သေဆုံးမှုနှုန်း နည်းပါးသော်လည်း ကူးစက်မှုနှုန်း မြင့်တက်နေဆဲ အိုမီခရွန်

သေဆုံးမှုနှုန်း နည်းပါးသော်လည်း ကူးစက်မှုနှုန်း မြင့်တက်နေဆဲ အိုမီခရွန်
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း သွားလာနေသော လူမှုကူညီရေးအသင်းအဖွဲ့ယာဉ်တစ်စီးကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - သီဟအောင်)
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း သွားလာနေသော လူမှုကူညီရေးအသင်းအဖွဲ့ယာဉ်တစ်စီးကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - သီဟအောင်)
Published 27 February 2022
ပြည့်ဖြိုးအောင်

လက်ရှိ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ပျ့ံနှံ့နေချိန်အတွင်း မြန်မာနိုင်ငံတွင် နေ့အလိုက် ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ အရှိန်အဟုန်ဖြင့် မြင့်တက်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ ကိုဗစ်စတုတ္ထလှိုင်း စတင်ဖြစ်ပွားစေခဲ့သော အိုမီခရွန်သည် ကမ္ဘာ့တစ်ဝန်းရှိ နိုင်ငံဒေသများတွင်လည်း ကူးစက်ပျံ့နှံ့မှု အားကောင်းနေဆဲဖြစ်ပြီး ကာကွယ်ဆေးအပြည့်အဝထိုးနှံထားမှုက မပြင်းထန်သည့် ရောဂါလက္ခဏာနှင့် သေဆုံးမှု လျော့ကျနေသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး လွှမ်းခြုံမှု အထိုက်အလျောက် ထိုးနှံထားပြီး အိုမီခရွန် ရောဂါပိုးကူးစက်မှုများ မြင့်တက်နေသော်လည်း ရောဂါလက္ခဏာပြင်းထန်ခြင်းနှင့် သေဆုံးမှုမှာ ဒယ်လ်တာရောဂါပိုးထက် လျော့ကျနေကြောင်း တွေ့ရှိရသည်။

ပိုးတွေ့ရှိမှု အရှိန်မြင့်လာသည့် အိုမီခရွန်

ကမ္ဘာပေါ်တွင် လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှုအားလုံး၏ ၉၈ ဒသမ ၃ ရာခိုင်နှုန်းသည် အိုမီခရွန်ဖြစ်ပြီး ကျန် ၁ ဒသမ ၇ ရာခိုင်နှုန်းသည် ဒယ်လ်တာဖြစ်ကြောင်း WHO GISAID ၏ ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် အိုမီခရွန် ရောဂါပိုး ပြည်တွင်းကူးစက်မှုဖြစ်ပေါ်လာချိန်မှစပြီး ပိုးတွေ့ရှိမှု နေ့အလိုက် တရိပ်ရိပ်မြင့်တက်လာကာ ဖေဖော်ဝါရီ ၂၅ ရက်တွင် ရောဂါပိုးတွေ့ရှိအနေဖြင့် ၁၂ ရာခိုင်နှုန်းအထက် ရောက်ရှိလာပြီဖြစ်သည်။

ကိုဗစ်စတုတ္ထလှိုင်း စတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းကျော် တွေ့ရှိခဲ့ပြီးနောက် ရက်သတ္တပတ် နှစ်ပတ်အကျော် ဖေဖော်ဝါရီ ၂၅ ရက်၌ ပိုးတွေ့ရှိမှု ၁၂ ရာခိုင်နှုန်းအထိ ကူးစက်မှုမြင့်တက်လာခဲ့သည်။

