လောင်စာမီးပွား၊ အော်လီဂါချီနှင့် ပေါ်လစီမဖတ်တဲ့ စာမျက်နှာများ

လောင်စာမီးပွား၊ အော်လီဂါချီနှင့် ပေါ်လစီမဖတ်တဲ့ စာမျက်နှာများ
မြို့နယ်တစ်ခုအတွင်း စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
မြို့နယ်တစ်ခုအတွင်း စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 27 February 2022
သန်းစိုး (ဘောဂဗေဒ)

ရုရှားက ယူကရိန်း တက်သိမ်းပြီးတဲ့နောက် ကမ္ဘာ့လောင်စာစျေးနှုန်း တစ်ဟုန်ထိုး ထိုးတက်သွားပါတော့တယ်။ ကိုဗစ်ကြောင့် တစ်ကမ္ဘာလုံး စီးပွားရေးအကျပ်အတည်း ဖြစ်နေချိန်၊ ယူကရိန်း-ရုရှား စစ်ပွဲကြောင့် ကမ္ဘာ့ရေနံစျေးနှုန်း ခေါင်ခိုက်မှုဟာ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့နိုင်ငံတွေ တစ်ပူပေါ် နှစ်ပူဆင့်ပြီး စီးပွားရေးရိုက်ခိုက်မှုဒဏ် အလူးအလဲ ခံရပါလိမ့်မယ်။ အထူးသဖြင့် ရေနံတင်သွင်း၊ လောင်စာမှီခိုနေရတဲ့ နိုင်ငံတွေမှာ လောင်စာဆီစျေးနှုန်း မြင့်တက်လာမှု၊ ပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာမှု၊ အဲဒီကနေ အထွေထွေစျေးနှုန်း မြင့်တက်လာမှုကို ပူးတွဲခံစားရမှာပါ။

လောင်စာမီးပွား

လောင်စာဆီစျေးတက်မှုကြောင့် အထွေထွေကုန်စျေးနှုန်းတက်မှုကို မြန်မာနိုင်ငံအနေနဲ့  မကြာမီ အလူးအလှိမ့် ခံရပါလိမ့်မယ်။ အခုဆိုရင် 92၊ 95 စျေးနှုန်း တစ်လီတာ ကျပ် ၂၀၀၀ ပတ်ဝန်းကျင် ရောက်သွားပါပြီ။ လောင်စာဆီစျေးနှုန်းဟာ ၂၀၂၁ ခုနှစ်က တစ်လီတာ ကျပ် ၉၀၀ ဝန်းကျင်ကနေ တစ်ဟုန်ထိုး မြင့်တက်လာခြင်းဖြစ်ပြီး အခုဆိုရင် တစ်လီတာ ကျပ် ၂၀၀၀ နား ကပ်နေပါပြီ။ ဒါကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း မရှိသေးပါဘူး။ ရာခိုင်နှုန်း ၁၀၀ အပြည့်စျေးတက်ခြင်းကြောင့် အထွေထွေကုန်စည်အားလုံး ရာခိုင်နှုန်း ၁၀၀ အပြည့် စျေးတက်နေခြင်းဟာ နိုင်ငံအတွက် မီးပွားဖြစ်ပါတယ်။

လောင်စာဆီစျေးတက်မှုကို မထိန်းနိုင်ရင် စီးပွားရေးအကျပ်အတည်းကနေ အထွေထွေအကျပ်အတည်းကို ဦးတည်သွားပြီး နိုင်ငံရေး မျက်နှာစာဘက်ကို ခုန်ကူးလာနိုင်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အထွေထွေကုန်စျေးနှုန်းကျခြင်း၊ တက်ခြင်းဟာ လောင်စာ စျေးနှုန်း အတက်အကျအပေါ် အလုံးစုံမှီခိုနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေအနေနဲ့ လောင်စာ ဆီပေါ်လစီနဲ့ အထွေထွေစျေးနှုန်း တက်ခြင်းအပေါ် ဘယ်လိုကုစားဆောင်ရွက်မလဲဆိုတဲ့ ရေတို၊ ရေရှည် ပေါ်လစီ ချမှတ်ဆောင်ရွက်ထားသင့်ပါပြီ။ စျေးနှုန်းကိုထိန်းမလား၊ စျေးကွက်ကိုထိန်းမလား၊ လောင်စာ သုံးစွဲမှုပမာဏကို ထိန်းမလား မဟာဗျူဟာ မေးခွန်းတွေ ရှိပါတယ်။

