ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲ ဆိုထားခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦး ကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပထမအကြိမ် ကြားနာမှုကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တုန်းက ပြုလုပ်ခဲ့ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။
ထိုအမှုကို ကြားနာခွင့်ရရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က အပြိုင်အဆိုင်ကြိုးပမ်းရာ၌ နစကကိုယ်စားလှယ်များက ICJ တရားရုံးတွင် လာရောက်တရားရင်ဆိုင် လျှောက်လဲခွင့်ရခဲ့သည်။
ဘင်္ဂါလီအမှုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စားပြုသူများကို ICJ တရားရုံးက လျှောက်လဲခွင့်ပြုသည့်အပေါ် ဝေဖန်ကန့်ကွက်မှုများလည်း ရှိခဲ့သည်။
ICJ တရားရုံးဘက်ကမူ ယင်းအမှုသည် နိုင်ငံအပေါ် တရားစွဲထားသည့်အမှုဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။
မြန်မာလျှောက်လဲမှု (ပထမနေ့)
မြန်မာနိုင်ငံကို ICJ ၌ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံသည် OIC ကိုယ်စား တရားစွဲပေးခြင်းဖြစ်၍ ယခုအမှုကို တရားရုံးက လက်မခံသင့်ကြောင်း မြန်မာနိုင်ငံကိုယ်စားပြုရှေ့နေ Dr.Christopher Staker က ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားသည်။
ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့သည့် ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲ၌ မြန်မာနိုင်ငံ၏ ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုတွင် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများကလည်း တင်သွင်းချက်များ တင်သွင်းခဲ့ကြောင်း သိရသည်။
ထိုသို့ တင်သွင်းရာတွင် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေဖြစ်သော Dr. Christopher Staker က ဂမ်ဘီယာနိုင်ငံသည် ICJ ၏တာဝန်ပေးချက်အရ OIC ကိုယ်စားတရားစွဲပေးခြင်းဖြစ်၍ ယခုအမှုကို တရားရုံးက လက်မခံသင့်ကြောင်း၊ OIC သည် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်၍ အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဥပဒေအရ အငြင်းပွားမှုတင်သွင်းခွင့်မရှိသဖြင့် ကန့်ကွက်ကြောင်း လျှောက်လဲချက်ကိုလည်းကောင်း၊ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်၏ အာတီကယ်(၉)အရ တရားရုံးသို့ အမှုတင်သွင်းရန် အဖွဲ့ဝင် နှစ်နိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှုရှိရန် လိုအပ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှု လုံးဝမရှိကြောင်း လျှောက်လဲချက်ကိုလည်းကောင်း တရားရုံးသို့ တင်သွင်းခဲ့သည်။
ရှေ့နေတစ်ဦးဖြစ်သူ Professor Stefan Talmon က ဂမ်ဘီယာနိုင်ငံသည် နစ်နာသူနိုင်ငံမဟုတ်၍ တရားစွဲခွင့်မရှိကြောင်း၊ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန်နိုင်ငံတကာသဘောတူ စာချုပ်က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့အပေါ် ထိခိုက်မှုမရှိပါက တရားစွဲခွင့်ပေးမထားကြောင်း လျှောက်လဲချက်ကိုလည်း တင်သွင်းခဲ့သည်။
ရှေ့နေတစ်ဦးဖြစ်သူ Professor Stefan Talmon က မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်၏အာတီကယ် (၈) ကို ခြွင်းချက်ပြုလုပ်ထား၍ မည်သည့်စာချုပ်ဝင်နိုင်ငံကမဆို ကုလသမဂ္ဂ၏အဖွဲ့အစည်းများ (အပြည်ပြည်ဆိုင်ရာ တရားရုံး အပါအဝင်) သို့ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံအား အရေးယူဆောင်ရွက်ရန် တောင်းဆိုမှုကို လိုက်နာရန်မလိုကြောင်း လျှောက်လဲချက်ကို တင်သွင်းခဲ့သည်။