ဖေဖော်ဝါလအတွင်း ပိုးတွေ့ရှိမှု မြင့်တက်မှုအနေဖြင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ၅ ဒသမ ၃၈ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၁၂ ရက်တွင်  ၇ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် ၇ ဒသမ ၀၆ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် ၆ ဒသမ ၆၄ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ  ၁၅ ရက်တွင် ၈ ဒသမ ၀၂ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် ၈ ဒသမ ၉၈ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ၈ ဒသမ ၄၆ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ  ၁၈ ရက်တွင် ၉ ဒသမ ၃ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ၁၀ ဒသမ ၀၃ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၂၀ ရက် တွင် ၈ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် ၁၀ ဒသမ ၁၇ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၁၀ ဒသမ ၇၇ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် ၁၀ ဒသမ ၇၉ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ၁၀ ဒသမ ၃၁ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် ၁၂ ဒသမ ၄၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ပိုးတွေ့ရှိမှုမှာ ကျန်းမာရေးဝန်ကြီးဌာန၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုအရ ရရှိခဲ့သည့် ရာခိုင်နှုန်းသာ ဖြစ်ပြီး ပြည်သူလူထုအတွင်း မပြင်းထန်သည့် ရောဂါလက္ခဏာများ ခံစားရသူအများအပြားရှိပြီး ကိုဗစ် ရောဂါပိုး ဟုတ်၊ မဟုတ် မစစ်ဆေးသူ များစွာရှိနေကြောင်းကို လူမှုကူညီရေး ဆောင်ရွက်ပေးသည့်အဖွဲ့အစည်းများထံမှ သိရသည်။

သေဆုံးမှုအနေဖြင့် ဖေဖော်ဝါရီ ၁၄ ရက် တစ်ဦး၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် သုံးဦး၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် လေးဦး၊ ဖေဖော်ဝါရီ ၁၇ ရက်တွင်တစ်ဦး၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် သုံးဦး၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ငါးဦး၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် လေးဦး၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် ခုနစ်ဦး၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ခြောက်ဦး၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် ငါးဦး၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် လေးဦး၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် သုံးဦး စုစုပေါင်းသေဆုံးသူ ၄၆ ဦး ရှိခဲ့ကြောင်း သိရသည်။

ဒယ်လ်တာ ရောဂါပိုးကြောင့် အပြင်းအထန်ခံစားခဲ့ရသည့် ကိုဗစ်တတိယလှိုင်းကို ထိန်းချုပ်ထားနိုင်သော အနေအထားရှိသည့်  ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် ပိုးတွေ့ရှိမှု တစ်ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းကျော်သာ ရှိသော်လည်း တစ်လအတွင်း သေဆုံးသူ စုစုပေါင်း ၄၀၇ ဦးအထိ ရှိခဲ့သည်။

ဒယ်လ်တာနှင့် အိုမီခရွန်ကို နှိုင်းယှဉ်ကြည့်ပါက ဒယ်လ်တာရောဂါပိုး ကူးစက်မြန်ပြီး အပြင်းအထန် ရောဂါလက္ခဏာနှင့် သေဆုံးမှု ဖြစ်စေပြီး အိုမီခရွန်ရောဂါပိုးမှာ ရောဂါလက္ခဏာ မပြင်းထန်သော်လည်း ကူးစက်မှုတွင် ဒယ်လ်တာထက် လေးဆကျော် ပိုမိုမြန်ဆန်ပြီး ကာကွယ်ဆေး မထိုးထားသူများနှင့် ရောဂါအခံရှိသူများတွင် သေဆုံးနိုင်စေသည်။

ကိုဗစ် စတုတ္ထလှိုင်းနှင့် ကာကွယ်ဆေးထိုးနှံထားခြင်း အရေးကြီးမှု

အိုမီခရွန်ရောဂါပိုး စံချိန်တင် ကူးစက်မှုမြင့်တက်နေသည့် တောင်ကိုရီးယားနိုင်ငံ၌ ကိုရီးယားရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အေဂျင်စီ (KDCA) ၏သုတေသနတစ်ရပ်အရ အိုမီခရွန်မျိုးကွဲ၏ ရောဂါ ပြင်းထန်မှုနှုန်း သုည ဒသမ ၃၈ ရာခိုင်နှုန်းနှင့်သေဆုံးမှုနှုန်း သုည ဒသမ ၁၈ ရာခိုင်နှုန်းအသီးသီးစီရှိပြီး ဒယ်တာမျိုးကွဲ၏ ရောဂါ ပြင်းထန်မှုနှုန်း ၁ ဒသမ၄ ရာခိုင်နှုန်းနှင့် သေဆုံးမှုနှုန်းနှင့် သုည ဒသမ ၇ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် များစွာ လျော့နည်းသည်ဟု ဆိုသည်။

