် ၁၈ ရာခိုင် နှုန်းကျုံ့သွားမည်ဟု ခန့်မှန်းထားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ဘဏ္ဍာနှစ်အဆုံးတွင် GDP သည် အချို့သော တည်ငြိမ်လာမှုများနှင့်အတူ တစ်ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု မျှော်မှန်းထားခြင်းဖြစ်သည်။

အဆိုပါမျှော်မှန်းချက်သည် လတ်တလောကာလ ကိုဗစ်-၁၉  ရောဂါကူးစက်ပြန့်ပွားမှုလှိုင်းသစ် (များ)၊ ပဋိပက္ခများ၏ ကျယ်ပြန့်မှု နှင့် သက်ရောက်မှု၊  နိုင်ငံခြားငွေကြေးလဲလှယ်မှုနှင့် ဘဏ္ဍာရေးကဏ္ဍ အခက်အခဲများ ဆက်လက်တည်ရှိမှု အနိမ့်အမြင့်တို့နှင့်အတူ လျှပ်စစ်မီး၊ ကုန်စည်ပို့ဆောင်ရေး နှင့် အင်တာနက်ဝန်ဆောင်မှုကဲ့သို့သော အတားအဆီးအခက်အခဲများ အပေါ် မူတည်လိမ့်မည်ဖြစ်ကြောင်း၊ ယင်းမျှော်မှန်းချက်သည်  နောင်လာ မည့်ကာလအတွင်း ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍများတွင်  တည်ငြိမ်လာသည့်လက္ခဏာများ ဆက်လက်တည်ရှိနေမည်ဟူ၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သည့်ပဋိပက္ခ များထပ်မံမြင့်တက်လာခြင်းမရှိဟူ ၍လည်းကောင်း စသည့် ယူဆချက် များအပေါ် အခြေခံတွက်ချက်ခြင်း ဖြစ်သည်။

အထည်ချုပ်နှင့်သဘာဝ ဓာတ် ငွေ့တင်ပို့မှု ဆက်လက်ရှိနေပြီး ဆောက်လုပ်ရေးကဏ္ဍတွင် ပြန်လည်သက် ဝင်လှုပ်ရှားမှုအချို့ကြောင့် စက်မှုကဏ္ဍတွင် သုံးရာခိုင်နှုန်းခန့် တိုးတက်မည်ဟု မျှော်မှန်းထားသည်။

ဝန်ဆောင်မှုကဏ္ဍမှာမူ ပြည်တွင်းဝယ်လိုအားနည်းပါးနေခြင်း နှင့် ငွေရေးကြေးရေးအခက်အခဲများ ဆက်လက်တည်ရှိနေမှုကြောင့် အနည်းငယ်မျှသာ တိုးတက်မည်ဟု ခန့်မှန်းခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍမှာမူ ၂၀၂၁ ခုနှစ်က စိုက်ပျိုးလုပ်ကိုင်မှုလျော့ ကျသွားခဲ့သည့်အတွက် ထုတ်ကုန် လျော့နည်းကာ ဆက်လက်ကျုံ့သွားမည်ဟု မျှော်မှန်းထားသည်။

ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်တွင် စီးပွားရေး ၁၈ ရာခိုင်နှုန်းအထိ ကျုံ့ သွားမည်ဟူသော ခန့်မှန်းချက်နှင့် ၂၀၂၂ ခုနှစ်တွင် တိုးတက်မှုတစ်ရာ ခိုင်နှုန်းရှိမည်တို့ကို ပေါင်းစုလိုက်ပါက  စီးပွားရေးသည် ၂၀၁၉ ခုနှစ်အဆင့်အတန်းထက် ၁၅ ရာခိုင်နှုန်းခန့် သေးငယ်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

သို့သော် ၂၀၂၂ ခုနှစ်အတွက် ခန့်မှန်းချက်များတွင် ၂၀၂၁ ခုနှစ် ရလဒ်မျှော်မှန်းချက်အပေါ် အရိပ်ထိုးနေသည့် မရေရာမှုများအပြင် ထိခိုက်နိုင်ခြေအန္တရာယ်များ သိသိသာသာရှိနေသေးကြောင်း၊ အထူးသဖြင့် သိသာထင်ရှားသည့် ထိခိုက်နိုင်ခြေ အန္တရာယ်နှစ်ခုမှာ ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှင့် ပဋိပက္ခဖြစ်ပွားမှု ပိုမိုဆိုးရွားလာနိုင်ခြေတို့ဖြစ်သည်။