သက်ဆိုးရှည် အော်လီဂါချီစျေးကွက်

အော်လီဂါချီစျေးကွက်ဆိုတာ ကုန်စည်တစ်ခုရဲ့စျေးကွက်ကို လူတစ်စု၊ လုပ်ငန်းရှင်ကြီးတစ်စုက လက်ဝါးကြီးချုပ်ကိုင်ခြယ်လှယ်ထားတာကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ မြန်မာပြည်မှာရှိတဲ့ လောင်စာစျေးကွက်ကတော့ မိုနိုပိုလီစျေးကွက် ဒါမှမဟုတ် အော်လီဂါချီဖြစ်ဖို့ကတော့ ပိုများပါတယ်။ မိုနိုပိုလီစျေးကွက်ဆိုတာက စျေးကွက်ကြီးတစ်ခုလုံးကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ခြယ်လှယ်ထားတဲ့ စျေးကွက်ဖြစ်ပါတယ်။ လောင်စာဆီစျေးကွက်ကတော့ တစ်ဦးတည်း စျေးကွက်အပိုင်စီးထားတဲ့ စျေးကွက် မဟုတ်ရင်တောင် လောင်စာလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီကြီး လေး ငါးခုကနေ လက်ဝါးကြီးချုပ်ကိုင်ထားတဲ့ စျေးကွက်ဖြစ်ပုံရပါတယ်။

လောင်စာလုပ်ငန်းတူ ကုမ္ပဏီကြီး လေးငါးခုက လောင်စာစျေးနှုန်း ကို ထိန်းချုပ်မယ်၊ လောင်စာတင်သွင်းမှု၊ စားသုံးမှု၊ သယ်ယူဖြန့်ချိမှု၊ သိုလှောင်မှု စတာတွေကို လောင်စာ လုပ်ငန်းကြီးသုံးလေးခုက ထိန်းချုပ်ထားတယ်ဆိုရင် အဲဒါကို အော်လီဂါချီစျေးကွက်လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လောင်စာစျေးကွက် သဘောတရားကတော့ နိုင်ငံတကာလောင်စာစျေးနှုန်းတက်ရင် မြန်မာပြည်မှာလည်း အချိန်မဆိုင်းဘဲ စျေးတက်ပါတယ်။ လောင်စာကုမ္ပဏီတွေ အကြောင်းပြတာကတော့ နိုင်ငံတကာ စျေးနှုန်းတက်၊ ကျပ်ငွေတန်ဖိုးကျ၊ ဒေါ်လာတန်ဖိုးမြင့်လာတော့ ပြန်ဝယ်ရရင် အမြင့်စျေးပေးရတဲ့အတွက်လို့ အကြောင်းပြပါတယ်။ နို့ပေမဲ့ နိုင်ငံတကာမှာ လောင်စာစျေးနှုန်း ကျသွားပြီ၊ ဒေါ်လာစျေးကျသွားပြီဆိုရင်တော့ လောင်စာစျေးနှုန်းက လိုက်မကျတော့ပါဘူး။ ဒါဟာ စျေးကွက်ကို လောင်စာဆီလုပ်ငန်းရှင်တစ်စုပေါင်းပြီး ချုပ်ကိုင်ခြယ်လှယ်ထားလို့ပဲဖြစ်တယ်လို့ ယူဆပါတယ်။