ဂမ်ဘီယာလျှောက်လဲမှု (ဒုတိယနေ့)
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာကိုယ်စားလှယ်များ၏ လျှောက်လဲချက်များနှင့် ပတ်သက်ပြီး ပယ်ချပေးရန် ဂမ်ဘီယာဘက်က တောင်းဆိုလိုက်သည်။
ဘင်္ဂါလီလူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် မြန်မာနိုင်ငံအပေါ် တရားစွဲထားသောအမှုနှင့်ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံ၏ ကိုယ်စားလှယ်များက နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဖေဖော်ဝါရီ ၂၃ ရက်က တင်ပြလျှောက်လဲရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၁ ရက်တွင် မြန်မာဘက်က တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်လွှာဆိုင်ရာ လျှောက်လဲချက်များကို ပယ်ချရန်နှင့် ထိုသို့ အငြင်းပွားမှုနှင့်ပတ်သက်ပြီး ICJ တရားရုံးအနေဖြင့် ဆက်လက်တရား စီရင် အဆုံးအဖြတ်ပေးရန် ဂမ်ဘီယာ ရှေ့နေချုပ်တရားရေးဝန်ကြီး ဒေါဒါဂျဲလိုးက တရားရုံး၌ တိုက်တွန်းလျှောက်လဲခဲ့သည်။
ဂမ်ဘီယာဘက်က လိုက်ပါဆောင်ရွက်ပေးနေသည့် နိုင်ငံတကာရှေ့နေ ပေါလ်ရီချလာကလည်း မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က အာဏာလွှဲပြောင်းရယူခဲ့သူများသည် ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ရာ၌ ခေါင်းဆောင်ခဲ့သည့် ခေါင်းဆောင်များ ဖြစ်ကြောင်း ဆိုသည်။
ထို့ကြောင့် ယင်းအမှုသည် ပို၍ အရေးကြီးလာပြီဖြစ်ကြောင်း၊ တရားရုံး၏ တရားစီရင်မှုမှ ၎င်းတို့ လွတ်မြောက်ခဲ့မည်ဆိုလျှင် ၎င်းတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ တာဝန်ခံမည်မဟုတ်ကြောင်း၊ ၎င်းတို့၏ကျူးလွန်မှုများအတွက် ဖိအားပေး၍ရမည်မဟုတ်သလို ဘင်္ဂါလီများကို အဆုံးစွန်အထိ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေလိမ့်မည်ဟုလည်း သတိပေးပြောကြားသည်။
ယင်းအမှုနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၁ ရက်က မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချက်များနှင့် ပတ်သက်ပြီး ဂမ်ဘီယာဘက်က ပြန်လည်တုံ့ပြန်ရာ၌ ယင်းအမှုမှာ ဂမ်ဘီယာနှင့် မြန်မာအကြား အငြင်းပွားမှုဖြစ်ကြောင်း၊ အဆိုပါအမှုမှာ ဂမ်ဘီယာ တင်သွင်းသော အမှုဖြစ်ပြီး ICJ က တင်သည့် အမှုမဟုတ်ကြောင်း၊ ဂမ်ဘီယာသည် မည်သည့်အဖွဲ့အစည်း၏ ကိုယ်စားလှယ် မဟုတ်ကြောင်း၊ ဘင်္ဂါလီလူမျိုးသုဉ်းသတ်ဖြတ်ခံနေရသည့်ကိစ္စနှင့်ပတ်သက်ပြီး မိမိတို့နှင့်မဆိုင်ဟု ရှောင်လွှဲ၍ မရကြောင်း ပြန်လည်လျှောက်လဲခဲ့သည်။
မြန်မာချေပချက် (တတိယနေ့)
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ကနဦးကန့်ကွက်လွှာ ကြားနာပွဲ၌ မြန်မာနိုင်ငံက ဒုတိယအကြိမ် လျှောက်လဲချက်ပေးခဲ့ပြီး ဂမ်ဘီယာက မြန်မာအပေါ်တရားစွဲထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိဟု မြန်မာကိုယ်စားလှယ်ဖြစ်သူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောကြားသည်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တွင် ၁၉၄၈ ခုနှစ်လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန် ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်သည့် ကနဦးကန့်ကွက်လွှာ ကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် လျှောက်လဲမှုကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့ပြီး လျှောက်လဲချက်နိဂုံးချုပ်မိန့်ခွန်းတွင် အထက်ပါကဲ့သို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ထပ်မံတင်ပြပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကြားနာပွဲသို့ မြန်မာနိုင်ငံဘက်မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကိုယ်စားလှယ်(Agent) အဖြစ်လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အလှည့်ကျကိုယ်စားလှယ် (Altemate Agent) အဖြစ်လည်းကောင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် လျှောက်လဲမှုတွင် မြန်မာနိုင်ငံကိုယ်စားပြုနိုင်ငံတကာ ရှေ့နေများဖြစ်ကြသော Dr.Christopher Staker ၊ Professor Stefan Talmon နှင့် Professor Robert Kolb တို့က မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များ နှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ် လျှောက်လဲမှုများအပေါ်တရားရုံးသို့ တုံ့ပြန်ချေပပြောကြားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မြန်မာနိုင်ငံကိုယ်စားလှယ်(Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိဂုံးချုပ်ပြောကြားရာတွင် ဂမ်ဘီယာနိုင်ငံဘက်မှ ပြောကြားခဲ့သော အချက်အလက်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ စွပ်စွဲပြောဆိုချက်များသည် ကနဦး ကန့်ကွက်လွှာအဆင့်တွင် ပြောဆိုရန် သင့်လျော်ဆီလျော်မှု မရှိကြောင်း၊ ယခုအချိန်သည် မှန်ကန်သည့်အချိန်နှင့် နေရာမဟုတ်သည့်အတွက် အဆိုပါစွပ်စွဲမှုများကို မြန်မာနိုင်ငံအနေဖြင့် ပြန်လည်တုံ့ပြန်မည်မဟုတ်ကြောင်း၊ အဆိုပါစွပ်စွဲမှုများသည် တရားရုံးမှ တရားစွဲဆိုပိုင်ခွင့် ရှိ မရှိ မဆုံးဖြတ်မီ မြန်မာအစိုးရအားပြစ်မှု ကျူးလွန်သူများအဖြစ် ယူဆစေရန် တရားသူကြီးများနှင့် အများပြည်သူကို သွေးဆောင်ခြင်းဖြစ်သည်ဟု မိမိအနေဖြင့် နားလည်ကြောင်း၊ ဂမ်ဘီယာနိုင်ငံကိုယ်စားပြုရှေ့နေများက တရားရုံးအနေဖြင့် ကြားဖြတ်စီမံဆောင်ရွက်ချက်များဆိုင်ရာ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၏ ကန့်ကွက်ချက်များကို ငြင်းပယ်ပြီးဖြစ်သဖြင့် ယခုတင်သွင်းသည့် ကနဦး ကန့်ကွက်ချက်များကို အလေးအနက်စဉ်းစားရန်မလိုဟု အကြံပြုနေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး ဆုံးဖြတ်ချက်အပိုဒ်(၈၅)အရ မိမိတို့ ရပိုင်ခွင့်အား အသုံးချ၍ ကနဦးကန့်ကွက်လွှာ တင်သွင်းခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ထို့ပြင် ကနဦးကန့်ကွက်လွှာ အဆင့်တွင်ပင် စွပ်စွဲထားသည့် ပြစ်မှုများနှင့်ပတ်သက်၍ ကြိုတင်ဆုံးဖြတ်ခြင်းမျိုး မပြုသင့်ကြောင်း၊ သို့ရာတွင် ဂမ်ဘီယာနိုင်ငံက ယခုကြားနာပွဲအသုံးပြု၍ ထိုကဲ့သို့ စွပ်စွဲမှုများ ပြုလုပ်ခဲ့၍ မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် လုံးဝတုံ့ပြန်ခြင်း မပြုဘဲ ဆိတ်ဆိတ်နေ၍ မရကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာရန် သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်ကာ ယင်းသဘောတူညီချက်နှင့်အညီ ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေနှင့်ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေတို့ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ကြားဖြတ်စီမံဆောင်ရွက်ချက်များအရ လိုက်နာဆောင်ရွက်ရမည်များကိုလည်း အကောင်အထည်ဖော်လျက် ရှိကြောင်း၊ မြေပြင်အခြေအနေများ ပိုမိုကောင်းမွန်လာစေရန်လည်း စဉ်ဆက်မပြတ်ကြိုးပမ်းနေကြောင်း၊ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ပိုင်ခွင့် မရှိကြောင်း (သို့မဟုတ်) ဂမ်ဘီယာနိုင်ငံအနေ ဖြင့် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ပေးရန် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က တင်ပြခဲ့သည်။
ဂမ်ဘီယာ၏ ဒုတိယအကြိမ် လျှောက်လဲမှု (စတုတ္ထနေ့)
ဂမ်ဘီယာနိုင်ငံ၏ ဒုတိယအကြိမ်လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
ဂမ်ဘီယာနိုင်ငံအနေဖြင့် ယင်းနေ့တွင် မည်သို့လျှောက်လဲမှုပေးမည် မသိရသေးပေ။
ဖေဖော်ဝါရီ ၂၁ ရက်တွင် မြန်မာနိုင်ငံ၏ ငြင်းဆိုတင်ပြမှုကို ကြည့်မည်ဆိုလျှင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့က ဦးဆောင်ပြီး နိုင်ငံတကာ ဥပဒေ အကျိုးဆောင် လေးဦးက ဥပဒေအကြောင်းအရ ငြင်းဆိုသည့်အချက်အလက်များကို တင်ပြသွားခဲ့သည်။
မြန်မာဘက်ကတင်ပြရာတွင် မြန်မာနိုင်ငံတွင် ဘင်္ဂါလီများကို လူမျိုးသုဉ်းအောင် လုပ်ဆောင်ခြင်း ရှိ၊ မရှိနှင့် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန် ဖောက်ဖျက်ခြင်း ရှိ မရှိ ဆိုခြင်းထက် အဆိုပါ အကြောင်းအရာနှင့်ပတ်သက်ပြီး ှုဃဲ တရားရုံးအနေဖြင့် လက်ခံ၍ ရ၊ မရ ဆိုသည့် ဥပဒေရေးရာ စည်းမျဉ်းလစ်ဟာမှုများကို အဓိကထားငြင်းဆိုရာ၌ အချက်လေးချက်ဖြင့် ငြင်းဆိုခဲ့သည်။
ဖေဖော်ဝါရီ ၂၃ ရက် ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားမှုကို ကြည့်မည်ဆိုလျှင် ဖေဖော်ဝါရီ ၂၁ ရက် မြန်မာဘက်က တင်ပြငြင်းဆိုချက် လေးချက်ကို ပြန်လည်ချေဖျက်တင်ပြခဲ့သည်ကို တွေ့ရသည်။
အဓိကအားဖြင့် အပြည်ပြည် ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာကိုယ်စားလှယ်များ၏ လျှောက်လဲချက်များနှင့် ပတ်သက်ပြီး ပယ်ချပေးရန် ဂမ်ဘီယာဘက်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ICJ တရားရုံးအနေဖြင့် ဆက်လက်တရားစီရင် အဆုံးအဖြတ်ပေးရန် ဂမ်ဘီယာဘက်က တောင်းဆိုခဲ့သည်။
ဖေဖော်ဝါရီ ၂၅ ရက် မြန်မာဘက်က ချေပချက်တွင်မူ ဂမ်ဘီယာက မြန်မာအပေါ် တရားစွဲထားခြင်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) စီရင်ပိုင်ခွင့်မရှိဟု မြန်မာကိုယ်စားလှယ်ဖြစ်သူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်းကို အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)က ဆုံးဖြတ်ပေးရန် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က တင်ပြခဲ့သည်။
ထို့ကြောင့် ပြီးခဲ့သည့် မြန်မာနှင့် ဂမ်ဘီယာ နှစ်ဖက်လျှောက်လဲချက်များကို ကြည့်မည်ဆိုလျှင် တစ်ဖက်၏ လျှောက်လဲချက်ကို တစ်ဖက်က ပယ်ချပေးရန် လျှောက်လဲတင်ပြခဲ့သည်ကို တွေ့ရှိရသည်။
သို့သော် ဂမ်ဘီယာအနေဖြင့် ဒုတိယအကြိမ် လျှောက်လဲရန် ရှိနေသေးပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် မည်သို့လျှောက်လဲမည်ကိုမူ မသိနိုင်သေးပေ။
ထို့ကြောင့် နှစ်ဖက်လျှောက်လဲမှုများ ပြီးဆုံးချိန်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)အနေဖြင့် မည်သို့ဆုံးဖြတ်မည်ကိုလည်း ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။