လွန်ခဲ့သည့် သီတင်းပတ်ငါးပတ်ကျော်က သေဆုံးခဲ့သော လူ ၁၀၇၃ ဦးတွင် ၅၆ ရာခိုင်နှုန်း နီးပါးသည် ကာကွယ်ဆေးထိုးနှံရခြင်း မရှိသေးသူများ သို့မဟုတ် ကာကွယ်ဆေးကို တစ်လုံးတည်းသာ ထိုးနှံရသေးသူများဖြစ်ကြောင်း ယင်းသုတေသနတွင် ဖော်ပြထားသည်။

ထို့ပြင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူများ၏ ၉၄ ရာခိုင်နှုန်းသည် အသက် ၆၀ သို့မဟုတ် ၆၀ အထက် အရွယ်များဖြစ်သည်ဟုလည်း တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ် စတုတ္ထလှိုင်း ဖြစ်ပွားနေချိန်တွင် ရောဂါကြောင့် သေဆုံးရ မှုများကို သုံးသပ်ချက်များအရ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံမှုခံယူထားပါက သေဆုံးသည့်နှုန်း သိသာစွာ လျော့ကျသည်ကို တွေ့ရှိရ၍ ကာကွယ်ဆေးထိုးနှံမှုများကို ဆက်လက်အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက အကြိမ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံပိတ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေးများ ဝယ်ယူမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အမေရိကန်ဒေါ်လာ ၂၇၆ ဒသမ ၆၄ သန်း သုံးစွဲခဲ့ပြီး မိတ်ဆွေနိုင်ငံများ လှူဒါန်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၁၂ သန်း လှူဒါန်းခဲ့၍ကာကွယ်ဆေးဝယ်ယူမှုမှ ၄၅ သန်း Doses ၊ လှူဒါန်းမှု မှ ၁၇ သန်း Doses ၊ စုစုပေါင်း ၆၂ သန်း Doses ရရှိပြီးဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်း ထုတ်လုပ်မှုမှ ရရှိလာမည့် ကာကွယ်ဆေးများကိုလည်း ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

လက်ရှိ စတုတ္ထလှိုင်းအစမှာပင် သေဆုံးသူ ၄၃ ဦးအနက် ၃၈ ဦးမှာ ကာကွယ်ဆေး မထိုးထားသော အသက် ၆၀ ကျော်ဖြစ်သည့်အတွက် ၈၈ ရာခိုင်နှုန်းကျော်ရှိနေသောကြောင့် သတိပြုရန် ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာခင်ခင်ကြီးက ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖေဖော်ဝါရီ ၂၅ ရက်က ရေးသားခဲ့သည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ၄၅ သန်း Doses ထိုးနှံပြီးဖြစ်၍ ထိုးနှံရမည့် မြေပြင်ရှိ လူဦးရေ၏ ရာခိုင်နှုန်း ၆၀ ကျော်ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများကို ဦးတည်ဦးစားအုပ်စားပေးအလိုက် ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီ၂၃ ရက်အထိ ကာကွယ်ဆေး နှစ်ကြိမ်ပြည့်ထိုးနှံပြီးစီးသည့် လူဦးရေ ၂၀၇၆၈၃၃၅ (၂၀ ဒသမ ၇၆ သန်း)၊ တစ်ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ ၂၆၇၁၈၁၂ (၂ ဒသမ ၆၇ သန်း)၊ ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း ၂၃၄၄၀၁၄၇ (၂၃ဒသမ ၄၄ သန်း) နှင့် ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၄၄၂၀ ၈၄၈၂ ( ၄၄ဒသမ ၂၀ ) သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ရုရှားနိုင်ငံမှ လှူဒါန်းသည့် တစ်ကြိမ်သာ ထိုးရန်လိုအပ်သည့် ရုရှားနိုင်ငံထုတ် Sputnik Light COVID-19 ကာကွယ်ဆေးကို ရန်ကုန်တိုင်းဒေသကြီး အပါအဝင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကာကွယ်ဆေးလွှမ်းခြုံမှုနည်းပါးသည့် မြို့နယ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း၊ အဆိုပါ Sputnik Light ကာကွယ်ဆေးသည် တစ်ကြိမ်သာထိုးနှံရန်လိုအပ်ပြီး ရောဂါကာကွယ်မှုနှုန်း ကောင်းမွန်သည့် ကာကွယ်ဆေးဖြစ်သည့်အတွက် COVID-19 ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုကို အချိန်တိုအတွင်း မြင့်မားစွာ ရရှိစေနိုင်ကြောင်း သိရသည်။

လက်ရှိတွင်  အသက် ၆၅ နှစ်အထက် အသက်အရွယ်ရှိသူများအား COVID-19 ရောဂါကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းကဲ့သို့ ထိုးနှံရာတွင် ကူးစက်နိုင်သည့် အုပ်စု၊ ကူးစက်ပါက ပြင်းပြင်းထန်ထန်ခံစားရနိုင်သည့် အသက်အရွယ်ကြီးသူများ၊ ရောဂါ အခံရှိသူများကို ဦးစားပေးထိုးနှံခြင်း ဖြစ်ပြီး တတိယအကြိမ် (Booster Dose) ထိုးနှံခြင်းကိုလည်း တဖြည်းဖြည်း တိုးမြှင့်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အိုမီခရွန်သည် ရောဂါလက္ခဏာမပြဘဲ ကူးစက်နိုင်ပြီး မပြင်းထန်သော COVID-19 အခြေအနေမှ ပြင်းထန်သော ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့အထိ ဖြစ်စေနိုင်ပြီး အသက်အရွယ်ကြီးသူများ၊ ရောဂါအခံရှိသူများနှင့် ကာကွယ်ဆေး မထိုးနှံရသေးသူများမှာ ရောဂါ ပိုးကူးစက်ခံရနိုင်သည့် အန္တရာယ် ပိုမိုမြင့်မားနိုင်သည်။

ကမ္ဘာ့ကျန်းမာအဖွဲ့၏ လမ်းညွန်ချက်များဖြစ်သည့် လူထူထပ်သောနေရာ၊ လူအများနှင့်အနီးကပ် နေထိုင်ပြောဆိုခြင်း၊ လေဝင်လေထွက်မကောင်းသော နေရာကို ရှောင်ကြဉ်ရန်လိုအပ်ပြီး လက်ဆေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့်တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းများကို လိုက်နာရန် စသည့် ရောဂါကာကွယ်ရေး လုပ်ဆောင်မှုများကို လိုအပ်မည် ဖြစ်သည်။

အိုမီခရွန်ရောဂါပိုးသည် မပြင်းထန်သော ရောဂါလက္ခဏာရှိသည့် သာမန် နှာစေး၊ ချောင်းဆိုး ရာသီ တုပ်ကွေးမဟုတ်သဖြင့် ပေါ့ဆ၍ မရသည့် ရောဂါပိုးဖြစ်သည်။ ထို့ပြင် ပြည်သူလူထုအကြား အလွန်လျင်မြန်စွာ ကူးစက်နိုင်သောကြောင့် ကာကွယ်ဆေး ထိုးနှံခွင့်ရရှိလာပါက ချက်ချင်းသွားရောက် ထိုးနှံပြီး ကိုဗစ် စည်းကမ်းများကို တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ အထူးဂရုပြုလုပ်ဆောင်သင့်သည်။

Most Read

Most Recent