ဗဟိုဘဏ်က လောင်စာဆီစျေးနှုန်းကို ကူရှင်ခံဖို့ ဒေါ်လာထုတ်ရောင်းပြီး ကျားကန်ပေးခဲ့ပေမဲ့ လောင်စာ စျေးနှုန်း ကျဆင်းမှုမရှိခြင်းဟာ စျေးကွက်ဟာ အော်လီဂါချီစျေးကွက်၊ လူတစ်စုက စျေးကွက်ကို ထိန်းချုပ်ထားလို့ဖြစ်ပါတယ်။ ဗဟိုဘဏ်ဟာ စျေးနှုန်းကို အကာကွယ်ပေးဖို့ ဒေါ်လာတွေ အမြဲတမ်းထုတ်ရောင်းပြီး ကျားကန်ပေးခဲ့ပေမဲ့ စျေးကွက်ပြောင်းလာမှုမရှိတာကို တခြားနည်းနဲ့ ကုစားဖို့လိုအပ်ပြီလို့ ထင်ပါတယ်။ စျေးနှုန်းကို ကျားကန်ဖို့ထက် စျေးကွက်ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောချင်တာပါ။

မြန်မာပြည်မှာ အော်လီဂါချီ ဖြစ်နေတဲ့ တခြားစျေးကွက်တွေ ရှိပါသေးတယ်။ ဥပမာ ဘိလပ်မြေစျေးကွက်၊ သံ/သံမဏိစျေးကွက်၊ ဆေးဝါးစျေးကွက်၊ စားအုန်းဆီစျေးကွက်၊ ရွှေစျေးကွက်၊ ဒေါ်လာစျေးကွက် စတဲ့ စျေးကွက်တွေဖြစ်ပါတယ်။ ဒီလို အော်လီဂျီစျေးကွက်ဖြစ်နေတဲ့ နိုင်ငံမှာ ကုန်စည်ပြတ်လပ်မှု၊ ကုန်သွယ်မှု နှောင့်နှေးအကျပ်အတည်း ဖြစ်၊ ကျပ်ငွေတန်ဖိုးကျ၊ ဒေါ်လာတန်ဖိုးတက် စတဲ့စျေးကွက်မငြိမ်မသက်မှုတွေ ဖြစ်နေပြီဆိုရင် အထွေထွေ စျေးနှုန်းမြင့်တက်မှုဒဏ်ကို ခံရတော့တာပဲဖြစ်ပါတယ်။

ဒီလို အော်လီဂါချီစျေးကွက် ဘာကြောင့်ဖြစ်နေရတာလဲ၊ ဘာကြောင့် အော်လီဂါချီစျေးကွက် သက်ဆိုးရှည်တာလဲဆိုတာ မေးစရာ၊ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။ ဥပမာ အော်လီဂါချီများနဲ့ အစိုးရ ပလူးပလဲ ဖြစ်နေတာမျိုးတွေ၊ စျေးကွက် အော်လီဂါချီများဆီကနေ အလှူငွေကောက်ခံရတာမျိုးတွေဟာ စျေးကွက်ကမောက်ကမ ဖြစ်စေမှုကို ဦးတည်စေတယ်ဆိုတာကိုလည်း အစိုးရအဆက်ဆက် သိရှိထားသင့်ပါတယ်။ အော်လီဂါချီကို မလွန်ဆန်နိုင်လို့ စျေးနှုန်းကိုသာ ပြုပြင်ပြီး စျေးကွက်ကို ဒီအတိုင်းထားခဲ့ရတာ ဆယ်စုနှစ်ငါးခု သက်ဆိုးရှည်နေခြင်းဖြစ်ပါတယ်။

စျေးကွက်ကိုမပြုပြင်ဘဲ၊ စျေးကွက်နဲ့ပတ်သက်ပြီး ပေါ်လစီမရှိဘဲ၊ စျေးနှုန်းတွေအပေါ် ကုစားမှုနည်းလမ်းတွေ၊ ကျားကန်တဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနေခြင်းဟာ အရာမထင်ခြင်းဖြစ်နေတယ်လို့ပဲ မြင်ပါတယ်။ စျေးနှုန်းကိုလည်း ပြုပြင်ဖို့လိုသလို၊ စျေးကွက်ကိုလည်း ပြုပြင်ဖို့လိုအပ်ပါလိမ့်မယ်။