“မြန်မာနိုင်ငံက ပြည်သူအများစုအတွက် လက်ရှိအခြေအနေနဲ့ ရှေ့ကာလအတွက် ခန့်မှန်းချက်တွေက ဆက်လက်ပြီး အလွန်စိုးရိမ်စရာအနေအထားမှာရှိနေပါတယ်။ ပဋိပက္ခတွေ လတ်တလောမှာ ဆက်တိုက် ဖြစ်လာတာကြောင့် ပထမအချက်အနေနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ရှုထောင့်မှ စိုးရိမ်စ ရာဖြစ်နေပြီး စီးပွားရေးလုပ်ငန်းများ အပေါ်နောက်ဆက်တွဲ  သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်”ဟု  ကမ္ဘာ့ ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က ပြော ကြားခဲ့သည်။

စီးပွားရေးဖိအားများ ဆက်လက်တည်ရှိနေခြင်းကြောင့် ထိခိုက်နိုင်ခြေနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ အပေါ် ကြီးစွာသက်ရောက်မှုရှိကြောင်း၊ အထူးသဖြင့် မကြာသေးခင်က ရင်ဆိုင်ခဲ့ရသည့် ဖြစ်စဉ်များကြောင့် စုဆောင်းထားသည်များ ကုန်ဆုံးသွားသည့် အောက်ခြေလူတန်းစား ဆင်းရဲသားများအပေါ် များစွာရိုက်ခတ်ကြောင်း၊ ဆင်းရဲမွဲတေမှုပမာဏသည် ကိုဗစ်-၁၉ ကူး စက်ရောဂါမဖြစ်ပွားခင်ကထက် နှစ် ဆပိုမိုများပြားလာသည်ဟု ခန့်မှန်းကြောင်း၊ စိုက်ပျိုးရေးထွက်ကုန် လျော့ကျလာခြင်း၊ အလျင်အမြန် ကုန်စျေးနှုန်း ဖောင်းပွလာခြင်းနှင့် ချေးငွေရရှိနိုင်မှုနည်းပါးလာခြင်းတို့ကြောင့် စားနပ်ရိက္ခာဖူလုံနိုင်မှုကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်းနှင့် ကာလရှည်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကပင် စတင်ဖြစ်ပွား ခဲ့သည့်အခြေအနေများသည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက် နိုင်ခြေကို အဟန့်အတားဖြစ်စေလိမ့်မည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

“စီးပွားရေးမှာ လောလောဆယ်  Cash Flow ဖြစ်နေတဲ့အခြေအနေကို ကုစားဖို့လိုပါတယ်။ ပြီးသွားရင် ဒီ Crisis ဖြစ်နေတဲ့ကာလအလွန်မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပြီးရုန်းထနိုင်ဖို့အတွက် ဒေဝါလီခံရတာတွေ မဖြစ်အောင် နိုင်ငံတော်အစိုးရအနေနဲ့ ကုစားဖို့  ထောက်ပံ့ပေးဖို့လိုပါတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ကိုဗစ်-၁၉ အကျပ်အတည်းသည်  စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှု နယ်ပယ်အတွင်းရှိ မြန်မာ့စီးပွားရေးအသိုက်အဝန်း အထူးသဖြင့် အခြေတည်ဆဲ၊ ဖွံ့ဖြိုးဆဲအသေးစား၊အငယ်စား နှင့် အလယ်အလတ်တန်းစားလုပ်ငန်းများ (MSMEs) ကို အကြီးအကျယ်ပျက်စီးစေပြီး မြန်မာ့စီးပွားရေးကို များစွာထိခိုက်စေကြောင်း DaNa Facility၊ ကုလသမဂ္ဂရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့နှင့် နိုင်ငံ တကာကုန်သွယ်ရေးဗဟိုဌာနတို့ ပူးပေါင်းဆန်းစစ်ထားသည့်အစီရင်ခံစာတွင် သုံးသပ်ထားသည်။

မြန်မာနိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၇၀ ခန့်သည် ကျေးလက်နေပြည်သူများဖြစ်ကြပြီး စိုက်ပျိုး၊မွေး မြူရေးကိုအခြေခံသည် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူများဖြစ်ခြင်းကြောင့် လည်းကောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့်  ဖြစ်ပေါ်လာသည့် စီးပွားရေးအရ ထိခိုက်နစ်နာမှုများသည် အခြားဝန်ဆောင်မှုလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက  အဆိုပါလုပ်ငန်းများအပေါ်  ပိုမိုသက်ရောက်မှုရှိသောကြောင့်လည်းကောင်း နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီသည် စီးပွား ရေးဦးတည်ချက်သုံးရပ်ချမှတ်ရာတွင် ဦးတည်ချက် (၁) အဖြစ် စိုက် ပျိုး၊ မွေးမြူရေးကဏ္ဍမြှင့်တင်ရေးကို  အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက်ကို လုပ်ငန်းအစီအစဉ် ၁၀ ခု၊ မျှော်မှန်း ချက် ၃၀ ခု၊ ရလဒ် ၁၆၅ ခုနှင့် လုပ်ငန်း စဉ် ၄၃၀ ခု တို့ဖြင့် ရေးဆွဲထားကြောင်း ၊ စီမံချက်ကာလမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ ငါးနှစ်ဖြစ်ကြောင်း၊ စီမံချက်ကို ကာလတိုနှင့် ကာလလတ်အတွင်း အကောင်အထည်ဖော်ရန် ရေးဆွဲထားခြင်းဖြစ်သော်လည်း အချို့သောလုပ်ငန်းစဉ်များကို ကာလရှည်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေး လုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်းတစ်ရာခိုင်နှုန်း)ဖြင့် ချေးငွေများ ထုတ်ချေးလျက်ရှိသည်။ ထို့ပြင် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့်စီးပွားရေးထိခိုက်မှုများကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားနိုင်ရေး ဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကိုဗစ် -၁၉ ကပ်ရောဂါအလွန် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်ရောက်ရန် အလုပ်အကိုင်ဖန်တီးရေးနှင့် စီးပွားရေး ပြန်လည်ထူထောင်ရန် ပုဂ္ဂလိကကဏ္ဍတိုးတက်ရေး ပိုမိုအရေးကြီးလျက်ရှိသည်။

ယိုင်နဲ့နဲ့ စီးပွားရေးလုပ်ငန်း၊ ပုဂ္ဂလိကကဏ္ဍစီးပွားရေးလုပ်ငန်းများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် လုံလောက်သည့်ပံ့ပိုးကူညီမှုများမလုပ်နိုင်ပါက ရေရှည်စီးပွားရေး ကျဆင်းမှုဒဏ်ကို ခံရနိုင်ခြေ မြင့်မားစွာ ရှိနေသည်။

ကိုဗစ်-၁၉ အကျပ်အတည်းနှင့် နိုင်ငံရေးအပြောင်းအလဲကာလအတွင်း ကုစားမှုမှ ပြန်လည်ထူထောင်  နိုင်ရေးအထိ ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍစီးပွားရေးမှာ အဓိကအကျဆုံးဖြစ်နေပြီး ပုဂ္ဂလိကလုပ်ငန်းများ ပုံမှန်လည်ပတ်လုပ်ကိုင်နိုင်မှသာ ပြည်သူလူထု၏အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများ အတွက် အာမခံချက်ရှိမည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးအသိုက်အဝန်းလည်း ပုံမှန်လည်ပတ်နေမည် ဖြစ်သည်။

မြန်မာ့စီးပွားရေးသည် အစဉ်အဆက်အားနည်းခဲ့သလို ကိုဗစ် -၁၉ နှင့် လက်ရှိအကျပ်အတည်းများကြောင့် ဗုန်းဗုန်းမလဲရေးအတွက် ပြန်၍ထောက်ကူရာတွင် အဓိကကျောရိုးတစ်ခုဖြစ်သည့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများကို ကုစားနိုင်ရေးကလည်း လက်ရှိအချိန်အထိ စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

သို့ဖြစ်ရာ မပြေလည်သေး သည့်ဘဏ်လုပ်ငန်းအကျပ်အတည်း၊  နိုင်ငံခြားငွေလဲနှုန်းဂယက်၊  ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် မြန်မာ့စီးပွားရေးအပေါ် သက်ရောက်လာမှု၊ စက်သုံးဆီစျေး အခြေအနေနှင့်  မလွဲမသွေ ဖြစ်ပေါ်လာသည့် စီးပွားရေးကျဆင်းမှုကို ကုစားရန် မှန်ကန်သည့် မူဝါဒများချ မှတ်အကောင်အထည်ဖော်ရန် မဖြစ်မနေလိုအပ်နေပြီဖြစ်သည်။    

Most Read

Most Recent