စျေးကွက်နှင့် အချက်အလက် Weak

ပေါ်လစီတစ်ခုကို မချမှတ်သေးခင် စျေးကွက်ဟာ အပြည့်ပြိုင်ဆိုင်မှုရှိတဲ့စျေးကွက်လား၊ တစ်ဦးတည်းမောင်ပိုင်စီးထားတဲ့စျေးကွက်လား၊ လုပ်ငန်းတူငါးခုလောက်က ချုပ်ကိုင်ထားတဲ့စျေးကွက်လား ထင်ထင်ရှားရှားသိဖို့လိုပါတယ်။ ဒီလိုစျေးကွက်ဖြစ်တည်မှုအပေါ်မူတည်ပြီး အစိုးရဝင်ရောက်ထိန်းကျောင်းပြီး ပေါ်လစီကောင်းချမှတ်ရမှာပါ။ စျေးကွက်ကိုသိပြီဆိုရင် စျေးကွက်အပေါ်သက်ရောက်မှုရှိတဲ့ ကိန်းရှင်တွေကို လေ့လာရမှာဖြစ်ပါတယ်။ စျေးကွက်တွေအပေါ် သက်ရောက်မှုရှိတဲ့ကိန်းရှင်တွေ လေ့လာပြီးမှ မူဝါဒ ကောင်းတစ်ခု ထွက်ပေါ်လာမှာဖြစ်ပါတယ်။ အခု လောင်စာစျေးကွက်ပေါ် သက်ရောက်နိုင်ခြေရှိတဲ့ ကိန်းရှင်တွေဟာ ဘာတွေလဲဆိုတာကို လေ့လာသုတေသနပြုပြီး ပေါ်လစီ ချမှတ်မယ်ဆိုရင် ဘယ်လိုအချက်အလက်တွေ လိုအပ်သလဲဆိုတာကို တွေးဆကြည့်ရအောင်ပါ။

လောင်စာပေါ်လစီ ချမှတ်ဖို့ ဆိုတာ မြန်မာနိုင်ငံရဲ့ တစ်လ၊ တစ်ရက်၊ တစ်နှစ် လောင်စာစားသုံးမှု ပမာဏဘယ်လောက်လဲ၊ တင်သွင်းမှု ပမာဏ ဘယ်လောက်လဲ၊ လောင်စာဆီဝယ်ယူမှုအတွက် နိုင်ငံခြားငွေ ဘယ်က စီးဆင်းသလဲ၊ လောင်စာစျေးနှုန်း အတက်အကျဖြစ်ပေါ်မှုဟာ ဘယ်ကိန်းရှင်တွေက အမှီပြုသလဲ၊ လောင်စာဆီစျေးကွက်ကို ဘယ်လိုလုပ်ငန်းတွေက ကြီးစိုးထားသလဲ၊ လောင်စာစျေးနှုန်းအပေါ် အစိုးရ ဘယ်လိုထိန်းချုပ်ကိုင်တွယ်သလဲ၊ လောင်စာကြောင့် အထွေထွေ စျေးနှုန်းအတက်အကျအပေါ် ဘယ်လောက်ထိ သက်ရောက်သလဲ၊ ဘယ်အချိန်မှာသက်ရောက်သလဲ စတဲ့ သုတေသနအချက်အလက်တွေကို စပြီး စုစည်းတည်ဆောက်သင့်ပါတယ်။ ဒီအချက်အလက်တွေအပေါ် အမှီပြုပြီး လောင်စာဆီသုံးစွဲမှု လျှော့ချရေးနည်းလမ်းများ၊ အော်လီဂါချီကို စျေးကွက်ကိုပြုပြင်ဖို့နည်းလမ်းများ၊ စျေးနှုန်းဆိုင်ရာကူရှင်ခံမှုနည်းလမ်းများ၊ လောင်စာဆီဆိုင်ရာ အစိုးရ ပံ့ပိုးမှုနည်းလမ်းများကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

နို့ပေမဲ့လည်း သာမန်လူတစ်ယောက်အနေနဲ့ ဒီအချက်အလက်တွေ လက်လှမ်းမီသိရှိဖို့တော့ အတော်အတန်အားနည်းပါတယ်။ ဒီလိုအချက်အလက်အားနည်းခြင်းကြောင့် လောင်စာစျေးနှုန်းအတက် အကျဒဏ်ကို ပြည်သူတွေ ခံကြရတာ ဖြစ်ပါတယ်။ လောင်စာစျေးကွက်၊ လောင်စာစျေးနှုန်း၊ လောင်စာစား သုံးမှုနဲ့ပတ်သက်ပြီး ဘယ်သုတေသန အင်စတီကျူးရှင်းတွေကိုယ်တိုင် ထုတ်ပြန်ပြီး အများပြည်သူသိရှိအောင် မဆောင်ရွက်နိုင်ကြသေးပါဘူး။ မြန်မာနိုင်ငံမှာ စျေးကွက်နဲ့ပတ်သက်ပြီး သုတေသနပြု၊ အစီရင်ခံစာတွေ ထုတ်ပြန်၊ စျေးကွက်ရဲ့လားရာ၊ ထုတ်ကုန်အခွင့်အလမ်းများနဲ့ပတ်သက်ပြီး အင်စတီကျူးရှင်းတွေ ခိုင်ခိုင်မာမာ မရှိသေးတာဟာ အတော်ဝမ်းနည်းဖွယ်ကောင်းနေပါတယ်။

Proactive

ဒါကြောင့် သတင်းအချက်မပြည့်စုံမှု၊ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက် ဖော်ထုတ်တင်ပြမှု အားနည်းချက်တွေကြောင့် စျေးကွက် ကမောက်ကမ၊ စျေးကွက်လက်ဝါးကြီးအုပ်မှုတွေ ခံနေရခြင်းဖြစ်ပါတယ်။ အစိုးရအဆက်ဆက်ကလည်း လောင်စာဆီစျေးကွက်အပါအဝင်၊ အော်လီဂါချီစျေးကွက်ဖြစ်ပေါ်နေမှုနဲ့ပတ်သက်ပြီး ဘယ်လိုပေါ်လစီ ချမှတ်ဆောင်ရွက်မယ်၊ မဟာဗျူဟာအရ ကိုင်တွယ်မယ်၊ စျေးကွက်ကို တည့်မတ်ပေးမယ်ဆိုတဲ့ ပေါ်လစီဆိုင်ရာ ကိုင်တွယ်ဆောင်ရွက်ရမယ့် နိုင်ငံရေးစိတ်ဆန္ဒ ထင်ထင်ရှားရှား ရှိပုံလည်း မပေါ်ခဲ့ပါဘူး။ ဒါကြောင့် စျေးကွက်က ဘာလဲ၊ အချက်အလက် ကိန်းရှင်က ဘာလဲ၊ အင်စတီကျူးရှင်း ပံပိုးမှုက ဘာလဲ၊ ရေတိုရေရှည်ကု စားမှုနဲ့ ကြိုတင်ကိုင်တွယ်ရမှာ ဖြစ်တယ်လို့ အကြံပြုလိုပါတယ်။

ဒီလိုသုတေသန၊ ကိန်းဂဏန်း၊ မှတ်တမ်းမှတ်ရာတွေ၊ စျေးကွက်၊ စျေးနှုန်း စတဲ့ မူဝါဒဆိုင်ရာအချက် အလက်တွေမသိရှိဘဲ ပေါ်လစီတစ်ခု ချမှတ်ရမယ်ဆိုတာတော့ အတော့်ကို ခက်ခဲသွားခဲ့ပြီး အခုချိန်အထိ လောင်စာပြဿနာရဲ့ နောက်ဆက်တွဲဒဏ်တွေကို ခံစားနေရခြင်းဖြစ်ပါတယ်။ ပေါ်စလီ ဘယ်လိုချရမလဲ ဆိုတာမသိရင် နည်းဗျူဟာအပေါ် တွက်ချက်ဖို့ အားနည်းပါတယ်။ ဒီအချက်အလက်တွေသာသိခဲ့ရင် လက်ရှိ လောင်စာပေါ်လစီချမှတ်နိုင်မှုအပေါ် အထောက်အကူပြုပါလိမ့်မယ်။

Most Read

Most Recent